ဇူလိုင်လ ၂၁ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ရန်ကုန်မြို့တွင် ကိုဗစ် ရောဂါ ကုသမှု ခံယူနေသည့် ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်-DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမိုရှေး ယနေ့ ဇူလိုင်လ ၂၁ ရက်နေ့ ညနေပိုင်းတွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း DKBA နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
ကိုဗစ်ကူးစက်ခံရမှုကြောင့် ရန်ကုန်မြို့ မဂင်္လာဒုံ စစ်ဆေးရုံရှိ အသည်းရောဂါ အထူးကုတွင် ဆေးကုသမှု ခံယူနေရ သည့် ဗိုလ်ချုပ်ကြီး စောမိုရှေးသည် ယနေ့ ညနေ ၄ နာရီ မိနစ် ၄ဝ တွင် ကွယ်လွန်သွားပြီ ဖြစ်ကြောင်း ၎င်း နှင့် နီးစပ်သူ တစ်ဦးက ယခုလိုပြောသည်။
၎င်းက “သေချာပါပြီး ဆုံးသွားတာ။ ၄ နာရီ ၄ဝမှာ ရန်ကုန် မဂင်္လာဒုံ အသည်း အထူးကု ဆေးရုံကြီးမှာ ဆုံးသွား တာ။” ဟု ကေအိုင်စီသို့ ပြောသည်။
ရန်ကုန်မြို့ မဂင်္လာဒုံ စစ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေစဉ် ကနဦး ထွက်ပေါ်လာသည့် သတင်းအများအရ ကွယ်လွန် သွားပြီးဟု ဆိုသော်လည်း ၎င်းမှာ သတင်းအမှားသာဖြစ်ကြောင်း နီးစပ်သူများက တုံ့ပြန် ပြောဆိုသော် လည်း ယခုတွင် အမှန်တကယ် ကွယ်လွန်သွားပြီးဖြစ်ကြောင်း ပြန်လည် အတည်ပြုပြောဆို သည်။
DKBA မှ တာဝန်ရှိသူ တစ်ဦးက “ပထမတုန်းကတော့ အမျိုးမျိုး ကျနော်တို့လည်း ကြားရတယ်။ အခုကတော့ ကျနော့်ဆီကို အသံဖိုင်နဲ့ ပို့လာတယ်။ အဖူးက ၄နာရီ မိနစ် ၄ဝ မှာ ဆုံးသွားပြီးဆိုပြီးတော့ ပြောလာတယ်။” ဟု ကေအိုင်စီသို့ပြောသည်။
ကနဦး ထွက်ပေါ်လာသည့် သတင်းများအရ ယနေ့ မွန်းလွဲပိုင်အချိန်ခန့်က ဗိုလ်ချုပ်ကြီး စောမိုရှေးမှာ ကွယ်လွန် သွား ပြီးဖြစ်ကြောင်း ရေးသားဖော်ပြမှုများရှိသော်လည်း နီးစပ်သူများက ရောဂါ အခြေအနေ ပြန်လည် တိုးတက်ကောင်းမွန်လာကြောင်း ပြန်လည် ပြောဆိုခဲ့ကြခြင်းဖြစ်သည်။
ဗိုလ်ချုပ်ကြီး စောမိုရှေး အနေဖြင့် ယခုလဆန်းပိုင်းလောက်က ကိုဗစ်ကူးစက်ခံခဲ့ရပြီး ရန်ကုန်မြို့ မဂင်္လဒုံ စစ်ဆေးရုံတွင် သွားရောက်ဆေးဝါးကုသမှု ခံယူနေသည်မှာ ၁ဝ ရက်နီးပါး ရှိနေပြီးဖြစ်ကြောင်း နှင့် ၎င်းတွင်အခြားသော ရောဂါဝေဒနာ အခံများလည်းရှိနေကြောင်း နီးစပ်သူများကဆိုပြီး ကွယ်လွန်ချိန်တွင် အသက် ၅၃ နှစ်ရှိပြီးဖြစ်ကြောင်းသိရသည်။
DKBA သည် ၁၉၉၄ ခုနှစ်တွင် မိခင် ကရင်အမျိုးအသားအစည်းအရုံး-KNUမှ ခွဲထွက်၍ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော်-DKBA အနေဖြင့် ရပ်တည်ခဲ့ပြီးနောက် ၂၀၁ဝခုနှစ်တွင် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို လက်မခံခဲ့သည့် ဗိုလ်ချုပ်ကြီး စောလားပွယ် မှ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်( DKBA)အနေဖြင့် ထပ်မံ ခွဲထွက်ရပ်တည်ခဲ့သည်။
ဗိုလ်ချုပ်ကြီး စောလားပွယ် ကွယ်လွန်ပြီးနောက် သူ၏နေရာကို ဆက်ခံရန် ဗိုလ်ချုပ်ကြီး စောမိုရှေးကို ၂၀၁၆ ခုနှစ် ဧပြီလ ၁၉ ရက်နေ့က ဆုံဆည်းမြိုင်တွင် ပြုလုပ်ကျင်းပခဲ့သည့် DKBA ၏ အရေးပေါ် အစည်းအဝေးတွင် စစ်ဦးစီးချုပ် ရာထူးကို အတည်ပြု ခန့်အပ်လိုက်ပြီးနောက် စစ်ဦးစီးချုပ် ရာထူးဖြင့် တာဝန်ထမ်းဆောင်နေစဉ် ယခုလို ကွယ်လွန်သွားခြင်း ဖြစ်သည်။
DKBA သည် ၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် အဖွဲ့ ဖြစ်ပြီး ဗိုလ်ချုပ်ကြီး စောမိုရှေး ကွယ်လွန်သွားပြီးဖြစ်၍ ဒုစစ်ဦးစီးချုပ် ဒု ဗိုလ်ချုပ်ကြီး စောစတီးလ် အနေဖြင့် စစ်ဦးစီးချုပ် ဖြစ်လာနိုင်ခြေများသည်ဟု သိရသည်။



















