Home သတင်း ကရင်ပြည်နယ်ရှိ ‌ဆေးဆိုင်များတွင် ‌ဆေးဝါးပြတ်လပ်မှု ကြုံ‌နေရ

ကရင်ပြည်နယ်ရှိ ‌ဆေးဆိုင်များတွင် ‌ဆေးဝါးပြတ်လပ်မှု ကြုံ‌နေရ

2594

ဇူလိုင် ၂၁ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကိုဗစ်ကပ်‌ရောဂါ ကူးစက်မှု မြင့်မားလာသည်နှင့်အမျှ ကရင်ပြည်နယ်ရှိ ‌ဆေးဝါး‌ရောင်းချသည့် ‌ဆေးဆိုင်များတွင် ဇူလိုင်လ ၁၅ရက်‌နေ့မှစ၍ ယ‌နေ့အချိန်အထိ ‌ဆေးဝါးပြတ်လပ်မှုများနှင့် ကြုံ‌တွေ့လျက်ရှိသည်ဟု ‌ဆေးဝါး‌ရောင်းချသူ များထံမှ သိရှိရသည်။

Covid-19 တတိယလိုင်းကူးစက်မှု မြင့်မားမှုကို ကြုံ‌တွေ့‌နေရသည့် ပြည်သူများအ‌နေဖြင့် ‌ဆေးဆိုင်များပိတ်မည်ကို စိုးရိမ်ကြ၍ မလိုအပ်ဘဲ ‌ဆေးကြိုတင်ဝယ်ယူမှုများနှင့် ‌ဆေးဝါးဖြန့်ဖြူးသည့် ကုမ္ပဏီများမှာလည်း ‌ဆေးဝါးဖြန့်ဖြူးမှု ရပ်ဆိုင်းထားခြင်း‌ကြောင့် ‌ဆေးဝါးပြတ်လပ်သည့်ပြဿနာနှင့် ကြုံ‌တွေ့ရခြင်းဖြစ်သည်ဟု ဖားအံမြို့‌နေ ‌ဆေးဝါး‌ရောင်း ချသူ နန်းခင်လင်းက ယခုလို ‌ပြောသည်။

၎င်းက “‌ဆေးက ‌တော်‌တော်များများကို ကုန်‌နေတာ။ ပိုးသတ်‌ဆေး‌တွေ‌ကော၊ ပါရာစီတ‌မော၊ စီဗစ် အား‌ဆေး‌တွေ‌ပေါ့။ အထူးသဖြင့်‌တော့ ဗီတာမင်စီနဲ့ပါတာ‌ပေါ့။ တချို့မလိုအပ်တဲ့‌ဆေး‌တွေပါ သူတို့ဝယ်ကြတယ်‌ပေါ့။ တချို့ကျ‌တော့လည်း မဖြစ်ဘဲနဲ့ ကြိုဝယ်‌သောက်ထားတာ‌တွေရှိတယ်။ အဲ့လိုမျိုး‌ပေါ့‌နော်။ အဲ့လိုမျိုးဆို‌တော့ အဆင်မ‌ပြေဘူး‌ပေါ့‌နော်။ ‌ဆေး ‌တွေကလည်း ကုမ္ပဏီ‌တွေပိတ်တဲ့အတွက် မှာလို့မရဘူး။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

Covid-19 ‌ရောဂါကာကွယ်‌ရေးနှင့် ကုသ‌ရေးဆိုင်ရာ ‌ဆေးဝါးနှင့် ‌ဆေးကိရိယာပစ္စည်းများ တင်သွင်းခွင့်ကို ရပ်ဆိုင်းထား ရန် စစ်‌ကောင်စီမှ ပြီးခဲ့သည့် ဇူလိုင်လ ၇ရက်‌နေ့တွင် ညွှန်ကြားထားသည်ဆိုသည့် ‌ကောလဟလသတင်း ထွက်‌ပေါ်မှု များ‌ကြောင့်လည်း ‌ဆေးဝါးကုမ္ပဏီများအ‌နေဖြင့် ‌ဆေးဝါးဖြန့်ဖြူးမှုကို ရပ်ဆိုင်းထား‌ကြောင်း သိရှိရသည်။

ကရင်ပြည်နယ်ရှိ ‌ဆေးဆိုင်များတွင် ကုသ‌ရေးအတွက် လိုအပ်သည့် ‌ဆေးဝါးများအချို့ ပြတ်လပ်မှု‌ကြောင့် ပုဂ္ဂလိက ‌ဆေးဆိုင်၊ ‌ဆေးခန်းများ ပိတ်ထားရသည့်အ‌ခြေအ‌နေတွင် ရှိသည်ဟုလည်း ‌ဆေးဝါး‌ရောင်းချသူများထံမှ သိရှိရသည်။

ထို့အပြင် ပြည်သူလူထုမှာ Covid-19 ‌ရောဂါကူးစက်မှုပြဿနာနှင့် ရင်ဆိုင်ကြုံ‌တွေ့‌နေရသလို ယခုအချိန်တွင် မိုးရာသီ ဖြစ်သည့်အတွက် ရာသီအလိုက်ဖြစ်ပွားသည့် တုပ်‌ကွေး‌ရောဂါကိုလည်း မိသားစုအလိုက် ရင်ဆိုင်ရလျက်ရှိပြီး အချို့မှာ မိမိတို့ ‌နေအိမ်အတွင်း၌သာ ‌ဆေးကုသမှုများ ခံယူကုသ‌နေရသည်။

အမည်မ‌ဖော်လိုသူ ‌ကော့ကရိတ်မြို့ခံတစ်ဦးက “အခု ‌ဆေးဆိုင်‌တွေ ပိတ်ကြတယ်။ အခုကလည်း ဒီမှာ ‌ပေးထွက်တာ က မနက် ၆နာရီက‌နေ မနက် ၈နာရီအထိပဲ ‌ပေးထွက်တယ်။ ‌ဆေးတချို့လည်း ဝယ်ရခက်တယ်။ ‌ဈေးကလည်း ကြီး တယ်။ အခုက အသိဆရာဝန်ကိုပဲ ဖုန်းဆက်ပြီး ကု‌နေတာ။”ဟု ‌ပြောသည်။

ထိုသို့ ‌ဆေးဝါးပြတ်လပ်မှုများကြားက ကိုဗစ်ကူးစက်မှု မြင့်တက်လာခြင်းနှင့်အတူ ရာသီတုပ်‌ကွေး ဖြစ်ပွားမှု များလာ သည့်အတွက် ပြည်နယ်အတွင်းရှိ ပြင်ပ‌ဆေးခန်းအချို့လည်း ပိတ်ထားကြပြီး ပြင်ပ‌ဆေးဆိုင်များတွင်လည်း ‌ဆေးဝါး ‌ဈေးနှုန်းများ မြင့်တက်လာသည့်အ‌ခြေအ‌နေနှင့် ကြုံ‌တွေ့‌နေရသည်ဟု ‌ပြောဆို‌နေကြသည်များလည်း ရှိသည်။

ဇူလိုင်လ ၁၈ရက်‌နေ့တွင် ‌ဆေးဝါးနှင့်‌ဆေးပစ္စည်းများ လက်လီ/ လက်ကား ‌ရောင်းချ‌နေသည့် ‌ဈေးဆိုင်များအ‌နေဖြင့် သုံးစွဲသူပြည်သူများအတွက် လိုအပ်သည့် ‌ဆေးဝါးများနှင့် ‌ဆေးပစ္စည်းများ ပြတ်‌တောက်မှုမရှိ‌စေရန် ‌ဆေးဆိုင်များကို ပုံမှန်အတိုင်း ဖွင့်လှစ်‌ရောင်းချထားရန် စစ်‌ကောင်စီက ထုတ်ပြန်ထား‌ကြောင်းလည်း သိရှိရသည်။

ပြီးခဲ့သည့် ဇွန်လ‌နောက်ဆုံးအပတ်မှစ၍ စစ်‌ကောင်စီ၏ ကိုဗစ်ကူးစက်ခံရမှု ‌နေ့စဉ် ထုတ်ပြန်ချက်အရ ကရင်ပြည်နယ် တွင် ကိုဗစ်‌ရောဂါကူးစက်ခံရသူမှာ ၂၀၀ဝနီးပါးနှင့် ‌သေဆုံးသူများမှာ ၄၁ဦးဖြစ်‌သော်လည်း ‌မြေပြင်အ‌ခြေအ‌နေတွင် ကိုဗစ်‌ရောဂါကူးစက်ခံရသူမှာ ၎င်းအ‌ရေအတွက်ထက် ပိုများနိုင်သည်ဟု လူမှုကယ်ဆယ်‌ရေးအဖွဲ့များထံမှ သိရှိရသည်။