ဒီဇင်ဘာလ ၂၇ ရက်၊ ၂၀၂ဝပြည့်နှစ်။ နန်းဝေဖြိုးဇာ
၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်၏ ကရင်ပြည်နယ်ဘတ်ဂျက်ရငွေထဲတွင် ပြည်ထောင်စုမှ လွှဲပြောင်းထောက်ပံ့ပေးရသည့် ငွေမှာ ၈၆ရာခိုင်နှုန်း ရှိသည်ဟု ကရင်ပြည်နယ်၏ ယခုနှစ် ထုတ်ပြန်သည့် ရသုံးမှန်းခြေငွေစာရင်းစာစောင်တွင် ဖော်ပြထားသည်။
ယခု ဘဏ္ဍာနှစ်တွင် ကရင်ပြည်နယ်၏ အသုံးစရိတ် ဘတ်ဂျက်ရငွေကျပ် ၁၄၅,၂၉၆.၂၇၈သန်းရှိပြီး ထိုအထဲတွင် ပြည် နယ်မှ ကိုယ်တိုင်ရှာဖွေရငွေ ၄ရာခိုင်နှုန်း၊ ကြွေးမြီရငွေ ၁ဝရာခိုင်နှုန်းနှင့် ပြည်ထောင်စုလွှဲပြောင်းထောက်ပံ့ငွေ ၈၆ရာ ခိုင်နှုန်းရှိသည်ဟု ပါရှိသည်။
ပြည်ထောင်စုမှ လွှဲပြောင်းထောက်ပံ့ငွေများထဲတွင် အခွန်ဝေစု၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေနှင့် ပြည်ထောင်စုမှ ထောက်ပံ့ငွေဟူ၍ အမျိုးအစားသုံးခု ပါဝင်သည်ဟုလည်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်သူ့အတွက် ရသုံးမှန်းခြေငွေစာရင်း စာစောင်တွင် ဖော်ပြထားသည်။
ကရင်ပြည်နယ်၏ ကိုယ်တိုင်ရှာဖွေရငွေများသည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်ဖြစ်သည့် လတ် တလောနှစ်များတွင် ရှာဖွေရငွေမှာ တိုးတက်မှု မရှိခဲ့ကြောင်းလည်း ဘတ်ဂျက်စာစောင်တွင် ဖော်ပြထားသည်။
ထို့အပြင် ပြည်နယ်ဘတ်ဂျက်မှ ကိုယ်တိုင်ရှာဖွေရငွေများသည် အခွန်အကောက်မှ ရရှိသည့် ဝင်ငွေများဖြစ်ပြီး အစိုးရ အဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ သစ်တောဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့များမှ အခွန်ကောက်ခံနေခြင်းဖြစ်ကြောင်း ဒီဇင်ဘာလ ၂၂ရက်နေ့တွင် Zoom Meeting နှင့် ကျင်းပပြုလုပ်သည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ရသုံးမှန်းခြေငွေစာရင်းစာစောင် မိတ်ဆက်ပွဲတွင် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးသန်းရည်က ရှင်းလင်းပြောဆိုခဲ့သည်။
အခွန်အခများအနက် အခွန် ၈မျိုးကို ပြည်နယ်ဘတ်ဂျက်ပါ ဦးစီးဌာန၊ အဖွဲ့အစည်း ၅ခုမှ ကောက်ခံပြီး ကျန်ရှိသည့် အခွန်များသည် ပြည်ထောင်စုသို့ တိုက်ရိုက်သွားသည့်အတွက် ပြည်နယ်အနေဖြင့် အခွန်ဝေစုများသာ ပြန်လည်ရရှိ သည်ဟု ပြည်နယ်ဘတ်ဂျက်စာစောင် မိတ်ဆက်ရာတွင် အဆိုပါညွှန်ကြားရေးမှူးက ယခုလို ဆက်ရှင်းပြသည်။
ဦးသန်းရည်က “ဒီအခွန်အကောက်ကလွှဲပြီး ကျနော်တို့ ပြည်နယ်ဘတ်ဂျက်ထဲမှာ တစ်ခြားအခွန်အကောက်တွေ မဝင် ပါဘူး။ တခြားအခွန်ကောက်တွေက မေးခွန်းမှာလည်း ပြောပြီးသွားပြီ။ ပြည်တွင်းအခွန်က ကောက်တဲ့အခွန်တွေ ရှိပါ တယ်။ နောက်ပြီး ပြည်ပက ရတဲ့အခွန်တွေ ရှိပါတယ်။ အဲဒါတွေက ပြည်ထောင်စုက တိုက်ရိုက်ဆက်ဆံပါတယ်။ အဲဒီ ရတဲ့အခွန်တွေကို ပြည်ထောင်စုက ဘယ်လိုပြန်ပေးလဲဆိုတော့ အခွန်ဝေစုအဖြစ်နဲ့ တိုင်းဒေသကြီး၊ ပြည်နယ်တွေကို ပြန်လည်ပြီး ထောက်ပံ့ပေးတာဖြစ်တယ်။”ဟု မိတ်ဆက်ပွဲတွင် ပြောသည်။
ပြည်နယ်မှ ရှာဖွေရရှိသည့်အခွန်ဝင်ငွေသည် နည်းသည်ဟုဆိုနိုင်သလို အခွန်ဝင်ငွေ ရရှိနည်းသည့် အခြေအနေများနှင့် အခွန်ငွေထပ်မံရှိနိုင်သည့် အခြေအနေများကို သက်ဆိုင်ရာ အခွန်အကောက်ဌာနတို့နှင့် တွေ့ဆုံပြီး ပြန်လည်သုံးသပ် နိုင်ရန် အစီအစဉ်ရှိသည်ဟုလည်း ၎င်းက ပြောဆိုထားသည်။
အလားတူ ဘတ်ဂျက်စာစောင် ချပြရှင်းလင်းသည့် Zoom Meeting ရှင်းလင်းပွဲတွင် ပါဝင်သော ကရင်ပြည်နယ် စီမံ ကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က လက်ရှိအစိုးရသည် ပြည်နယ်ဘတ်ဂျက် ပွင့်လင်းမြင် သာမှုနှင့် အခွန်ဘဏ္ဍာငွေရရှိသည့် အခြေအနေများကို ပွင့်လင်းမြင်သာမှုရှိစေရန် ယခုကဲ့သို့ စာစောင်နှင့် ချပြရခြင်း ဖြစ်သည်ဟုလည်း ပြောသည်။
“ဘတ်ဂျက်ခွဲဝေအသုံးပြုမှု လုပ်ဆောင်လျက်ရှိခြင်းဆိုတဲ့နေရာမှာ အစိုးရရဲ့ အခွန်ဘဏ္ဍာငွေရရှိမှု၊ ရှာဖွေမှု၊ အသုံး စရိတ်များကို ပြန်လည် ခွဲဝေသုံးစွဲမှု စတာတွေနဲ့ပတ်သက်ပြီးတော့ နိုင်ငံသားတွေကို သတင်းအချက်အလက်များ ရရှိ စေချင်တာ မကဘဲနဲ့ ပြည်သူ့လိုအင်ဆန္ဒရဲ့လိုအပ်ချက်ကိုလည်း တုန့်ပြန်ဖြေရှင်းနိုင်ဖို့လည်း လိုအပ်မှာဖြစ်ပါတယ်။ ဒါမှ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ်ကို ပီပီပြင်ပြင် ဖြစ်ထွန်းလာစေမှာဖြစ်ပါတယ်။”ဟု ဝန်ကြီးဦးသန်းနိုင်က ပြော သည်။
ယခုအစိုးရသက်တမ်း၌ ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ် ၄ခုတွင် ကရင်ပြည်နယ် ဘတ်ဂျက်အသုံးစရိတ်သည် သိသာစွာ မြင့် တက်လာခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်၏အသုံးစရိတ်သည် ကျပ်သန်းပေါင်း ၉၁,၀၁၉.၉၂၃ ရှိရာမှ ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ၁၄၅,၂၉၆.၂၇၈အထိ တိုးမြင့်လာကြောင်း အဆိုပါစာစောင်တွင် ဖော်ပြထားချက်အရ သိရသည်။



















