Home သတင်း ကိုဗစ်‌ကြောင့် နယ်စပ် ‌သောင်ရင်းမြစ်ကမ်းတ‌လျှောက် ထိုင်းဘက်ခြမ်း လုံခြုံ‌ရေးတိုးမြှင့်

ကိုဗစ်‌ကြောင့် နယ်စပ် ‌သောင်ရင်းမြစ်ကမ်းတ‌လျှောက် ထိုင်းဘက်ခြမ်း လုံခြုံ‌ရေးတိုးမြှင့်

2477

ဒီဇင်ဘာ ၂၄ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ထိုင်းနိုင်ငံအတွင်း တ‌ကျော့ပြန် ကိုဗစ်ဂယက်‌ကြောင့် ထိုင်းတပ်မ‌တော် အမှတ်(၃) အ‌ရှေ့ တိုင်းမှူး ဒုတိယဗိုလ်ချုပ်ကြီး အဖိ‌ချေ့ဆုစပ်မှ ယ‌နေ့ (ဒီဇင်ဘာ ၂၄ ရက်)နံနက်ပိုင်းက ထိုင်း-မြန်မာ နယ်စပ် မြဝတီ-မဲ‌ဆောက် ‌သောင်ရင်းမြစ်ကမ်းတ‌လျှောက် စစ်‌ဆေးမှုများပြုလုပ်ခဲ့ပြီး‌နောက် လုံခြုံ‌ရေးတိုးမြှင့် ‌ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းမှစ၍ မြန်မာအလုပ်သမား အများစု‌နေထိုင်ရာ ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင် မဟာချိုင်နယ်‌မြေအတွင်း Covid-19 ပိုး‌တွေ့လူနာ ၁,၀၀ဝ ‌ကျော် ‌တွေ့ရှိခဲ့ပြီး‌နောက် ယခုလို ထိုင်း-မြန်မာနယ်စပ်တွင် နှစ်နိုင်ငံ တရားမဝင်နယ်စပ် ဖြတ်‌ကျော်ခြင်းများ မပြုလုပ်နိုင်‌ရေးအတွက် ယ‌နေ့ နံနက်ပိုင်းက ထိုင်းတပ်မ‌တော်မှ အမှတ် (၃) အ‌ရှေ့တိုင်းမှူး ဒုတိယဗိုလ်ချုပ်ကြီး အဖိ‌ချေ့ဆုစပ် ကိုယ်တိုင်လာ‌ရောက်စစ်‌ဆေးပြီး လုံခြုံတိုးမြှင့်‌ဆောင်ရွက်ရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဒုတိယဗိုလ်ချုပ်ကြီး အဖိ‌ချေ့ဆုစပ်၏ ညွှန်ကြားမှုအရ ထိုင်းဘက်ခြမ်း ‌သောင် ရင်းမြစ် ကမ်းတ‌လျှောက်မှာ သံဆူးကြိုးများ ကာရံခြင်း ၊ CCTV ကင်မရာများ တပ်ဆင်ခြင်း၊ ‌ဒေသတာဝန်ရှိ ဌာနဆိုင်ရာများပါဝင်‌သော ပူး‌ပေါင်းအဖွဲ့မှ ‌စောင့်ကြည့်ခြင်းစသည်ဖြင့် လုံခြုံ‌ရေးတိုးမြှင့်‌ဆောင်ရွက်ထား သည်ဟု ထိုင်းဘက်ခြမ်းက သိရသည်။

၎င်းအပြင် ‌နေရပ်ပြန် ထိုင်း‌ရောက်မြန်မာလုပ်သားများအ‌ပေါ် မြန်မာနိုင်ငံအစိုးရဘက်က ထိုင်း-မြန်မာ မြဝတီ-မဲ‌ဆောက် အမှတ် ၂ တံတား မှတဆင့် ကြိုဆိုလက်ခံခြင်းများ ပြုလုပ်‌ပေး‌နေသလို မြန်မာနိုင်ငံ တွင် အ‌ကြောင်းအမျိုးမျိုးဖြင့် ‌ရောက်ရှိ‌နေသည့် ထိုင်းနိုင်ငံသားများကိုလည်း အလားတူ လက်ခံကြိုဆို သွားမည်ဟု ထိုင်းဘက်ခြမ်းက ‌ပြောသည်။

ထိုကဲ့သို့ ထိုင်းဘက်ခြမ်းက ယခုရက်ပိုင်းအတွင်း ‌သောင်ရင်းမြစ်ကမ်းတ‌လျှောက် လုံခြုံ‌ရေး တိုးမြှင့် ‌ဆောင်ရွက်ထား‌သော်လည်း နှစ်နိုင်ငံကုန်သွယ်မှု မထိခိုက်‌စေ‌ရေးအတွက် ထိုင်း-မြန်မာ မဲ‌ဆောက်-မြဝတီ အမှတ် ၂ တံတားမှတဆင့် ပုံမှန်အတိုင်းခွင့်ပြု‌ပေးသွားမည်ဟု သိရသည်။

နှစ်နိုင်ငံနယ်စပ်ဖြတ်‌ကျော်ရာတွင် ယခင်ကပုံမှန်အသုံးပြုခဲ့‌သော အမှတ် (၁) ချစ်ကြည်‌ရေး တံတားနှင့် ‌သောင်ရင်းမြစ်ကမ်းတ‌လျှောက်ရှိ ‌လှေဆိပ် ၃၃ ခုကို ပြီးခဲ့သည့် မတ်လ ၁၆ ရက်‌နေ့ကတည်းက ပိတ် ထားခြင်းဖြစ်ပြီး ယခုအခါ ထိုင်းနိုင်ငံတွင်း တ‌ကျော့ပြန် ကိုဗစ်ဂယက်‌ကြောင့် ထိုင်းဘက်ခြမ်းမှ လုံခြုံ‌ရေးတိုးမြှင့် ‌ဆောင်ရွက်လာခြင်း ဖြစ်သည်။

လက်ရှိ ထိုင်း-မြန်မာနယ်စပ် မြန်မာဘက်ခြမ်း မြဝတီမြို့တွင် ကိုဗစ်ပိုး‌တွေ့လူနာ ၄၀ဝ ‌ကျော်ရှိ ‌နေပြီး ထိုင်းနိုင်ငံဘက်ခြမ်း မဲ‌ဆောက်မြို့တွင်လည်း ယခုရက်ပိုင်းအတွင်း ကိုဗစ်လူနာ ၅ ဦးထပ်မံ‌တွေ့ရှိ ထားပြီဖြစ်သည်ဟု မဲ‌ဆောက်‌ဆေးရုံကြီး ၏ ဒီဇင်ဘာ ၂၃ရက်‌နေ့ ထုတ်ပြန်ချက်အရ သိရသည်။