ဇန်နဝါရီ ၂၁ ရက်၊ ၂၀၂၁ ခုနှစ်။ စောရှား
KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့အကြား ဖြစ်ပွားနေသော ပစ်ခတ် တိုက်ခိုက်မှုများအား ချက်ချင်းရပ်ဆိုင်းပေးရန် KNDP-ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီမှ အလေးအနက် တိုက်တွန်းတောင်းဆိုကြောင်း ယနေ့(ဇန်နဝါရီ ၂၁ ရက်)တွင် သတင်းထုတ်ပြန်ကြေညာလိုက်သည်။
KNU-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေများဖြစ်သည့် ဖာပွန်နှင့် ညောင်လေးပင်(ကျောက်ကြီး) ခရိုင်ဒေသများတွင် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ပြည်သူလူထု၏ အသက်အိုးအိမ်သေကြေပျက်စီးရခြင်း၊ ထွက်ပြေးတိမ်းရှောင်ရခြင်း၊ အတိဒုက္ခရောက်ရခြင်းများကို ထောက်ထားသောအားဖြင့် ယခုလို တိုက်တွန်းခြင်း ဖြစ်ကြောင်း KNDP ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောသည်။
၎င်းက “တိုက်ပွဲတွေကြောင့် ပြည်သူပြည်သားတွေ ဒီလောက်ပြေးနေလွှားနေ ဒုက္ခရောက်နေရတာကို အမြန် ဆုံးအဖြေရှာဖို့၊ စစ်ပွဲတွေ ရပ်ဆိုင်းဖို့ဆိုပြီးတော့ တိုက်တွန်းတာ။ တိုက်တာခိုက်တာတွေက မဖြစ်သင့်၊ မလုပ် သင့်တော့ဘူးလေ။”ဟု ကေအိုင်စီသို့ ပြောသည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားသော တပ်မ တော်များ ဖြစ်သည့်အားလျော်စွာ နှစ်ဖက်စလုံးမှ NCA ၏ သဘောသဘာဝများကို ပြည့်ပြည့်ဝဝ တိတိကျကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြရန် တိုက်တွန်းလိုကြောင်းလည်း မန်းအောင်ပြည်စိုးက ဆက်ပြောသည်။
ယခုနှစ်ဆန်းပိုင်းမှစတင်ကာ ဖာပွန်နှင့် ညောင်လေးပင်ခရိုင်အတွင်း KNU၏ တပ်မတော်ဖြစ်သည့် KNLA နှင့် မြန်မာ့တပ်မတော်တို့အကြား ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒေသခံလူထု ၄,၀၀ဝ ခန့်မှာ နီးစပ်ရာ ဒေသများ တွင် ထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်း သိရသည်။

KNDP ထုတ်ပြန်၌ အဆိုပါ ကိစ္စရပ်အပြင် ၂၀၂ဝ ပါတီစုံရွေးကောက်ပွဲတွင် ကရင်ပြည်နယ်သည် ပြည်နယ်၊ တိုင်းအားလုံးတွင် မဲမသာမာမှု အများဆုံးဖြစ်ကြောင်း မြန်မာတပ်မတော်၏ စိစစ်တွေ့ရှိထုတ်ပြန် ထားသည် ကိုတွေ့ရသည့်အတွက် ပြည်နယ်တွင်းရှိ မဲဆန္ဒရှင်များအနေဖြင့် ခိုင်လုံသောအထောက်အထားဖြင့် သိရှိခွင့် ရရေး တာဝန်ရှိအဖွဲ့အစည်းများမှ ပွင့်လင်းမြင်သာစွာ ဖော်ပြရှင်းလင်းပေးပါရန်လည်း ထုတ်ပြန်ချက် တွင်ပါ သည်။
၎င်းအပြင် ယခုလအတွင်း ဖြစ်ပွားခဲ့သော ကရင်ပြည်နယ်ခြားစောင့်တပ်-BGF တပ်ရင်းများမှ ထိပ်ပိုင်းခေါင်း ဆောင် ၃ ဦးကို အနားယူရန် ဖိအားပေးရာမှ ဖြစ်ပေါ်လာနိုင်သည့် တင်းမာမှုများကို ရှောင်ရှားနိုင်ရေးအတွက် နှစ်ဖက်စလုံး(မြန်မာတပ်မတော်နှင့် BGF)မှ တာဝန်ရှိပုဂ္ဂိုလ်များ အကြေအလည် ညှိနှိုင်းဆောင်ရွက်သွားကြရန် တိုက်တွန်းနှိုးဆော်ကြောင်းလည်း KNDP ထုတ်ပြန်ချက်တွင် ပါရှိသည်။
ပြည်နယ်ပါတီများပူးပေါင်းကာ ၂၀၁၈ ခုနှစ်တွင် တရားဝင်နိုင်ငံရေးပါတီအဖြစ် ထုတ်ပြန်ကြေညာဖွဲ့စည်းခဲ့သော ပြည်နယ်အခြေစိုက် KNDP သည် ၂၀၂ဝ ရွေးကောက်ပွဲ၌ မဲဆန္ဒနယ် တစ်နေရာမျှ အနိုင်မရရှိသော်လည်း ကရင်ပြည်နယ်အတွင်း ဒုတိယ မဲအများဆုံးရရှိခဲ့သည့် ပါတီဖြစ်သည်ဟု သိရသည်။
Covid-19 ရောဂါကာလတွင် ဖာပွန်၊ ညောင်လေးပင်(ကျောက်ကြီး)ဒေသများ၌ ပစ်ခတ်မှုများကြောင့် ဒေသခံ များမှာ ထပ်မံဒုက္ခရောက်နေသည့်အပေါ် ငြိမ်းချမ်းရေးကို ရည်စူးလျက် အစိုးရတပ်နှင့် KNU လက်နက် ကိုင်တပ်တို့မှ ခေါင်းဆောင်များအနေဖြင့် အမြန်ဆုံးတွေ့ဆုံ၊ ညှိနှိုင်းအဖြေရှာပေးပါရန် အကြံပြုကြောင်း ရန်ကုန်အခြေစိုက် KPP-ကရင်ပြည်သူ့ပါတီကလည်း ယနေ့တွင် သဘောထားထုတ်ပြန် ကြေညာလိုက်သည်။



















