ဇူလိုင် ၂၁ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကိုဗစ်-၁၉ ကူးစက်မှု မြင့်မားလာသောကြောင့် ရောဂါထိန်းချုပ်ကာကွယ်သည့်အနေဖြင့် ကရင်ပြည်နယ် ဖားအံမြို့ တွင် Stay at Home အဖြစ် သတ်မှတ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးက ထုတ်ပေးသည့် နေအိမ်ပြင်ထွက်ခွင့်လက်မှတ်ပါရှိမှသာ အပြင်ထွက်ခွင့်ပေးသည်ဟု သိရသည်။
ဖားအံမြို့တွင် ဇူလိုင်လ ၂ဝ ရက်နေ့မှစတင်၍ နေအိမ်ပြင်ပ ထွက်ခွာခွင့်လက်မှတ်များကို သက်ဆိုင်ရာ ရပ် ကွက်အုပ်ချုပ်ရေးမှူးရုံးမှ အိမ်ထောင်စုတစ်စုလျှင် အပြင်ထွက်ခွင့်လက်မှတ်တစ်ခုထုတ်ပေးထားကာ လက်မှတ် မပါဘဲအပြင် ထွက်သွားလာသူများကို တွေ့ရှိပါက အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ကြေညာထားသည်။
ဖားအံမြို့အမှတ်(၉)ရပ်ကွက်မှ ပြည်သူတစ်ဦးက“ ဒီအချိန်မှာ အရေးမကြီးရင် ဘယ်သူမှတော့ အပြင်မထွက် ပါ ဘူး။ ကဒ်က တစ်အိမ်ကိုတစ်ယောက်ပဲ ထွက်ရတော့ ဘယ်လောက်ပဲအရေးကြီးကြီး တစ်ယောက်က အပြင်ထွက် သွားပြီးဆိုရင် အိမ်ပြန်မရောက်မချင်း နောက်တစ်ယောက် ထွက်ခွင့်မရတော့ဘူး။ ကဒ်မပါဘဲ သွားလာသူတွေကို တကယ်လို့အရေးယူမယ်ဆိုရင် တင်းတင်းကြပ်ကြပ်လုပ်ပေါ့။ ”ဟု ကေအိုင်စီသို့ ပြောသည်။
လက်ရှိအချိန်တွင် ဖားအံမြို့ပေါ်ရှိ ရပ်ကွက်တိုင်းတွင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ အိမ်ပြင် ထွက်ခွင့် လက်မှတ်ထုတ်ပေးသော်လည်း နေအိမ်အားလုံး လက်မှတ်မရရှိသေးကြောင်း ရပ်ကွက်နေ ပြည်သူများ၏ ပြောဆို ချက်ရ သိရသည်။
မြို့ပေါ်ရှိ ရပ်ကွက်နေပြည်သူများသည် နေအိမ်ပြင်ပထွက်ခွင့်လက်မှတ်နှင့်အပြင်ထွက်ခွင့်ရသော်လည်း ကျေးရွာရှိ နေထိုင်သည့်သူများကို အလားတူလက်မှတ်ထုတ်ပေးခြင်းမရှိသောကြောင့် စားဝတ်နေရေးအတွက် မြို့ပေါ်သို့ သွားလာရန် လိုအပ်ပါက ကျေးရွာအုပ်ချုပ်ရေးမှူးထံ တစ်ရက်စာထောက်ခံစာယူပြီး သွားလာနေကြရသည်ဟု သိရှိရသည်။
လတ်တလောတွင် ဖားအံမြို့အပြင် မြဝတီနှင့် ကော့ကရိတ် မြို့တွင်လည်း စစ်ကောင်စီရပ်ကွက်အုပ်ချုပ်ရေး မှူးရုံးမှ ထုတ်ပေးထားသည့် အိမ်အပြင်ထွက်ခွင့်လက်မှတ်ဖြင့် နံနက်ပိုင်းအချိန်သာ အပြင်ထွက်ခွင့်ရပြီး လမ်းပေါ်တွင် ရှောင်တခင်စစ်ဆေးမှုများလည်းရှိသည်ဟု ကော့ကရိတ်မြို့နေသူတစ်ဦးက ပြောဆိုသည်။
Stay at home အကျုံးဝင်သည့်ပြည်သူများသည် အပြင်ထွက်ဈေးဝယ်ပါက တစ်အိမ်လျှင်တစ်ဦးသာ သွားရန်နှင့် ဆေးရုံဆေးခန်းသွားရန်လိုအပ်ပါက နှစ်ဦးသာသွားရန် စသည့် စည်းကမ်းချက်ထုတ်ပြန်ထားခြင်းရှိသလို ထို Stay at home အကျုံးဝင်သူများထဲတွင် အစိုးရဌာန၊ အဖွဲ့အစည်းများ၊ ကုမ္ပဏီ၊ စက်ရုံအလုပ်ရုံများ၌ တာဝန်ထမ်း ဆောင်ရန် သွားရောက်သူများမပါဝင်ကြောင်း ဖားအံမြို့နယ် စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ကရင်ပြည်နယ်ရှိ မြို့နယ် ၇မြို့နယ်လုံးတွင် ကိုဗစ်ရောဂါကူးစက်မှု မြင့်မားလျက်ရှိရာ ဇွန်လ ၂၈ရက်မှ ဇူလိုင်လ ၂ဝရက်နေ့အထိ ကိုဗစ်ကူးစက်ခံရသူ နှစ်ထောင်ဝန်းကျင်ရှိပြီး သေဆုံးသူ စုစုပေါင်း ၄ဝ ကျော်ရှိသည်ဟု စစ်ကောင်စီထိန်းချုပ်ထားသည့် ကျန်းမာရေးဌာနနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် စာရင်းအရ သိရသည်။



















