Home သတင်း ‌ရေကြီး‌ရေလျှံ၍ သွားလာမှုခက်ခဲသည့် မြဝတီမြို့တွင် မြို့လယ်လမ်းအား ပိတ်ချထားသဖြင့် ပိုမိုအခက်ကြုံ‌နေရ

‌ရေကြီး‌ရေလျှံ၍ သွားလာမှုခက်ခဲသည့် မြဝတီမြို့တွင် မြို့လယ်လမ်းအား ပိတ်ချထားသဖြင့် ပိုမိုအခက်ကြုံ‌နေရ

1688

ဇူလိုင် ၂၈ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

‌သောင်ရင်းမြစ်‌ရေ လျှံတက်မှု‌ကြောင့် ‌ရေကြီး‌ရေလျှံမှုဆိုးရွား‌နေသည့် မြဝတီမြို့တွင် လမ်းတစ်ချို့‌ရေ‌ကျော်‌နေ၍ သွားလာရခက်ခဲမှုများနှင့် ကြုံ‌နေရ‌သော်လည်း မြို့လယ်ဘုရင့်‌နောင်လမ်းမကြီးအား Lockdown ချ ပိတ်ထား ဆဲဖြစ်သည့်အတွက် သွားလာမှုတွင် ပိုမို၍ အခက်ကြုံ‌နေရ‌ကြောင်း မြို့ခံများက ‌ပြောသည်။

ယမန်‌နေ့(ဇူလိုင်လ ၂၇ရက်) ညက မြစ်‌ရေထပ်တက်လာပြီး‌နောက် မြို့တွင်းလမ်းသွယ်များ ဖြစ်‌သော ကြံခင်းလမ်း၏ ‌နေရာတစ်ချို့တွင် လမ်းမထက် ‌ရေလျှံ‌နေသလို ယမန်‌နေ့ကတည်းက ‌ရေ‌ကျော်‌နေသည့် ဗိုလ်ချုပ်လမ်းတွင်လည်း ယ‌နေ့ ပိုမိုဆိုးရွားသည့် အ‌ခြေအ‌နေတွင် ရှိ‌နေသည်။

ထိုအ‌ခြေအ‌နေတွင် အဓိကသွားလာမှု ပြုနိုင်သည့် ဘုရင့်‌နောင်လမ်းမကြီး ‌ရွှေမြင်းဝန်ဘုရားမီးပွိုင့်မှ ဘုရင့်‌နောင် ‌ဈေးကုန်းအထိ လမ်းပိတ်ထားသလို ဘုရင့်‌နောင်လမ်းမကြီးနှင့် ဗိုလ်ချုပ်လမ်းအား ဆက်သွယ်ထား သည့်ရဲစခန်း‌ဘေး တရားရုံးလမ်းတို့အား ‌လော့‌ဒေါင်းချသည့်သဖွယ် လမ်းပိတ်ထားသည်။

ယခုလို လမ်းပိတ်ထားသည့်အတွက် ကယ်ဆယ်‌ရေးနှင့် အ‌ရေး‌ပေါ်အ‌ခြေအ‌နေမှာ သွားလာမှု ပြု‌နေရသူများအတွက် ‌ကွေ့ပတ်သွား‌နေရသဖြင့် အချိန်ကြန့်ကြာမှုများရှိကာ များစွာအခက်အခဲကြုံ ‌နေကြရသည် ဟု ကယ်ဆယ်‌ရေး‌ဆောင်ရွက်‌နေသူများက ‌ပြောသည်။

မြဝတီမြို့တွင် ကိုဗစ်ကူးစက်မှု မြင့်မားခဲ့မှု‌ကြောင့် ဇူလိုင် ၁၃ ရက်‌နေ့မှစ၍ Stay at Home ‌နေထိုင်ရန် ‌ကြေညာ ထားပြီး နံနက် ၉ နာရီ‌နောက်ပိုင်း အပြင်မထွက်ရန် ‌ဒေသန္တရအမိန့် ထုတ်ပြန်ထားပြီး‌နောက် ယခုလို အဓိက လမ်းမကြီး ‌နေရာတစ်ချို့ကိုလည်း ပိတ်ထားခြင်းဖြစ်သည်။

သို့‌သော်လည်း ယခု အ‌ခြေအ‌နေတွင် မြဝတီမြို့၏ ရပ်ကွက်‌နေရာ အ‌တော်များများမှာ ‌ရေကြီး‌ရေလျှံမှုများ ဖြစ်‌နေ၍ ‌ရေ‌ဘေး‌ရှောင်ရန်နှင့် အ‌ရေး‌ပေါ်သွား လာမှုတို့တွင် တားမြစ်ထားသည့် ဂိတ်တစ်ချို့မှ လူတစ်ဦးလျှင် ဒဏ်‌ငွေ ၅၀၀ဝ ကျပ် ‌တောင်းခံ‌နေ‌ကြောင်း ‌ဒေသခံများက ‌ပြောဆိုလျက် ရှိ‌နေသည်။

လက်ရှိ မြဝတီမြို့၏ ‌သောင်ရင်းမြစ် ‌ရေသည် စိုးရိမ်‌ရေအမှတ် ၉၆၃ အထက် ၃၀ဝ စင်တီမီတာ‌ကျော်တွင် ‌ရောက်ရှိ‌နေပြီး မြစ်ကမ်းတ‌လျှောက် နှင့် အနိမ့်ပိုင်းရပ်ကွက်များရှိ လူ‌နေအိမ်‌ခြေ ၅၀၀ဝ ဝန်းကျင်ခန့် ‌ရေ‌ဘေးဒုက္ခခံ‌နေရ‌ကြောင်း သိရသည်။