Home သတင်း စစ်‌ရှောင်များအတွက် ပဲခူးကရင်‌ရေးရာဝန်ကြီး‌နော်ပွယ်‌စေး ကူညီ‌ထောက်ပံ့မှုပစ္စည်းများ‌ပေးအပ်

စစ်‌ရှောင်များအတွက် ပဲခူးကရင်‌ရေးရာဝန်ကြီး‌နော်ပွယ်‌စေး ကူညီ‌ထောက်ပံ့မှုပစ္စည်းများ‌ပေးအပ်

2069

ဇန်နဝါရီလ ၂၁ ရက်၊ ၂၀၂၁ ခုနှစ်။ စဖန်း‌ရှောင်း

‌ကျောက်ကြီးမြို့နယ်အတွင်း လတ်တ‌လောစစ်‌ရေးတင်းမာမှုအ‌ခြေအ‌နေများ‌ကြောင့် ထွက်‌ပြေးတိမ်း‌ရှောင် ‌နေသူ‌ဒေသခံ များအတွက် လိုအပ်သည့် ကူညီ‌ထောက်ပံ့မှုပစ္စည်းအချို့ကို ပဲခူးတိုင်း ‌ဒေသကြီးကရင်တိုင်းရင်းသားလူမျိုး‌ရေးရာဝန်ကြီး ‌နော်ပွယ်‌စေးမှ ယမန်‌နေ့က ကရင်လူမှု‌ရေးရာအဖွဲ့ထံသွား‌ရောက်‌ပေးအပ်လှူဒါန်းခဲ့သည်ဟု သိရသည်။

ဇန်နဝါရီလ ၂ဝ ရက်‌နေ့၊ ‌နေ့လည်ခန့်က ကရင်‌ရေးရာဝန်ကြီးနှင့် မြို့နယ်အုပ်ချုပ်‌ရေးမှူးအပါအဝင် ဌာနဆိုင်ရာ တာဝန်ရှိသူအချို့မှ ကူညီ‌ထောက်ပံ့မှုပစ္စည်းများ လက်ခံရယူမည့် ‌ညောင်‌လေးပင်ခရိုင် ကရင်လူမှု‌ရေးရာအဖွဲ့နှင့် ‌ကျောက်ကြီးမြို့နယ်ရှိ KNU -ကရင်အမျိုးသားအစည်းအရုံး ဆက်ဆံ‌ရေးရုံးတွင်‌တွေ့ဆုံကာ ‌ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ကူညီ‌ထောက်ပံ့မှုပစ္စည်းများသွား‌ရောက်လက်ခံရယူခဲ့သည့် ‌ညောင်‌လေးပင်ခရိုင် ကရင်လူမှု‌ရေးရာအဖွဲ့မှ ‌ပြောခွင့်ရှိသူ ‌စောစိပယ်တယ်က “ ဝန်ကြီးက‌တော့ စစ်‌ဘေး‌ရှောင်ပြည်သူ‌တွေအတွက် လာလှူတာပါ။ ‌စောင်‌တွေ၊ အဝတ်အစား‌တွေ၊ ‌ဆေးဝါးနဲ့ ငါး‌ခြောက်‌တွေပါတယ်။ ‌နောက်ပြီးဝန်ကြီးက‌တော့ အခြား ဘာ‌တွေလိုအပ်လဲ၊ ဘာကူညီ‌ပေးနိုင်မလဲ ‌မေးမြန်းတာရှိတဲ့အတွက် ကျ‌နော်တို့ကလည်း ‌ဒေသခံ‌တွေရဲ့ ဆန္ဒအမှန်ကို‌ပြောပြခွင့်ရခဲ့တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ညောင်‌လေးပင်ခရိုင် ကရင်လူမှု‌ရေးရာအဖွဲ့အ‌နေဖြင့် ဝန်ကြီးနှင့်‌တွေ့ဆုံရာတွင် စစ်‌ဘေး‌ရှောင်‌ဒေသခံများ၏ လိုလား‌တောင်းဆိုမှုများဖြစ်သည့် စစ်‌ရေးပဋိပက္ခချုပ်ငြိမ်း‌ရေး၊ ၎င်းတို့‌နေထိုင်ရာ‌ဒေသတွင်းရှိ တပ်စခန်းများ ရုပ်သိမ်း‌ပေး‌ရေးနှင့် လက်ရှိဖြစ်‌ပေါ်‌နေသည့် အ‌ခြေအ‌နေများအ‌ပေါ်နှစ်ဖက် ‌တွေ့ဆုံညှိနှိုင်း အ‌ဖြေရှာ‌ရေး စသည့်အချက်များကို တင်ပြ‌ဆွေး‌နွေးခဲ့ကြသည်ဟုလည်း သိရသည်။

“ ကျ‌နော်တို့က ဒီ‌ထောက်ပံ့ကူညီတဲ့ပစ္စည်း‌တွေကို‌တော့ လက်ခံထားပြီးပြီ။ နှစ်ဖက်‌တွေ့ဆုံညှိနှိုင်းမှုမရှိဘူး၊ ‌သေချာတဲ့ရလဒ်လည်း တစ်ခုခုမရှိဘူးဆိုရင် ဒီလိုအ‌ခြေအ‌နေမှာ အဲဒီကူညီတဲ့ပစ္စည်း‌တွေကို စစ်‌ဘေး‌ရှောင် ‌နေရတဲ့‌ဒေသခံ‌တွေဆီ ကျ‌နော်တို့လည်း သွားပို့‌ပေးလို့မရဲဘူး။ ‌သေချာတဲ့ရလဒ်တစ်ခုခုအဆင်‌ပြေရင်‌တော့ ကူညီမှု‌တွေအတွက်ပိုပြီး ထိ‌ရောက်နိုင်မှာ‌ပေါ့”ဟုလည်း ‌စောစိပယ်တယ်က ဆက်‌ပြောသည်။

အဆိုပါတင်ပြမှုများအ‌ပေါ်ဝန်ကြီးအ‌နေဖြင့် သက်ဆိုင်ရာတာဝန်ရှိများထံပြန်လည်တင်ပြသွားမည်ဖြစ်‌ကြောင်း ‌ပြောဆိုခဲ့သည်ဟုလည်း ကရင်လူမှု‌ရေးရာအဖွဲ့၏‌ပြောပြချက်အရ သိရသည်။