နိုဝင်ဘာ ၇ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ နေနော်။
လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် ကရင်ပြည်နယ် (၇) မြို့နယ်အတွင်း အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်နေ့ထိ ကြိုတင်မဲပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ကြိုတင်မဲပေးခွင့်ရှိသူ မဲဆန္ဒရှင်စာရင်း၏ (၉၂.၉၃) ရာခိုင်နှုန်းထိ မဲပေးခဲ့ကြောင်း ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ထုတ်ပြန်ချက်အရ သိရသည်။
ကရင်ပြည်နယ်တွင် ဖားအံ၊ လှိုင်းဘွဲ၊ သံတောင်ကြီး၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြဝတီနှင့် ဖာပွန် စသည့် မြို့နယ် (၇) မြို့နယ်ရှိပြီး ခရိုင် ၄ ခု ဖြင့် ဖွဲ့စည်းထားကာ တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် မဲဆန္ဒရှင် လူဦးရေ (၁, ၂၃၆,၈၃၈) ဦး ရှိခဲ့ခြင်းဖြစ်သည်။
ထိုအထဲမှ ကြိုတင်မဲပေးခွင့်ရှိသူ (၁၆၇,၃၅၆) ဦးရှိသညျ့အနက် ကြိုတင်မဲပေးသူ(၁၅၅,၅၂၅) ဦးရှိကာ ရာခိုင်နှုန်းအားဖြင့် ၉၂.၉၃ ရာခိုင်နှုန်းထိ လာရောက်မဲပေးခဲ့ကြကြောင်း ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်မှုစာရင်းတွင် ဖော်ပြထားသည်။
ကြိုတင်မဲပေးခွင့်ရှိသူများမှာ အသက် ၆ဝ နှစ်အထက် သက်ကြီးရွယ်အိုများ၊ ရွေးကောက်ပွဲရက်တွင် မဲရုံအသီး သီး၌ တာဝန်ထမ်းဆောင်ကြမည့်သူများ၊ မသန်စွမ်းနှင့် ကျန်းမာရေးမကောင်းသူများ ရွေး ကောက်ပွဲရက်မတိုင်မီ မဖြစ်မနေ ခရီးသွားကြရမည့်သူများ၊ အချုပ်ခန်းအသီးသီးမှနေ၍ အမှုရင်ဆိုင်နေရသူများ နှင့် Covid- 19 ကြောင့် Quarantine Center များနှင့် Stay At Home အသွားအလာကန့်သတ်ထားသူများဖြစ်ကြောင်း မြဝတီမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး ဥက္ကဋ္ဌ ဒေါက်တာမြင့်အောင်ကျော်က ပြောသည်။
ကြိုတင်မဲပေးခြင်းကို အောက်တိုဘာလ ၂၉ ရက်မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၆ နာရီထိ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံး အသီးသီးတွင် လက်ခံဆောင်ရွက်ခဲ့ခြင်းဖြစ်သလို အိုမင်းမစွမ်းနှင့် နာမကျန်းဖြစ်သူများကိုမူ အိမ်တိုင်ရာရောက် သွားရောက်၍ မဲထည့်စေခြင်းဖြင့် ဆောင်ရွက်ခဲ့ကြသည်။
မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ် ထိစပ်နေသည့် မြဝတီခရိုင်အတွင်းတွင်မူ မဲဆန္ဒရှင်လူဦးရေ (၁၇၂,၀၂၅) ဦးရှိပြီး ကြိုတင်မဲပေးခွင့်ရှိသူ (၁၃,၅၅၇) ရှိရာ ကြိုတင်မဲပေးခဲ့သူ နိုဝင်ဘာလ ၅ ရက်နေ့ထိ (၁၆,၁၀၀) ဦးထိ ရှိနေကြောင်း သိရသည်။



















