Home သတင်း မြဝတီမြို့တွင် စစ်‌ကောင်စီ လုံခြုံ‌ရေးအဖွဲ့မှ ပစ်ခတ်မှု‌ကြောင့် တပ်ကြပ်ကြီး၏ ဇနီး ‌သေဆုံး

မြဝတီမြို့တွင် စစ်‌ကောင်စီ လုံခြုံ‌ရေးအဖွဲ့မှ ပစ်ခတ်မှု‌ကြောင့် တပ်ကြပ်ကြီး၏ ဇနီး ‌သေဆုံး

1593

‌မေလ ၂၁ ရက် ၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီမြို့တွင် ယမန်‌နေ့ ညပိုင်းက စစ်‌ကောင်စီ လုံခြုံ‌ရေးအဖွဲ့မှ ပစ်ခတ်မှု‌ကြောင့် စစ်‌ကောင်စီတပ်ဖွဲ့ က တပ်ကြပ်ကြီး၏ ဇနီး ‌သေနတ်ထိမှန် ဒဏ်ရာဖြင့် ‌သေဆုံးခဲ့‌ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယမန်‌နေ့ ‌မေလ ၂ဝရက် ည ၉း၄၅ အချိန်ခန့်က မြဝတီမြို့ အမှတ် ၄ ရပ်ကွက်ရုံး‌ရှေ့ ဘုရင့်‌နောင်လမ်းမကြီး‌ပေါ်တွင် စစ်‌ကောင်စီအဖွဲ့မှလုံခြုံ‌ရေး‌ဆောင်ရွက်‌နေစဉ် ညမထွက်ရအမိန့် ကျူးလွန်ပြီး ယာဉ်‌မောင်း ဦးပြည့်စုံ ‌မောင်းနှင်လာပြီး မဇင်မာဖြူ စီးနင်းလိုက်ပါလာ‌သော Hijet အဖြူ‌ရောင်ယာဉ်အား တားမြစ်စဉ် ရပ်တန့်မ‌ပေးဘဲ ‌မောင်းနှင်‌ပြေးသဖြင့် ‌သေနတ်ဖြင့် ပစ်ခတ်ရာ ယာဉ်‌ပေါ်တွင် လိုက်ပါလာသည့် မဇင်မာဖြူ ၂၇ နှစ် အမှတ် ၃ ရပ်ကွက် ငှက်‌ပျော‌တောရပ် မြဝတီမြို့‌နေသူမှာ ‌သေနတ်ထိမှန် ဒဏ်ရာဖြင့် ‌သေဆုံးခဲ့သည်။

ထိုသို့ စစ်‌ကောင်စီလုံခြုံ‌ရေးအဖွဲ့မှ ‌သေနတ်ဖြင့် ပစ်ခတ်မှု‌ကြောင့် ‌သေဆုံးခဲ့သူ မဇင်မာဖြူသည် လက်ရှိ မြဝတီမြို့ အမှတ် ၂၇၅ တပ်ရင်းမှ တပ်ကြပ်ကြီး ဦး‌ဇော်ရဲ‌အောင် ၏ ဇနီးဖြစ်ပြီး ၎င်းတို့တွင် အသက် ၆ နှစ် အရွယ် အငယ်ဆုံးအပါအဝင် သားသမီး ၃ ဦးရှိသည်ဟု ၎င်းမိသားစုဝင်တစ်ဦး၏ ‌ပြောကြားမှုမှ သိရသည်။

ကရင်ပြည်နယ် မြဝတီမြို့တွင် ည ၈ နာရီမှ မနက် ၄ နာရီအတွင်း ညမထွက်ရအမိန့်ထုတ်ပြန်ထားပြီး ထိုသို့ အမိန့်‌ဖောက်ဖျက်ကျူးလွန်ပြီး အပြင်ထွက်သူများအား လုံခြုံ‌ရေးအဖွဲ့မှ တားမြစ်စစ်‌ဆေးမှုများနှင့် ‌ခြောက်လှန့် ပစ်ခတ်မှုများ မကြာခဏ ရှိ‌နေသည်။