မေလ ၁၃ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
နယ်စပ်ဒေသမှ ဆိုင်ကယ်တင်သွင်းခွင့် အား ပြန်လည်ခွင့်ပြုကြောင်း စစ်ကောင်စီ ကုန်သွယ်ရေးဦးစီးဌာနမှ မနေ့က မေလ ၁၂ ရက်နေ့တွင် မြဝတီနယ်စပ်ကုန်သည်များသို့ စာထုတ်၍ အသိပေးအကြောင်းကြား ထားကြောင်း သိရသည်။
စစ်ကောင်စီ ကုန်သွယ်ရေးဦးစီးဌာနမှ ပြီးခဲ့သည့် မေလ ၈ ရက်နေ့မှစ၍ နယ်စပ်ဒေသများမှတဆင့် ဆိုင်ကယ် တင်သွင်းမှုအား ဆိုင်းငံ့ရန့်စာထုတ်ထားပြီး ယခုအခါ မေလ ၁၃ ရက်နေ့မှစ၍ ဆိုင်ကယ်များ ပြန်လည်တင်သွင်းရန် ခွင့်ပြုပေးခြင်း ဖြစ်သည်။
နယ်စပ်လမ်းကြောင်းမှတဆင့် မော်တော်ဆိုင်ကယ်အသစ် လိုင်စင်လျှောက်ထားမှု (ITC Card) အပါအဝင် အမှန်တင်သွင်းမှုများကို မေလ ၁၃ ရက်မှစ၍ တင်သွင်းခွင့်ပြုကြောင်းကို ယမန်နေ့ မေလ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက မြဝတီနယ်စပ်ကုန်သွယ်ရေးဌာနမှ တဆင့် နယ်စပ်ကုန်သည်များသို့ အသိပေးအကြောင်းကြားစာ ပေးပို့ထားသည် ဟု ကုန်သည်တစ်ဦးက ပြောသည်။

ယခုလို ဆိုင်ကယ်တင်သွင်းမှုအား ခွင့်ပြုခြင်း၊ ခွင့်မပြုခြင်း အကြောင်းကြားစာများတွင် စစ်ကောင်စီအနေဖြင့် ရေရာသည့် အကြောင်းပြချက်တစ်စုံတစ်ရာ မပါပေ။
မြဝတီနယ်စပ်လမ်းကြောင်းမှတဆင့် မြန်မာပြည်တွင်းသို့ ထိုင်းနိုင်ငံထုတ်ဆိုင်ကယ်များ၊ ထိုင်း-ဗီယက်နမ် ဖက်စပ်ဆိုင်ကယ် အသစ်များကို ကုမ္ပဏီများမှတဆင့် တင်သွင်းမှုများရှိသလို ထိုင်း နှင့် ဂျပန် တပတ်ရစ် ဆိုင်ကယ်များကိုလည်း တစ်နိုင်တပိုင်စီးပွားရေးလုပ်ငန်းရှင်များက နည်းလမ်းအသွယ်သွယ်ဖြင့် တင်သွင်းလျက်ရှိနေသည်။
ပြီးခဲ့သည့် မေ ၈ ရက်နေ့မှစ၍ ဆိုင်ကယ်တင်သွင်းခွင့်ကို စစ်ကောင်စီမှ ပိတ်ပင်လိုက်ပြီးနောက် နယ်စပ်ဒေသနှင့် ပြည်တွင်းရှိဆိုင်ကယ် အရောင်းဆိုင်များကို ဝင်ရောက် စစ်ဆေးရှာဖွေဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့၍ ယနေ့ မေလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းအထိ မြဝတီနယ်စပ်ရှိ ဆိုင်ကယ်အရောင်းဆိုင်များမှာ ပိတ်သိမ်းထားဆဲဖြစ်ကြောင်း သိရသည်။



















