Home သတင်း BGF နှင့် စစ်‌ကောင်စီတပ်ဖွဲ့ဝင်အကြား မှားယွင်းပစ်ခတ်မှုဖြစ်၊ BGF ၁၂ ဦး‌သေဆုံးပြီး စစ်‌ကောင်စီတပ်ဖွဲ့ ၃ ဦး‌သေဆုံး

BGF နှင့် စစ်‌ကောင်စီတပ်ဖွဲ့ဝင်အကြား မှားယွင်းပစ်ခတ်မှုဖြစ်၊ BGF ၁၂ ဦး‌သေဆုံးပြီး စစ်‌ကောင်စီတပ်ဖွဲ့ ၃ ဦး‌သေဆုံး

50816

‌မေလ ၁၄ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ နယ်ခြား‌စောင့်တပ် (BGF)တပ်ဖွဲ့ဝင်များနှင့် စစ်‌ကောင်စီတပ်ဖွဲ့ဝင်များအကြား ယမန်‌နေ့ ‌မေလ ၁၃ရက်‌နေ့ ည‌နေပိုင်းက အချင်းချင်းမှားယွင်းပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး BGF ဘက်မှ တပ်ဖွဲ့ဝင် ၁၂ ဦးနှင့် စစ်‌ကောင်စီ ဘက်မှ တပ်ဖွဲ့ဝင် ၃ ဦး‌သေဆုံးသွားသည်ဟု KNU တပ်မဟာ (၅)ဘက်က ‌ပြောသည်။

BGF အမှတ် (၁၀၁၃) တပ်ရင်း လက်‌အောက်ခံ တပ်ဖွဲ့ဝင်များနှင့် စစ်‌ကောင်စီ၏ ‌ခြေမြန်တပ်ရင်း (ခမရ-၄၀၈) တို့အကြား ယမန်‌နေ့ ည‌နေ ၃ နာရီ‌ကျော်တွင် KNU တပ်မဟာ(၅) နယ်‌မြေ ဒွယ်လိုးမြို့နယ်အတွင်း၌ အပြန် အလှန် မှားယွင်းပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု KNU တပ်မဟာ(၅) ‌ပြောခွင့်ရ ဒုဗိုလ်မှူးကြီး ‌စောကလယ်ဒို့က ယခုလို‌ပြောသည်။

“မ‌နေ့ ည‌နေ ၃နာရီ မိနစ် ၅ဝ ‌လောက်မှာ ခမရ (၄၀၈) နဲ့ BGF (၁၀၁၃)က လူ‌တွေနဲ့ အချင်းချင်း မှားပစ်ကြတာ။ ‌မော‌လောကလိုး ‌ကျေးရွာအနားမှာပဲဖြစ်တာ။ အဲ့လိုမှားပစ်ကြတဲ့အတွက် BGF ဘက်က ၁၂‌ယောက် ကျသွား တယ်။ စစ်‌ကောင်စီ ဘက်က ၃ ‌ယောက်ကျပြီး‌တော့ ‌ဒေသခံရွာသား ၃ဦးပါ ‌သေသွားတယ်။” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ယမန်‌နေ့ ည‌နေ ၃နာရီ ၂၃ မိနစ်ခန့်တွင်လည်း ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA) တပ်မဟာ ၅ ၏ တပ်ရင်း( ၁၀၂) ၊ တပ်ခွဲ(၃) တပ်ဖွဲ့ဝင်များနှင့် စစ်‌ကောင်စီ၏ ‌ခြေမြန်တပ်ရင်း (ခမရ-၄၀၈) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်‌ကောင်စီဘက်မှ (၉)ဦးကျဆုံးကာ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုလည်း ဒုဗိုလ်မှူးကြီး ‌စောကလယ်ဒို့က ဆက်‌ပြောသည်။

လတ်တ‌လောတွင် KNU တပ်မဟာ (၅) နယ်‌မြေအတွင်း စစ်‌ရေးပဋိပက္ခပြင်းထန်လျက်ရှိကာ ယခုလဆန်းပိုင်းက ၎င်းနယ်‌မြေများသို့ ရာနှင့်ချီ‌သော BGF တပ်ဖွဲ့ဝင်များ ‌ရောက်ရှိ‌နေပြီး KNLA တပ်ဖွဲ့ဝင်များနှင့် စစ်‌ကောင်စီ၊ BGF ပူး‌ပေါင်းတပ်ဖွဲ့ဝင်များအကြား ထိ‌တွေ့ပစ်ခတ်မှုများ ‌နေ့စဉ်နီးပါး ဖြစ်ပွားလျက်ရှိသည်။

အလားတူ KNU တပ်မဟာ (၅) နယ်‌မြေအတွင်းရှိ စစ်‌ကောင်စီ၏ ‌ခြေကုပ်စခန်းအချို့မှာ စခန်းကို ဆုတ်ခွာပြီး အနီး အနားရှိ တပ်စခန်းကြီးများနှင့် သွား‌ရောက်ပူး‌ပေါင်းခဲ့ကြ‌ကြောင်းလည်း တပ်မဟာ (၅) တာဝန်ရှိသူများထံမှ သိရသည်။