မေလ ၁၄ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့ ပြည်သူ့ဆေးရုံးဝန်းတွင် ယမန်နေ့(မေလ ၁၃) ရက်နေ့ ည ၉ နာရီကျော်တွင် ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
အဆိုပါဗုံးပေါက်ကွဲမှုသည် လက်လုပ်ဗုံးဟု ယူဆရပြီး ပေါက်ကွဲမှုကြောင့် ထိခိုက်သူမရှိသော်လည်း ဆေးရုံတံခါးမှန်အချို့ ပျက်စီးမှုများရှိသည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ယခုလိုပြောသည်။
” ဘယ်သူတွေလုပ်တာလဲတော့ မသိဘူး။ ဖြစ်တာကဆေးရုံဝန်းမှာ ဖြစ်တာ။ လက်လုပ်ဗုံးပဲထင်တယ်။ အငွေ့တွေအများကြီးပဲ တွေ့တယ်။ ညကပေါက်ပြီးတော့ လှိုင်းဘွဲတံတားကိုပေးမဖြတ်တော့ဘူး။ အနီး တဝိုက်လည်း သွားကြည့်ခွင့်မပြုဘူး။ လူတော့ မထိဘူး။ ဆေးရုံမှန်တချို့တော့ကွဲသွားတယ်။ ” ဟု ၎င်းဒေသခံက ကေအိုင်စီသို့ ပြောသည်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဆေးရုံဝန်းပတ်ဝန်းကျင်တွင် လုံခြုံရေးတင်းကြပ်မှုများရှိလာပြီး ယမန်နေ့ညတွင် လှိုင်းဘွဲမြို့အဝင် ချောင်းကူးတံတားကို အသွားအလာပိတ်လိုက်ကာ ယနေ့နံနက်တွင် အသွား အလာပြန်လည်ခွင့်ပြုလိုက်ပြီးဟု သိရသည်။
၎င်းဆေးရုံဝန်းအနီးအနားတွင် မြန်မာ့စီးပွားရေးဘဏ်နှင့်ကပ်လျက်ရှိပြီး ၎င်းစီးပွားရေးဘဏ်၏ မျက်နှာချင်းဆိုင်တွင် မြို့နယ်ရဲစခန်း ရှိသည်ဟု သိရသည်။
ပြီးခဲ့သည့် မေလ ၄ ရက်နေ့တွင်လည်း လှိုင်းဘွဲမြို့ ရှိ ပညာရေးမှူးရုံးအနီးတွင် အလားတူ ပေါက်ကွဲမှုမျိုး ဖြစ်ပွားခြင်းရှိခဲ့သည်ဟု သိရသည်။




















