Home သတင်း Covid 19 ကာကွယ်ရန် နယ်စပ်ဒုက္ခသည်စခန်းအတွင်း ဝင်ထွက်သွားလာမှု စိစစ်ကန့်သတ်မှု စတင်ပြုလုပ်

Covid 19 ကာကွယ်ရန် နယ်စပ်ဒုက္ခသည်စခန်းအတွင်း ဝင်ထွက်သွားလာမှု စိစစ်ကန့်သတ်မှု စတင်ပြုလုပ်

1878

မတ် ၁၈ ရက်၊ ၂၀၂ဝပြည့်နှစ်။ စအိုင်ဆူး

ထိုင်းအာဏာပိုင်များ၏ ညွှန်ကြားမှုဖြင့် လတ်တ‌လောဖြစ်ပွား‌နေသည့် ကိုရိုနာဗိုင်းရပ် ‌ရောဂါ ( Covid 19) ‌ကြောင့် ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက်ရှိ မြန်မာဒုက္ခသည်စခန်းများအတွင်းသို့ ဝင်ထွက်သွားလာမှုများကို ယမန်‌နေ့ (မတ်လ ၁၇ရက်)မှစ၍ စိစစ်ကန့်သတ်မှုများ စတင်ပြုလုပ်‌နေ‌ကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

ထိုင်းပြည်ထဲ‌ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်ဖြင့် ထိုင်းနိုင်ငံအတွင်း ‌ရောဂါကူးစက်ခံရသူများရှိ‌နေသည့် အ‌ပေါ် ဒုက္ခသည်စခန်းများအတွင်းသို့ ဝင်‌ရောက်ကူးစက်ပြန့်နှံ့ခြင်းမဖြစ်‌ပေါ်‌စေရန် ယခုလို စိစစ် ကန့်သတ်လိုက်ခြင်း ဖြစ်သည်ဟု ကရင်ဒုက္ခသည်‌ကော်မတီ(KRC) အတွင်း‌ရေးမှူး ‌စောပွယ်‌စေးက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “အထူးသဖြင့် ကျ‌နော်တို့ ဒုက္ခသည်စခန်း‌တွေကိုကျ‌တော့ NGO အဖွဲ့အစည်း‌တွေရဲ့ဝင်ထွက်သွားလာမှု ‌တွေ စခန်းသူစခန်းသား‌တွေရဲ့ ဝင်ထွက်သွားလာမှုကို ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်းဝင်ထွက်ကြ ဖို့ရှိတာ‌ပေါ့။ စခန်းထဲမှာ လူ(၅၀)ထက်ပိုပြီး စုရုံးလို့မရဘူး။ စခန်းထဲကို ဝင်မယ်ဆိုရင် သတ်မှတ်ထားတဲ့ ဝင်‌ပေါက်‌တွေက‌နေ ဝင်ရမယ်။ စိစစ်ပြီးမှ ‌ပေးဝင်မှာ‌ပေါ့‌နော်။ ခရီးလွန်တဲ့သူ‌တွေ သင်တန်း‌ကျောင်းသွားတဲ့ သူ‌တွေကျ‌တော့ သတ်မှတ်ထားတဲ့‌နေရာမှာ ပြန်အစိစစ်ခံပြီးမှ ဝင်ခွင့်‌ပေးမယ်” ဟု ‌ပြောသည်။

အဆိုပါ ဝင်ထွက်သွားလာမှုကန့်သတ်ခြင်းကို ရက်သတ္တပတ် (၂) ပတ်အထိ လုပ်‌ဆောင်သွားမည်ဖြစ်ပြီး စခန်းအသီးသီးမှလည်း သက်ဆိုင်ရာ စခန်း တာဝန်ရှိသူများက ညွှန်ကြားချက်စာများထုတ်ပြန်ထား‌ကြောင်း စခန်းတာဝန်ရှိသူများက ‌ပြောသည်။

ကမ္ဘာ့ကျန်းမာ‌ရေးအဖွဲ့-WHOမှ အသက်ရှူလမ်း‌ကြောင်းဆိုင်ရာ ‌ရောဂါ (Covid-19)ကို ကမ္ဘာ့ကပ်‌ရောဂါအဖြစ် မတ်လ ၁၂ရက်‌နေ့က သတ်မှတ်‌ကြေညာလိုက်ပြီး‌နောက် ကမ္ဘာတဝှမ်း ခရီးသွားလာမှုများကို စီစဉ်ကန့်သတ်မှု များပြုလုပ်လာသလို ထိုင်းနိုင်ငံအတွင်း၌လည်း ‌ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်ကာကွယ်‌ရေးအတွက် အပြည်ပြည်ဆိုင်ရာ ဝင်‌ပေါက်ထွက်‌ပေါက်များကို စိစစ်ကန့်သတ်မှုများ အထူးကြပ်မတ်ပြုလုပ်လာခဲ့သည်။

မယ်လ ဒုက္ခသည်စခန်း ဥက္ကဋ္ဌ ‌စော‌အောနက်က“ကျ‌နော်တို့ စခန်းမှာ စခန်းအပြင်ဘက်ကို ထွက်နိုင်တဲ့ အ ‌ပေါက်‌တွေက အများကြီးပဲ ၁၃ ခု‌လောက်ရှိတာကိုး။ ခိုးထွက်တဲ့အ‌ပေါက်‌ရောပဲ။ အခုက တရားဝင် ၄‌ပေါက် ‌လောက်ပဲ ဝင်ထွက်ခွင့်‌ပေး‌တော့မယ်။ ဒီ‌ရောဂါအ‌ပေါ် ကာကွယ်မှုအရဖြစ်‌စေ သတိ‌ပေးမှုအရဖြစ်‌စေ ညွှန်ကြား မှု‌တော့ရှိပါတယ်” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ကမ္ဘာတဝှမ်း ကူးစက်ပြန့်နှံ့လာ‌သော အဆိုပါ ကပ်‌ရောဂါ၏ ‌နောက်ဆုံးထုတ်ပြန်ထားချက်အရ ကမ္ဘာ့ နိုင်ငံ‌ပေါင်း တစ်ရာ‌ကျော်ကို ကူးစက်ပြန့်နှံ့လာခဲ့ပြီး ‌ရောဂါ ကူးစက်ခံရသူ‌ပေါင်း တစ်သိန်းနှစ်‌သောင်း‌ကျော် ရှိလာကာ ‌သေဆုံးသူခုနှစ်‌ထောင်နှစ်ရာ‌ကျော်ရှိ‌နေပြီဖြစ်သည်။ ထိုင်းနိုင်ငံတွင်လည်း ကူးစက်ခံရသူ (၂၀၀)‌ကျော်ရှိ‌နေပြီး တစ်ဦး‌သေဆုံးသွား‌ကြောင်း WHOက သတင်းထုတ်ပြန်ထားသည်။

အလားတူ ထိုင်းနိုင်ငံအပါအဝင် မြန်မာနိုင်ငံတွင်လည်း ‌ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ရန်အတွက် ခရီး သွားလာမှုများ၊ လူစုလူ‌ဝေးများမပြုလုပ်ရန်နှင့် ရာသီအတာသကြင်္န်ပွဲ‌တော်များနှင့် ပွဲလမ်းသဘင်များကို ယခုမတ်လ ၁၃ရက်မှ ဧပြီလ ၃ဝရက်‌နေ့အထိ မပြုလုပ်ရန် နိုင်ငံ‌တော် သမ္မတရုံးမှ ထုတ်ပြန်‌ကြေညာထား သည်။

ထို့အပြင် လက်ရှိ‌ဖော်‌ဆောင်‌နေဆဲ မြန်မာ့ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်အတွက် လိုအပ်သည့် အစည်းအ‌ဝေး ‌ဆွေး‌နွေးပွဲများကိုလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့မှ အဆိုပါ ကပ်‌ရောဂါ‌ကြောင့် ရက်အကန့် အသတ်မရှိ ရပ်ဆိုင်ထား‌ကြောင်း ထုတ်ပြန်‌ပြောဆိုထားမှုများရှိသည်။

ထို့အတူ KNU-ကရင်အမျိုးသားအစည်းအရုံး၏ ကျန်းမာ‌ရေးနှင့် ကယ်ဆယ်‌ရေးဌာန (KDHW)ကလည်း Covid 19 ‌ရောဂါ ကူးစက်နိုင်မှုအ‌ခြေအ‌နေနှင့် ကြိုတင်ကာကွယ်မှုအစီအစဉ်များနှင့်ပတ်သက်၍ ကရင်ပြည်သူများအား အသိ‌ပေးအ‌ကြောင်းစာတစ်‌စောင်ကို ယမန်‌နေ့ (မတ်လ ၁၇ရက်‌နေ့)က ထုတ်ပြန်ခဲ့သည်။

ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက် ကရင်၊ ကရင်နီ(ကယား) ဒုက္ခသည်စခန်း (၉)ခုတွင် ဒုက္ခသည်‌ပေါင်း (၉၃,၃၁၇)ဦးရှိသည်ဟု ယခုနှစ် ‌ဖေ‌ဖော်ဝါရီလအထိ ထုတ်ပြန်ထားသည့် ကမ္ဘာ့ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်း ကြီးရုံး(UNHCR)၏ ထုတ်ပြန်ထားချက်အရ သိရသည်။