မေလ ၂ဝရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ကလေးငယ်များနှင့် ကျောင်းသားလူငယ်များသည် ဂုဏ်သိက္ခာရှိစွာ ပညာသင်ကြားပေးခွင့်၊ သင်ယူခွင့် ရရှိရန် လိုအပ်သည့်အတွက် ဘေးကင်းလုံခြုံရေးထိခိုက်မှုသည် လက်ခံနိုင်ဖွယ်မရှိကြောင်း ကမာ္ဘ့ကုလသမဂ္ဂအဖွဲ့ ၃ဖွဲ့ ဖြစ်သည့် Save The Children ၊ UNESCO၊ UNICEF တို့ ပူးပေါင်းပြီး ယနေ့ မေလ ၂ဝ ရက်နေ့ တွင် ပူးတွဲကြေညာချက်ထုတ်ပြန်၍ ပြောဆိုလိုက်သည်။
ပညာသင်ယူလေ့လာသည့် နေရာများနှင့် ပညာရေးဝန်ထမ်းများအပေါ် တိုက်ခိုက်မှုများအပြင် ပညာရေးပရဝုဏ် အတွင်း ဝင်ရောက်နေထိုင် ခြင်းတို့သည် လက်ခံနိုင်ဖွယ်မရှိကြောင်း အဆိုပါအဖွဲ့ ၃ ဖွဲ့မှ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံရှိ ကလေးငယ်နှင့် လူငယ် ၁၂ သန်းကျော်သည် ပုံမှန်ပညာသင်ယူ လေ့လာမှုအစီအစဉ် လက်လှမ်း မီမှုမရှိခဲ့သည်မှာ တစ်နှစ်ကျော်ကြာမြင့်ပြီဖြစ်သည့်အတွက် ထိုကလေးငယ်များနှင့် လူငယ်များ၏ ပညာရေး၊ တစ်ကိုယ်ရေ ဖွံ့ဖြိုးတိုးတက်မှု၊ စိတ်ပိုင်းဆိုရာ လုံခြုံမှုနှင့် အနာဂတ်အခွင့်အလမ်းများအပေါ် သက်ရောက်မည့် အကျိုးဆက်များ အလွန်ကြီးမားပြီး ထပ်မံမြင့်တက်လာနိုင်ခြေလည်းရှိသည်ဟု အဆိုပါ အဖွဲ့များက ထောက်ပြ ထားသည်။
ဘေးကင်းလုံခြုံမှုရှိပြီး အရည်သွေးပြည့်မှီ ပညာရေးကို လေ့လာသင်ယူခွင့် မရရှိခြင်းသည် မြန်မာနိုင်ငံရှိ မျိုးဆက်သစ်တစ်ခုလုံးသင်ကြားမှု သင်ယူမှု အခွင့်အလမ်းနှင့် လွှဲချော်မည့်အနေအထားဖြစ်လာစေရန် ခြိမ်းခြောက်နေသည့် အခြေအနေဖြစ်သည့်အတွက် လုံးဝလက်ခံမည်မဟုတ်ကြောင်း ပူးတွဲ ထုတ်ပြန် စာတွင် ဖော်ပြထားသည်။
လက်ရှိအချိန်တွင် ကိုဗစ်(၁၉) နှင့် ဆက်စပ်သည့် အန္တရာယ်မြင့်မားနေဆဲဖြစ်ကာ ရောဂါကူးစက် ပြန့်ပွား မှုကိုလည်း ကာကွယ်ရန်လိုအပ်သည့်အပြင် ပညာသင်ယူလေ့လာသည့် နေရာများတွင်လည်း ဘေးကင်းအောင် ထားရှိရန် ကာကွယ်တားဆီးရေးနှင့် ထိန်းချုပ်ရေးအစီအမံများလည်း အရေးကြီးကြောင်း ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်ဘက်မှ အာဏာဖီဆန်ရေးလှုပ်ရှားမှု-CDMတွင် ပါဝင်သည့် ပညာရေးဝန်ထမ်းများကို ပုဒ်မ(၅၀၅) နှင့် တရားစွဲဆို၍ လိုက်လံဖမ်းဆီး အရေးယူမှုများလည်းရှိနေသည့်အတွက် ကျောင်းဆရာ/ ဆရာမအမြောက်အများမှာ တိမ်းရှောင်နေရဆဲဖြစ်သည်ဟု သိရသည်။
ကရင်ပြည်နယ် ဖားအံမြို့နယ်တွင် CDM ပါဝင်သည့် ကျောင်းအုပ်ဆရာမတစ်ဦးက” စစ်အာဏာသိမ်းပြီး ကတည်းက ဘယ်သူမှ လုံခြုံမှုမရှိတော့ဘူး။ အဲဒီအတွက် ကျောင်းသားမိဘတွေကလည်း သူတို့ကလေးတွေကို ကျောင်းကို လွှတ်ရဲမှာမဟုတ်ဘူး။ အာဏာသိမ်းတဲ့အတွက် အဖက်ဖက်မှာ ထိခိုက်ပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင်နယ်မြေအချို့တွင်လည်း စစ်ရေးပဋိပက္ခအခြေအနေများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့်အထဲတွင် ကျောင်းနေအရွယ်ကလေးများလည်း ပါဝင်သည့်အပြင် စာသင်ကျောင်းအချို့ကိုလည်း စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်ဖျက်ဆီးခံရမှုလည်းရှိသည်။
ကိုဗစ်(၁၉)ကပ်ရောဂါကြောင့် တစ်နှစ်ကြာရပ်နားလိုက်သည့် အခြေခံပညာကျောင်းများကို လာမည့် ဇွန်လတွင် ကျောင်းပြန်ဖွင့်နိုင်ရန်အတွက် စစ်ကောင်စီဘက်မှ စီစဉ်ဆောင်ရွက်နေသလို အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်ပြီး ထုတ်ပယ်ခံရသည့် ပညာရေးဝန်ထမ်း ကျောင်းဆရာ/ဆရာမ နေရာကို အစားထိုးခန့်အပ်ရန် စစ်ကောင်ဘက်မှ စီစဉ်ထားခြင်းလည်းရှိသည်ဟု သိရသည်။



















