မေလ ၁၄ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်ခဲ့ကြသည့် ကျန်းမာရေး ဝန်ထမ်း ၅ဝ နီးပါးသည် လက်ရှိ CDM လှုပ်ရှားမှုတွင်မပါဝင်တော့ဘဲ သက်ဆိုင်ရာ လုပ်ငန်းခွင်သို့ ပြန်လည် ဝင်ရောက် လုပ်ကိုင်နေကြကြောင်း ဒေသခံသတင်းအရင်းအမြစ်က ကေအိုင်စီသို့ ပြောဆိုသည်။
စစ်အာဏာသိမ်းမှုစတင်ချိန်မှစ၍ လှိုင်းဘွဲ မြို့နယ်တစ်ခုလုံးအတိုင်းအတာဖြင့် CDM လှုပ်ရှားမှုတွင် မြို့နယ် ဆေးရုံအုပ် ဆရာဝန်၊ လက်ထောက်ဆရာဝန်အပါအဝင် သူနာပြုများပါဝင်သည့် ကျန်းမာရေးဝန်ထမ်းပေါင်း ၃၀ဝ နီးပါး ပါဝင်ခဲ့ကြပြီး ယခုတွင် အောက်ခြေမှ ဝန်ထမ်း(၅၀)ကျော်မှာ ယခုလဆန်းပိုင်းမှစ၍ Non CDM ပြန်လုပ်သွားခြင်းဖြစ်သည်ဟု ၎င်းသတင်းအရင်းအမြစ်က ပြောသည်။
၎င်းက “လှိုင်းဘွဲ တစ်မြို့နယ်လုံး အတိုင်းအတာနဲ့က ခန့်မှန်းခြေ ကျန်းမာရေး ဝန်ထမ်း ၃၀ဝ နီးပါး လောက်ရှိ တယ်။ အကုန်လုံးနီးပါး က CDM ဝင်ကြတာ။ ဝင်ကြပြီးတော့မှ တပြိုင်နက်မဟုတ်ဘဲနဲ့ တဖြည်းဖြည်းနဲ့ Non CDM ပြန်ဖြစ်ကြတာ။ ၁ဝ ကနေ ၂ဝ အဲ့ကနေ တဖြည်းဖြည်းများလာတာ အခုအချိန်ထိက အယောက် ၅ဝ လောက်ရှိ နေပြီး။” ဟုကေအိုင်စီသို့ပြောသည်။
ယခုလ ၈ ရက်နေ့က ဆေးရုံကို ပြန်လည်ဖွင့်လိုက်ပြီး ဖွင့်ပွဲပါ ပြုလုပ်ခဲ့ရာ ကျေးရွာ နယ်ဘက်တာဝန်ကျသည့် ကျန်းမာရေး ဝန်းထမ်းများအားလုံးကို မြို့နယ် ဆေးရုံကြီးတွင် ရုံးလာရောက် တက်ခိုင်းကြောင်း၊ ၎င်းရုံးလာ တက်သူများသည် မိမိဆန္ဒအရ လာရောက် တက်ကြသူများသာဖြစ်ပြီး နောက်ထပ် ၂လအချိန်ထိ စောင့်ကြည့်၍ နိုင်ငံရေး အခြေအနေ အဆင်ပြေပါက ဝင်ငွေ အခက်အခဲကြောင့် ရုံးပြန်တက်ကြမည့်သူများ ပိုများလာ မည်ဟုလည်း သတင်းအရင်း အမြစ်က ဆိုသည်။
“အသိတစ်ယောက်ကပြောတာက လုံးဝအဆင်မပြေတာတို့ မလုံခြုံတာတို့ ခံစားရပြီးတော့မှ ရုံးပြန်တက်ကြ သူတွေ မရှိဘူး။ အဲ့ဒါက နောက်ထပ် ၂လလောက်ဆိုရင် ဖြစ်လာနိုင်တယ်။ ဘာဖြစ်လဲဆိုတော့ တချို့ ကပြော တယ် နောက်ထပ် ၂လမှ အဆင်မပြေရင် ရုံးပြန်တက်ကြမယ်ပေါ့နော်၊ ဝင်ငွေတွေလည်း အဆင်မပြေကြ လို့ပေါ့နော်။ အခုလောလောဆယ်အထိ ရုံးပြန်တက်တဲ့ သူတွေကျတော့ တက်ချင်လို့ ပြန်တက်ကြတဲ့သူတွေပဲ ” ဟု ပြောသည်။
လှိုင်းဘွဲမြို့နယ်ဆေးရုံကို ပိတ်လိုက်ရသည်အထိ CDM အားကောင်းခဲ့သော်လည်း စစ်တပ်မှ ဆေးရုံပြန်ဖွင့်ရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းလာခဲ့သလို CDM လုပ်ဆောင်သည့် ဝန်ထမ်းများကိုလည်း ဖမ်းဆီးမည် ဟူသော ကောလာဟလများထွက်ပေါ်လာမှုကြောင့် တိမ်းရှောင် နေကြရသူများလည်း ရှိသည်။
မြို့နယ်ဆေးရုံအုပ်မှအစ CDMတွင် ပါဝင်ခဲ့မှုကြောင့် ပြီးခဲ့သည့် မတ်လ ပထမ အပတ်ခန့်က ဆေးရုံကို စစ်တပ်က ကိုင်တွယ်ရန် စစ်တပ်၊ ရဲ နှင့် အထွေထွေအုပ်ချုပ်ရေး ရုံးမှ အရာရှိများ စာရင်း ဇယားများကို ဆရာဝန်ကြီးထံ လာရောက်တောင်းယူခဲ့သော်လည်း ပြည်သူလူထုများ၏ ဝန်းရံပေးမှုကြောင့် အထမမြောက်ခဲ့ ကြောင်း ၎င်း သတင်းအရင်းအမြစ်က ဆိုသည်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့် အာဏာဖီဆန်ရေး လှုပ်ရှားမှုများကို နယ်ပယ်အသီးသီးမှ ဝန်ထမ်းများ ပါဝင်ခဲ့ကြပြီး စစ်ကောင်စီ၏ ခြိမ်းခြောက် ဖမ်းဆီးမှုများ၊ ဝင်ငွေ အခက်အခဲများနှင့် လုံခြုံမှု မရှိခြင်းများကြောင့် လုပ်ငန်းခွင် ပြန်လည်ဝင်ရောက်သူတချို့ရှိကြောင်းသိရပြီး အမျိုးသား ညီညွတ်ရေးအစိုးရ NUG အနေဖြင့်လည်း CDM ဝန်ထမ်းများကို ထောက်ပံ့သည့် အစီအစဉ်များရှိသော်လည်း CDM လုပ်ဆောင်သူ အားလုံးကို လွှမ်းခြုံမှု မရှိကြောင်း သိရသည်။



















