Home သတင်း ကိုဗစ်ဂယက်‌ကြောင့် ထိုင်းနယ်စပ် ဒုက္ခသည်စခန်းများတွင် ကုန်စည်ပို့‌ဆောင်မှုခက်ခဲလာ၍ ကုန်‌ဈေးနှုန်းမြှင့်တက်‌နေ

ကိုဗစ်ဂယက်‌ကြောင့် ထိုင်းနယ်စပ် ဒုက္ခသည်စခန်းများတွင် ကုန်စည်ပို့‌ဆောင်မှုခက်ခဲလာ၍ ကုန်‌ဈေးနှုန်းမြှင့်တက်‌နေ

1989

ဇူလိုင် ၂၈ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

လတ်တ‌လော ကိုဗစ်‌ရောဂါ ကူးစက်ပျံ့နှံ့မှု‌ကြောင့် ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများတွင် ဝင်ထွက်သွားလာမှုများ တင်းကြပ်ထား၍ ကုန်စည်စီးဆင်းမှု‌နှောင့်‌နှေး‌စေပြီး ကုန်‌ဈေးနှုန်းမြှင့် တက်လာမှုနှင့် ကုန်ပစ္စည်းနည်းပါးလာမှုများ ကြုံ‌တွေ့‌နေရသည်ဟု စခန်း‌နေပြည်သူများက ‌ပြောဆိုကြသည်။

ယခုလိုအ‌ခြေအ‌နေတွင် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်ပြည်သူများအ‌နေဖြင့် ကပ်‌ရောဂါ‌ကြောင့် သွား‌ရေးလာ‌ရေးနှင့် ကန့်သတ်မှုကာလဆက်လက်ကြာမြင့်မည်ဆိုပါက ၎င်းတို့၏ ဘဝအသက်ရှင်ရပ်တည်မှုအ‌ခြေအ‌နေမှာ ပိုမိုခက်ခဲလာမည်ဟု ဆိုကြသည်။

အုန်းဖျန်ဒုက္ခသည်စခန်းတွင် ‌နေထိုင်သူ ‌နော်ကဲ‌ဖောက“အခုအကြပ်အတည်းကာလမှာ ဝင်ထွက် သွားလာရတာ ခက်ခဲတယ်။ ကုန်‌ဈေးနှုန်းလည်းတက်တယ်။ အရင်က ဆီတစ်ပုလင်းကို ဘတ် ၄ဝ က‌နေ အခုဆိုရင် ဘတ် ၅ဝ ‌ကျော်‌ကျော်ရှိလာတယ်။ ဆန်ဆိုလည်း အရင်က တစ်အိတ်ကို ဘတ် ၆၀၀၊ ၆၅ဝ က‌နေ အခု ဆန်တစ်အိတ်ဆို ၇၅ဝ ဆို‌တော့ အပြင်ထွက်ပြီး အလုပ်လုပ်လို့လည်းမရ၊ ဝင်‌ငွေလည်းမရှိတဲ့အတွက် အခု TBCက ‌ကျွေးတာ‌တွေနဲ့ပဲ စား‌နေရတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

“တချို့က ‌ထောင်ကဏန်း‌လောက် ဝင်‌ငွေရှိ‌သေးတယ်။ တချို့ဆိုရင် တစ်ဘတ်‌လေး‌တောင်မှ ဝင်‌ငွေမရှိတဲ့အခါကျ‌တော့ သူတို့အတွက်က‌တော့ အင်မတန်မှခက်ခဲပါတယ်။ သွားပြီး‌ချေးယူဖို့လည်း တစ်‌ယောက်နဲ့တစ်‌ယောက်က ‌ချေးယူလို့မရဘူး။ ဘဝတူ‌တွေပဲဆို‌တော့ ဆိုင်ရှင်ကိုပဲ သွားပြီး အကူအညီ‌တောင်းရတယ်။ ဆိုင်ရှင်ကလည်းပဲ ‌ဈေး‌ရောင်းတယ်ဆို‌ပေမယ့် ကုန်‌တွေကို အ‌ကြွေးနဲ့ပဲ ယူရတယ်။ တစ်လတစ်လ ‌ရောင်းလို့ကုန်မှ ပြန်‌ပေးရတယ်။ အ‌ကြွေးသ‌ဘောနဲ့ပဲ ‌ရောင်းကြတယ်။ အခုကျ‌တော့ အဲဒီမှာ မျှပြီး‌တော့ ယူစားရတဲ့သ‌ဘောဖြစ်သွားတာ‌ပေါ့။”ဟုလည်း ‌နော်ကဲ‌ဖောက ဆက်‌ပြောသည်။

၎င်းအပြင် စခန်းတွင်း ဝင်ထွက်သွား‌ရေးလာ‌ရေး ကန့်သတ်ချက်များ‌ကြောင့် ဒုက္ခသည်စခန်းတွင် ‌ဈေး‌ရောင်းသူများအ‌နေဖြင့်လည်း ကုန်ပစ္စည်းများ အချိန်မီ မှာယူနိုင်ရန် အခက်အခဲများစွာ ကြုံ‌တွေ့ ‌နေရသည်ဟု မယ်လစခန်းမှ ကုန်ပစ္စည်း‌ရောင်း‌နေသူ ‌နော်ဝါး‌နေ‌ဖောက ယခုလို ‌ပြောသည်။

“ကုန်ပစ္စည်း‌တွေ အားလုံးက ‌ဈေးတက်တယ်။ ဘာဖြစ်လို့လဲဆို‌တော့ ပစ္စည်း‌တွေ မှာယူလို့မရဘူး။ ပြီး‌တော့ ကုန်ပစ္စည်း‌တွေလည်း သိပ်မရှိ‌တော့ဘူး။ ကျမကုန်ပစ္စည်းကျ‌တော့ အ‌ဟောင်း‌တွေဖြစ်တဲ့ အတွက် ‌ဈေး‌ပေးမတက်ဘူး။ ကြက်သွန်တို့၊ ပဲတို့ကျ‌တော့ ‌ဈေး‌ပေးတက်ရတယ်။ ဘာဖြစ်လို့ လဲဆို‌တော့ အသစ်သွားဝယ်ယူရတယ်။ နှစ်လသုံးလဒီလိုပဲ ဆက်သွားမယ်ဆိုရင်‌တော့ ‌တော်‌တော် အ‌ခြေအ‌နေဆိုးမယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက အသားငါး‌တွေလည်း ဝင်လာလို့မရဘူး။ အသီးအရွက် ‌တွေလည်း ဝင်လို့မရတဲ့အခါကျ‌တော့ ကျမတို့အတွက် ‌တော်‌တော်‌လေးကို အ‌ခြေအ‌နေဆိုး ‌နေပြီ‌ပေါ့‌နော်။ ”ဟု သူက ‌ပြောသည်။

ဒုက္ခသည်ပြည်သူများသည် အပြင်ထွက်ကာ လုပ်ကိုင်စား‌သောက်၍ မရကြသည့်အပြင် ယခုလို ကာလတွင် ဟင်းသီးဟင်းရွက် ၊ အသားငါး‌ရောင်းသည့်ကားများ စခန်းထဲသို့ ဝင်လာ၍ မရသည့်အ‌ပေါ် စခန်းအတွင်းရှိ မိသားစုအချို့နှင့် ‌ကျောင်း‌ဘော်ဒါ‌ဆောင်‌နေ ‌ကျောင်းသူ ‌ကျောင်းသားများအတွက်လည်း ပိုပြီးခက်ခဲကြပ်တည်းလာသည်ဟု သိရှိရသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ထိုင်းဒုက္ခသည်စခန်းတွင် ယခုလို ကန့်သတ်ပိတ်ပင်မှုများ ဆက်ဖြစ်မည်ဆိုပါ က ‌နောက်ဆက်တွဲအ‌နေဖြင့် လူမှု‌ရေးပြဿနာများ ပိုမိုကြီးထွားလာမည်ကို စိုးရိမ်‌နေကြသည်။

မယ်လဒုက္ခသည်စခန်းမှ ‌ကျောင်းဆရာမတစ်ဦးဖြစ်သူ ‌နော်ထီးလား‌ဟေး “ ဒီလို ‌လော့ခ်‌ဒေါင်း လုပ်လိုက်တဲ့အတွက် အသီးအရွက်၊ အသားငါး‌ရောင်းတဲ့ကား‌တွေ စခန်းထဲဝင်လာလို့မရတဲ့အတွက် အ‌ဆောင်‌နေ‌ကျောင်းသူ‌ကျောင်းသား‌တွေအတွက် အခက်အခဲရှိလာတယ်။ ဒီလိုအပြင် ထွက်သွားလာ လုပ်စားကိုင်စားလို့ အဆင်မ‌ပြေတဲ့အတွက်‌ကြောင့် စခန်းထဲမှာခိုးမှု‌တွေများ လာမယ်။ ဒါ‌တွေက အန္တရာယ်ရှိလာတယ်။ ဒီလိုပဲ ဆက်လက်ဖြစ်‌ပေါ်‌နေမယ်ဆိုရင် တခြားအခက်အခဲ‌တွေလည်း ‌နောက်ဆက်တွဲဖြစ်လာမယ်။”ဟု ‌ပြောသည်။

ကမာ္ဘတစ်ဝှမ်း ကိုရိုနာဗိုင်းရပ်စ် (Covid-19) ကပ်‌ရောဂါပိုး ကူးစက်‌နေချိန်တွင် သက်ဆိုင်ရာ နိုင်ငံတာဝန်ရှိသူများက ကိုင်တွယ်‌ဖြေရှင်း‌နေသည့်အတွက် ယခုကိစ္စရပ်နှင့်ပတ်သက်၍ ၎င်းတို့အ‌နေဖြင့် လုပ်ပိုင်ခွင့်အာဏာမရှိသည့်အတွက် ထိုင်းအာဏာပိုင်များကသာ တိုက်ရိုက်ကိုင် တွယ်သွားခြင်းဖြစ်သည်ဟု ကရင်ဒုက္ခသည်များ‌ကော်မတီ(KRC) ဆိုသည်။

(KRC) အတွင်း‌ရေးမှူး ‌စောပွယ်‌စေးက “လုပ်ပိုင်ခွင့်အာဏာ‌တွေရှိတာက‌တော့ ထိုင်းအာ ဏာပိုင်‌တွေ ပဲဖြစ်ပါတယ်။ ဘယ်‌နေရာမဆိုပါပဲ။ ဝင်ခွင့်‌ပေးတယ်ဆိုရင် ဝင်လို့ရတယ်။ ဝင်ခွင့်မ‌ပေးဘူးဆိုရင် ဝင်လို့မရဘူး။ ဒါက ထိုင်းအာဏာပိုင်‌တွေပဲ တိုက်ရိုက်ပတ်သက်မယ်လို့‌တော့ ကျ‌နော်က‌တော့ ထင်ပါတယ်။ အခက်အခဲကြီးကြီးမားမားဖြစ်‌ပေါ်လာမယ်။ စာနဲ့‌ပေနဲ့တက်လာ မယ်ဆိုရင်‌တော့ ကျ‌နော်တို့ညှိနှိုင်းတိုင်ပင်မှု‌တွေက‌တော့ ရှိလာမယ်။” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လတ်တ‌လော ဒုက္ခသည်စခန်းအတွင်း ကုန်‌ဈေးနှုန်းမြှင့်တက်လာခြင်းနှင့်ပတ်သက်၍ ထိုင်း အာဏာပိုင်နှင့် စခန်းတာဝန်ရှိသူများ တိုင်ပင်ပြီး သတ်မှတ်ထား‌သော ကိုဗစ်စည်းမျဉ်းစည်းကမ်းများ နှင့်အညီ စီစဉ်‌ဆောင်ရွက်သွားရန်ရှိသည်ဟု ဒုက္ခသည်စခန်းတာဝန်ရှိသူများက ‌ပြောသည်။

မယ်လဒုက္ခသည်စခန်း‌ကော်မတီဝင် ‌စောဆဲ‌ဒေးက “Food Card ‌ရောင်းတဲ့ဆိုင်နဲ့ပတ်သက်ပြီး စခန်းက ထိုင်းတာဝန်ရှိသူ ‌အော‌ဆော်(ထိုင်းတာဝန်ရှိသူ)‌တွေနဲ့ နားလည်မှုရယူပြီး‌တော့ ကုန်ပစ္စည်းတချို့‌ရောက်လာတာရှိတယ်။ ‌နောက်တစ်ပတ်ဆိုရင် ထိုင်းတာဝန်ရှိသူ‌တွေက လမ်းဖွင့်‌ပေးနိုင်တယ်။ ကုန်‌ခြောက်ပဲဖြစ်ဖြစ်၊ ကုန်စိုပဲဖြစ်ဖြစ်‌ပေါ့‌နော်။ ဒါ‌ပေမဲ့လည်း ‌ရောက်လာတဲ့ ကုန်ပစ္စည်း‌တွေဟာ စခန်းထဲမှာ ဝင်လာလို့မရဘူး။ စခန်းထဲက ပြည်သူ‌တွေကပဲ သွားတက်ယူရမယ်။ သတ်မှတ်ထားတဲ့‌ရောဂါဆိုင်ရာ ကာကွယ်‌ရေးနဲ့ပတ်သက်ပြီး‌တော့ လိုက်နာရမယ်။ စခန်း တာဝန်ရှိသူနဲ့ ထိုင်းတာဝန်ရှိသူ‌တွေတိုင်ပင်ပြီး ‌ရောဂါဝင်မလာတဲ့နည်းနဲ့ စီစဉ်မယ်လို့ ကြိုသိထား တယ်။” ဟု ‌ပြောသည်။

ထိုင်းအစိုးရ ကျန်းမာ‌ရေးဌာန၏ ဇူလိုင်လ ၂၇ ရက်‌နေ့အထိ ထုတ်ပြန်ချက်အရ လက်ရှိ ထိုင်းနိုင်ငံတစ်နိုင်ငံလုံးတွင် ကိုဗစ်‌ရောဂါပိုး‌တွေ့ရှိသူ ၅၂၆,၈၂၈ ရှိပြီး ‌သေဆုံးသူ ၄,၂၆၄ ဦးရှိသည်။

ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက် ကရင်၊ ကရင်နီ(ကယား) ဒုက္ခသည်စခန်း (၉)ခုတွင် ဒုက္ခသည်ဦး ‌ရေ တစ်သိန်းနီးပါးခိုလှုံလျက်ရှိသည်ဟု ကမာ္ဘ့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၏ ထုတ်ပြန်ထားချက်အရ သိရှိရသည်။