ဇွန်လ ၇ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ် လှေဆွဲကျေးရွာတွင် ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့က ဖြစ်ပွားခဲ့သော စစ်ကောင်စီတပ်နှင့် ဒေသခံအကြား ပစ်ခတ်မှုတွင် ဒေသခံအရပ်သား ၂၃ ဦး အဖမ်းဆီးခံခဲ့ရပြီး ယခုအထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။
ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် လှေဆွဲကျေးရွာအတွင်း ဒေသခံ ၅ ဦးနှင့် ရေကြည်မြို့သို့ ထွက်ပြေးတိမ်းရှောင်သွားသည့် လှေဆွဲကျေးရွာသားမဟုတ်သော ဒေသခံအရပ်သား ၁၈ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားခြင်းဖြစ်ပြီး ယနေ့အချိန်ထိ ပြန်လည် လွတ်မြောက်လာခြင်းမရှိသေးကြောင်း ဒေသခံ တစ်ဦးက ယခုလိုပြောသည်။
၎င်းက “ပစ်ခတ်မှု ဖြစ်တဲ့နေ့က ရေကြည်ဘက်ကို ပြေးသွားတဲ့ အရပ်သား ၁၈ ယောက်ကို ရေကြည်ဘက်ကလာ တဲ့ စစ်ကြောင်းကနေ ဖမ်းသွားတယ်။ အဲ့ ၁၈ ယောက်ထဲမှာ ယောက်ျားလေး ၄ ယောက်ကို စစ်ကြောရေးဘက်ကို ခေါ်သွား တယ်လို့ ကြားတယ်။ ကျန်တဲ့ မိန်းကလေးတွေကျတော့ အုပ်ချုပ်ရေးမှူးအိမ်မှာ ထားတယ်တဲ့။ အခုထိ ပြန်မရောက်ကြ သေးဘူး။ နောက်ပြီး လှေဆွဲမှာကျတော့ ဦးပကြေး နဲ့ သူ့ရဲ့ကား ဒရိုင်ဘာရယ် နောက်ပြီး နောက်ထပ်ဒေသခံ ၃ယောက်လည်း ဖမ်းထားတယ်။” ဟု ကေအိုင်စီသို့ပြောသည်။
လှေဆွဲ ကျေးရွာမှ ဦးပကြေးဆိုသူမှာ ၎င်း၏ကားဖြင့် လက်နက်များ သယ်လာကြောင်း ဒလန်၏ သတင်းအမှား ပေးမှုကြောင့် စစ်ကောင်စီတပ်မှစတင်ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်းနှင့် ပစ်ခတ်မှုမဖြစ်ပွားခင် ဒေသခံ ကျေးရွာသား ၃ဦးကို စတင်ဖမ်းဆီး သွားပြီး ပစ်ခတ်မှုအတွင်း နောက်ထပ် ၂ဦးကို ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်းလည်း ၎င်း ဒေသခံက ဆက်ပြောသည်။
စစ်ကောင်စီ၏ နိုင်ငံပိုင် သတင်းမီဒီယာ၏ ဖော်ပြချက်အရ အဆိုပါ ပစ်ခတ်မှုအတွင်း လက်လုပ် ဂက်စ်သေနတ် ၆ လက်နှင့် အတူ အကြမ်းဖက်ဆောင်ရွက်သူ ၂ဦးကို အရှင်ဖမ်းမိကြောင်း နှင့် ပစ်ခတ်မှုအတွင်း အရပ်သား ၃ ဦးသေဆုံးသွားကြောင်း သတင်းတွင် ဖော်ပြ ကြေညာသွားခဲ့သည်။
သို့သော် လက်ရှိ မြေပြင်သတင်းများအရ ပစ်ခတ်မှုအတွင်း လှေဆွဲကျေးရွာသား ၃ ဦးအပြင် မဲဇလီရွာသား တစ်ဦးမှာ ဝက်သားလာရောက်ဝယ်ယူရန် ဆိုင်ကယ်ဖြတ်မောင်းသွားစဉ် စစ်ကောင်စီ၏ အပစ်သတ်ခံခဲ့ရပြီး အဖမ်းဆီးခံရသူ ဦးပကြေး ဆိုသူမှာလည်း သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသခံ သတင်းအရင်းအမြစ်များက ဆိုသည်။
လတ်တလော ထွက်ပေါ်လာသည့် သတင်းများအရ အရပ်သားသေဆုံးသူမှာ ၄ဦးသာရှိသော်လည်း ကျုံပျော် ရင်ခွဲရုံသို့ အလောင်း ၇ လောင်းရောက်ရှိနေကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦး၏ ပြောပြချက်ကို ကိုးကား၍ ဒေသခံ တစ်ဦးက အတည်ပြုပြောဆိုသလို ၎င်း၇ ဦးတွင် ဦးပကြေးဆိုသူလည်းပါဝင်ကြောင်းပြောဆိုကြပြီး ကေအိုင်စီအနေဖြင့် ၎င်းကိစ္စကို သီးသန့်အတည်ပြု နိုင်ခြင်းမရှိသေးပေ။
လတ်တလောတွင် ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ပြန်လည်ဆုတ်ခွာ သွားပြီဖြစ်ပြီး ထွက်ပြေး တိမ်းရှောင်နေရသည့် ကျေးရွာသားများကိုလည်း ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်လာရန် ခေါ်ယူနေကာ ယမန်နေ့ကလည်း ဒေသခံလူကြီးများကို အစည်းအဝေးခေါ်ယူ၍ ပစ်ခတ်မှုအတွက် တောင်းပန်ကြောင်းပြောဆိုသလို ၎င်းတို့၏ အလုပ်တွင်လည်းဝင်မရှုပ်ကြရန် ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟု ဒေသခံအမျိုးသမီးတစ်ဦးက ယခုလိုပြောသည်။
“သူတို့(စစ်ကောင်စီ)ဘက်ကနေ ပြည်သူဘက်က လူကြီးပိုင်းတွေကို မနေ့က အစည်းအဝေးခေါ်ပြီးတော့ သူတို့ ဘက်က အခုလို လိုအပ်တဲ့သူကို လာဖမ်းတဲ့အချိန် ဒီကလက်နက်နဲ့ မတန်ဘဲနဲ့ လာပြီးတော့ခုခံတာကို သူတို့ဘက်က ပြန်ပစ်မိ တဲ့အတွက် သူတို့မှားတယ်ပေါ့ တောင်းပန်တဲ့ ပုံစံနဲ့အချိုသပ်တယ်။ သူတို့ အမှား လုပ်မိတာကို တောင်းပန်တဲ့ ပုံစံမျိုးပြောပြီး ထပ်ပြီးတော့ သူတို့ လိုအပ်တဲ့သူကို လာဖမ်းတဲ့အခါ အခုလိုမျိုး ဝင်မရှုပ်ဖို့နဲ့ ဝင်ရှုပ်ရင် ထပ်ပစ် မယ်ဆိုတဲ့အကြောင်း ပြောသွားသေးတယ်တဲ့” ဟု ကေအိုင်စီသို့ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့ နံနက်ပိုင်းက ဒလန်၏သတင်းပေးမှုမှ အစပြု၍ လှေဆွဲဒေသခံများကို စစ်ကောင်စီ တပ်က ဝင်ရောက် ရှာဖွေဖမ်းဆီးရာမှ ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(PDF) မဟုတ်သည့် ကျေးရွာသားများနှင့် စစ်ကောင်စီ အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အရပ်သား ထိခိုက်သေဆုံးသည်အထိ ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။



















