Home သတင်း ‌ကျေးလက်‌ဒေသတွင် ကိုဗစ်‌ရောဂါလက္ခဏာဖြင့် ‌နေထိုင်မ‌ကောင်းသူများ ‌ဆေးဝါးကုသမှုလိုအပ်‌နေ

‌ကျေးလက်‌ဒေသတွင် ကိုဗစ်‌ရောဂါလက္ခဏာဖြင့် ‌နေထိုင်မ‌ကောင်းသူများ ‌ဆေးဝါးကုသမှုလိုအပ်‌နေ

2353

ဇူလိုင် ၂၈ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်အတွင်း ‌ကျေးလက်‌တောရွာ‌နေထိုင်သူများသည် မြို့‌ပေါ်တက်၍ ‌ဆေးဝါးဝယ်ယူရန် အခက်အခဲရှိသည့်အတွက် ကိုဗစ် ‌ရောဂါလက္ခဏာပြပြီး ‌နေထိုင်မ‌ကောင်းဖြစ်ပါက ‌ရောဂါကုသရန် ‌ဆေးဝါးလိုအပ်လျက်ရှိသည်ဟု သိရသည်။

လက်ရှိ ကရင်ပြည်နယ်အတွင်းရှိ ‌ကျေး‌လေး‌နေ ‌ဒေသခံအချို့မှာ ကိုဗစ်ကူးစက်မှုများရှိသည့်အပြင် ကိုဗစ်‌ကြောင့် ‌သေဆုံးမှုများရှိပြီး ‌ရောဂါရှိသူနှင့်ထိ‌တွေ့ထားသည့် မိသားစုဝင်များမှာ ‌နေထိုင်မ‌ကောင်းသူများရှိလာ‌သော်လည်း ကျန်းမာ‌ရေးစစ်‌ဆေးခွင့်မရသည့်အပြင် ကုသရန်‌ဆေးဝါးများလိုက်လံဝယ်ယူ၍မရ‌ကြောင်း မိသားစုဝင်ထံမှ သိရ သည်။

အလားတူ ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့နယ် ‌ကျေးလက်‌တောရွာအချို့တွင် ကိုဗစ်‌ရောဂါဖြင့် ‌သေဆုံး သူများရှိ ပြီဖြစ်ကာ ကိုဗစ်လူနာနှင့် ထိ‌တွေ့ထား‌သော မိသားစုဝင်များမှာ ယခုအချိန်တွင် ကိုဗစ်‌ရောဂါလက္ခဏာ များပြပြီး ‌နေထိုင်မ‌ကောင်းသူများရှိသည့်အတွက် ‌ဆေးဝါးကုသရန် လိုအပ်‌နေ‌ကြောင်း မိသားစုဝင်ထံမှ သိရှိရသည်။

‌ကော့ကရိတ်မြို့နယ်ရှိ ‌ကော့ကမာရွာသူတစ်ဦးက “ ကျမတို့ရွာမှာ ကိုဗစ်ပိုး‌တွေ့ရှိထား‌တော့ အခုရွာမှာ အဝင် အထွက်မရဘူး။ အခုတို့ မိသားစုဝင်‌တွေ ‌နေမ‌ကောင်းဖြစ်တယ်။ ‌ရောဂါရှိမရှိ စစ်‌ဆေးလို့မရဘူး။ ကုသဖို့‌ဆေးဝါး မရှိဘူး။ ရွာအဝင်အထွက် မရ‌တော့ မြို့ကို‌ဆေးသွားဝယ်လို့လည်းမရဘူး။ အခြားရွာမှာသွားဝယ်လို့လည်း မရဘူး။ ဘယ်သူမှလည်း‌ဆေးလာမကု‌ပေးဘူး။ အခက်အခဲအရမ်းဖြစ်တယ်။ ‌ရေလည်းကြီး‌တော့ ရိက္ခာကုန်‌ခြောက်‌တွေ လည်း ပြတ်ကုန်ပြီး” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ကိုဗစ်တတိယလှိုင်းကာလတွင် ‌နေမ‌ကောင်းဖြစ်သူများသည် ကိုဗစ်ဟုမှတ်ယူထား‌စေချင်သလို ‌နေအိမ်အတွင်း သာကုသရန်နှင့် လိုအပ်မှုရှိလာမှ နီးစပ်ရာ‌ဆေးရုံများသို့ သွား‌ရောက် စစ်‌ဆေးပြီးကုသ‌ပေး‌စေလို‌ကြောင်းလည်း ပြည်နယ်‌ကောင်စီ ကျန်းမာ‌ရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ‌ဒေါက်တာ‌ကျော်စွာမြင့်က ‌ပြောသည်။

၎င်းက “အကြမ်းဖျင်းနားလည်‌အောင်‌ပြောရရင် တစ်သိန်း‌လောက်ဖြစ်တယ်ဗျာ၊ ဘာမှမဖြစ်တဲ့လူ‌တွေကို စစ်ဖို့ အ‌နေအထားက မလွယ်‌တော့ဘူး။ အရင်‌ပေါ်လစီက လာရင်စစ်မယ်။ စစ်ပြီးသွားရင် P စင်တာမှာထားမယ်။ ၁ဝ ရက်ပြည့်ရင်ဆင်းမယ်‌ပေါ့ ။ ဒါက အရင်လှိုင်းတုန်းကထားတဲ့ Guide Line ‌ပေါ့ ။ အဲဒါ‌တွေက အခု အသုံးမ ဝင်‌တော့ဘူး။ အခုက တကယ်တမ်း လိုအပ်ချက်‌တွေရှိ‌တော့မှပဲ စစ်‌တော့တယ်။ နှာ‌စေး ၊ ‌ချောင်းဆိုး‌နေ မ‌ကောင်းဖြစ်ရင် ကိုဗစ်စည်းကမ်းအတိုင်းအိမ်မှာ‌နေပါ။ အဲဒါမှ ‌နေရခက်တယ်၊ အသက်ရှူရခက်ရင် လိုအပ်ချက်‌တွေရှိရင် သူတို့က လိုရင်စစ်‌ပေးမယ်‌ပေါ့” ဟု‌ကေအိုင်စီသို့‌ပြောသည်။

ကိုဗစ်ကူးစက်မှု များလာသည့်အချိန်တွင် ကူးစက်ခံရသူအားလုံးကို ကုသ‌ပေးရန် ‌နေရာလုံ‌လောက်မှုမရှိသည့် အ တွက် မြို့နယ်အသီးသီးတွင် ကိုဗစ်ကုသ‌ရေးစင်တာထားရှိကာ လုပ်‌ဆောင်‌ပေးနိုင်သည့် အ‌နေအထားများကြည့်၍ ‌ဆောင်ရွက်‌ပေး‌နေရသည့် အ‌ခြေအ‌နေရှိ‌ကြောင်း ‌ဒေါက်တာ‌ကျော်စွာမြင့်က ဖြည့်စွက်‌ပြောသည်။

‌ရောဂါကူးစက်မှုများလာသည့် ကိုဗစ်တတိယလှိုင်းတွင် ကရင်ပြည်နယ်အတွင်းရှိ ကျန်းမာ‌ရေးဝန်ထမ်း အ‌မြောက် အမြားသည် ပြည်သူ့အာဏာဖိဆန်‌ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်သည့်အတွက် သက်ဆိုင်ရာ ‌ဆေးရုံများတွင် ကျန်းမာ‌ရေးဝန်ထမ်း မလုံ‌လောက်မှုများလည်းရှိသည်ဟု နီးစပ်ရာ ကျန်းမာ‌ရေးတာဝန်ရှိသူထံမှ သိရသည်။

ထို့အပြင် ကရင်ပြည်နယ် ဖားအံခရိုင်အတွင်းရှိ ကျန်းမာ‌ရေးဝန်ထမ်းများသည် ၎င်း၏‌နေထိုင်ရာ ရပ်ကွက်၊‌ကျေးရွာများ တွင် ‌နေထိုင်ခြင်းရှိမရှိ စိစစ်ပြီးတင်ပြ‌ပေးရန် ဇူလိုင် ၂၅ရက် ‌နေ့စွဲဖြင့် ဖားအံမြို့နယ် ‌ကောင်စီ ဥက္ကဌက ရပ်ကွက်‌ကျေးရွာအုပ်ချုပ်‌ရေးမှူးထံ စာပို့ထားခြင်းလည်း ရှိသည်။