မတ်လ ၁၈ ရက်၊ ၂၀၂ဝ ခုနှစ်။ စောရှား
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးတက်ကြွလှုပ်ရှားသူ စောသာဘိုးအပေါ် တရားစွဲဆိုခြင်းအား ချွင်း ချက်မရှိ ရုပ်သိမ်းပေးရန် ကရင်ပြည်နယ်အခြေစိုက် အရပ်ဖက်လူမှု အဖွဲ့အစည်း(CSO)၃၃ ဖွဲ့က ယနေ့(မတ် ၁၈)ရက်စွဲဖြင့် သဘောထား ထုတ်ပြန်၍ တောင်းဆိုလိုက်သည်။
သက်ဆိုင်ရာအစိုးရတာဝန်ရှိသူများမှ စောသာဘိုးအား ပုဒ်မ ၅၀၅ (ခ)ဖြင့် တရားစွဲဆိုခြင်းအား ချွင်းချက်မရှိ ရုပ်သိမ်းပေးရန်၊ ဖြစ်ပေါ်လျက်ရှိသော ရေမဲပြဿနာကို တရားဝင်ဖြေရှင်းပေးရန် တောင်းဆိုထားကြောင်း ပူးပေါင်းထုတ်ပြန်ချက်တွင် ပါဝင်သည့် ကရင်ရေးရာကော်မတီ(KAC)မှ အတွင်းရေးမှူး စောကျော်စွာက ကေအိုင်စီသို့ ယခုလို ပြောသည်။
“(ပြည်နယ်အစိုးရက) မကြိုက်နှစ်သက်ဘူးဆိုရင် (စောသာဘိုးကို)ခေါ်ယူဆွေးနွေးပြီးတော့ ဘယ်လို လုပ်ရင် ကောင်းမလဲဆိုတာ ဖြစ်စေချင်တယ်။ ဖြစ်ပေါ်နေတဲ့ ရေမဲကိစ္စကို အစိုးရအနေနဲ့ အရပ်ဖက် အဖွဲ့ရယ်၊ ပညာရှင်ရယ် ပူးပေါင်းအဖြေရှာပြီးတော့မှ ပြည်သူအတွက် အကျိုးရှိတဲ့ အလုပ်ကိုလုပ်စေချင်တယ်။” ဟု ပြောသည်။
မတ်လ ၆ ရက်နေ့တွင် ကရင်ပြည်နယ် ဖားအံမြို့နယ် ဒု-အုပ်ချုပ်ရေးမှူးမှ စောသာဘိုးကို ပုဒ်မ ၅၀၅ (ခ) နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် တရားရုံးထံ တရားလိုပြုတိုုင်ကြားခဲ့သလို ဖားအံမြို့ရှိ စောသာဘိုး နေအိမ်၌ တရားရုံးဆင့်ခေါ်စာနှင့်အတူ ရဲတပ်ဖွဲ့ဝင် အင်အားဖြင့် သွားရောက် ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။
စောသာဘိုးနေအိမ်သို့ ဝင်ရောက်ရှာဖွေခဲ့ခြင်းနှင့်ပတ်သက်၍ လွန်ခဲ့သော ဇန်နဝါရီလ ၁၇ ရက်နေ့ တွင် ‘မြိုင်ကလေးဘိလပ်မြေစက်ရုံ၏ ကျောက်မီးသွေးလောင်စာအသုံးပြုမှုကို ဖျက်သိမ်းပေးရန် ဒေသခံများ၏ မေတ္တာပို့ဆုတောင်းပွဲ’ ပြုလုပ်ခဲ့သောကြောင့်ဖြစ်ကြောင်း ထုတ်ပြန်ချက်ထဲတွင် ရေးသားဖော်ပြထားသည်။
ယခုလို ပြုလုပ်ခြင်းအားဖြင့် ကရင်ပြည်နယ်အစိုးရသည် အာဏာရှင်အစိုးရဆန်နေကြောင်း၊ အစိုးရ နှင့်အရပ် ဖက်အဖွဲ့များအကြား ယုံကြည်မှုပျက်ပြားရန် လုပ်ဆောင်နေကြောင်း၊ ပြည်သူ့အသံကို လျစ်လျူရှုပြီး ဒီမိုကရေစီ လမ်းစဉ်နှင့်အညီ မှန်ကန်စွာ တုန့်ပြန်မှုမရှိကြောင်း၊ စောသာဘိုးအား ကိုင်တွယ်ဖြေရှင်းပုံတွင် ပြည်နယ် အစိုးရသာမက အာဏာရပါတီ(NLD)ပုံရိပ်ပါ ကျဆင်းလာနေသည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
အဆိုပါ ထုတ်ပြန်တောင်းဆိုလိုက်သည့် ကရင်ပြည်နယ်အခြေစိုက် CSOs (၃၃)ဖွဲ့အထဲတွင် ပြည်နယ်၊ ကရင်စာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်း၊ လူမှုရေးရာသုတေသန အဖွဲ့(RISE)၊ ကရင်လူ့ အခွင့်အရေးအဖွဲ့(KHRG)၊ ကရင်ရေးရာ ကော်မတီ(KAC)၊ ဖလုံပညာ တိုးတက်ဖွံ့ဖြိုးရေးယူနစ်(PEDU)နှင့် ကရင်သဘာဝပတ်ဝန်းကျင်နှင့်လူမှုရေးဆိုင်ရာ လှုပ်ရှားမှုကွန်ယက်(KESAN) စသည့် လူမှုအဖွဲ့ အစည်းများလည်း ပါဝင်သည်။
အဆိုပါ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် မွန်တိုင်းရင်းသားရေးရာဝန်ကြီး မင်းတင် ဝင်းက “စောသာဘိုးအပေါ်မှာ CSOတွေက အဲလို ကြေညာချက်ထုတ်လိုက်တဲ့အပေါ်မှာ ဒီနေ့ ကတ်ဘိနက်(ဝန်ကြီးအဖွဲ့အစည်းအဝေး)ရှိပါတယ်။ ဒါပြီးမှ အစိုးရအသံထွက်ပေါ်လာမှာပါ။ ” ဟု ကေအိုင်စီသို့ ယနေ့တွင် ပြောသည်။
ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ)တွင် နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ရေးကိုဖြစ်စေ ထိခိုက် သည့်ပြစ်မှုကို တစ်ဦးတစ်ယောက်သောသူက ကျူးလွန်ချင်လာအောင် အများပြည်သူကို လည်းကောင်း၊ အများ ပြည်သူ၏ သီးခြားလူစုကိုသော်လည်းကောင်း ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခုဖြစ်စေရန် အကြံရှိလျှင် သို့တည်းမဟုတ် ထိုသို့ဖြစ်စေတန်ရာသည့် အကြောင်းရှိလျှင်” ဟူ၍ ပြဌာန်းထားသည်။
စောသာဘိုးတရားစွဲဆိုခံထားရခြင်းနှင့်ပတ်သက်၍ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းသည့်အဖွဲ့ ၊ လူ့အ ခွင့်အရေးအဖွဲ့ အမျိုးသမီးအဖွဲ့များနှင့် အခြားအရပ်ဖက်အဖွဲ့များအပါအဝင် အဖွဲ့ပေါင်း ၃၀ဝ ကျော်မှ တစ်ဖွဲ့ချင်း သော်လည်းကောင်း အစုအဖွဲ့ဖြင့်သော်လည်းကောင်း မတ်လ ၁ဝ ရက်နေ့မတိုင်မီ အချိန်အထိ သဘောထား များအသီးသီး ထုတ်ပြန်ခဲ့ကြပြီလည်း ဖြစ်သည်။
စောသာဘိုးသည် သံလွင်မြစ် ပေါ်ရှိတည်ဆောက်မည့် ရေကာတာ စီမံကိန်းများနှင့်ပတ်သက်၍ ရပ်တန့် စေ ရေးအတွက် တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သလို မြစ်ချောင်းအရေး၊ သဘာဝပတ်ဝန်းကျင်အရေးအပြင် ကရင်ပြည်နယ်အတွင်းကျောက်မီးသွေးလောင်စာနှင့် လျှပ်စစ်စွမ်းအင်ထုတ်လုပ် အသုံး ပြုလည်ပတ်ခြင်းနှင့်ပ တ်သက်၍ ဒေသခံပြည်သူနှင့်အတူ ကန့်ကွက်မှုများ လုပ်ဆောင်ပေးသူတစ်ဦးလည်း ဖြစ်သည်။
နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် အမှုဖွင့်ထားခြင်းခံရသည့် စောသာဘိုးအနေဖြင့် မတ်လ ၁ဝ ရက်နေ့၌ ဖားအံမြို့ တရားရုံးတွင် အမှုကြားနာ စစ်ဆေးရန်ချိန်းဆိုထားသော်လည်း ၎င်းအနေဖြင့် တရားရုံးသို့ လာ ရောက်ခြင်း မရှိခဲ့ကြောင်းလည်း သိရသည်။



















