ဇွန်လ ၇ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ထော်ရွဲရွာရှိ အခြေခံပညာအလယ်တန်း(ခွဲ)ကျောင်း၌ စစ်ကျွန်ပညာရေးအလိုမရှိ ကြောင်းလှုပ်ရှားမှု လုပ်ဆောင်သူများကိုအရေး ယူဆောင်ရွက်သွားမည်ဆိုပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အ.လ. က(ခွဲ) ထော်ရွဲ ကျောင်းအုပ်ဆရာမကြီးတို့က ခြိမ်းခြောက်ပြောဆိုမှုပြုလုပ်ခဲ့သည်ဟု ဒေသခံရွာသားများက ပြောသည်။
ပြီးခဲ့သည့်မေလ (၂၅) ရက်နေ့က စာသင်ကျောင်း၏ တံခါးပေါက်နှင့် အုတ်တံတိုင်းများတွင် စစ်ကျွန်ပညာရေးစနစ် အလိုမရှိကြောင်း စာသားများသွားရောက်ရေးသားသူများ၊ ဓာတ်ပုံရိုက်ပြီး လူမှုကွန်ရက်ပေါ်တွင် တင်သူများနှင့် ပြန်လည်မျှဝေသူများကို ဖမ်းဆီးအရေးယူမည့်အပြင် CDM (အာဏာဖီဆန်မှု)လုပ်နေသူများကိုလည်း အချိန်မရွေးအရေးယူရနိုင်သည် ဟုဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးတို့က ခြိမ်းခြောက်ပြောဆိုလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။
အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက “ လူငယ်တစ်ဦးက ကျောင်းရှေ့ဖြတ်သွားတော့ အဲ့ဒီစာကိုမြင်ပြီး ဓာတ်ပုံ ရိုက်ပြီး Facebook ပေါ်တင်လိုက်တယ်။ အဲ့ ပို့စ်ကိုရှဲတဲ့သူများတော့ ထော်ရွဲဆရာမကြီးရယ်၊ ထော်ရွဲကမ်း နားက ဆရာမကြီးနဲ့ ရွာသူကြီးတို့တိုင်ပင်ပြီးတော့ မြကြာဖြူရွာက BGF ကုန်းကိုသွားတိုင်ပြီး ပို့စ်တင်တဲ့သူနဲ့ ကျောင်းမှာ စာရေးခဲ့တဲ့သူတွေကို ဖမ်းခိုင်းတယ်။ သတင်းဓာတ်ပုံကို ထပ်ဆင့်ပြန်လည်မျှဝေသူများရှိမယ်ဆိုရင် အရေးယူ ဆောင်ရွက်သွားမယ်လို့ ပြောတယ်။ ” ဟု ပြောသည်။

၎င်းလုပ်ဆောင်နေသူများကို အရေးယူပေးနိုင်ရန်အတွက်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျောင်းအုပ်ကြီး တို့သည် ဒေသအတွင်းရှိ BGF မှ ဗိုလ်မှူး ဦးစောစိုးနိုင်ထံကိုလည်း အရေးယူဖမ်းဆီးပေးရန် သွားရောက် အကူအညီတောင်းခဲ့ခြင်းရှိသည်ဟုလည်း ဒေသခံများက ပြောဆိုသည်။
စစ်ကျွန်ပညာရေးအလိုမရှိကြောင်းနှင့်ပတ်သက်၍ စာသွားရောက်ရေးသူနှင့် လူမှုကွန်ရက်ပေါ်ဓာတ်ပုံတင်သူများ ကို ထော်ရွဲကျေးရွာအုပ်ချုပ်ရေးမှူးက နာမည်စာရင်း မှတ်ထားသည့်အပြင် ၎င်းနာမည်စာရင်းရှိသူ၏ နေအိမ်များ ကိုလည်း ရဲနှင့် စစ်သားများက သွားရောက်စုံစမ်းမေးမြန်းမှုလည်းရှိသည်ဟု သိရသည်။
လက်ရှိ ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ စာသင်ကျောင်းအချို့သည် ကျောင်းပြန်လည်ဖွင့်လှစ်နေပြီးဖြစ်သလို မဖွင့်လှစ်နိုင်သည့်ကျောင်းများရှိသည့်အထဲတွင် ထော်ရွဲ အ.လ.က (ခွဲ) ကျောင်းသည်လည်း ကျောင်းအပ်နှံသူများ မရှိသည့်အတွက် ကျောင်းပြန်လည် မဖွင့်နိုင်သေးသည့်အပြင် ၎င်းကျောင်းမှကျောင်းဆရာ/မ (၁၄) ဦးရှိသည့် အနက် (၇) ဦးမှာ CDM တွင် ပါဝင်ထားသည်ဟု သိရသည်။



















