ဘယ်ရောက်နေလဲ —
ဘယ်သွားနေလဲ —
မျက်စိလည် လမ်းမှားလို့လား —
သွေးဆောင်ဖြားယောင်းခံရတာလား —
စိတ်နဲ့ကိုယ်တခြားစီဆိုတော့ —
လက်မှာ ချည်မျှင်လေးမရှိတော့လို့နေမယ်။
ဝါခေါင်လရောက်ရင်
လိပ်ပြာခေါ်ပွဲရှိတယ်
သွားချင်ရာသွား ရောက်ချင်ရာရောက်နေတဲ့—
နတ်ဆိုးတွေဆီ ခိုနားနေတဲ့—
မကောင်းဆိုးဝါး ပူးကပ်နေတဲ့—
လိပ်ပြာတွေကို ပြန်ခေါ်ရမယ်။
နှစ်ရှည်လများ
အရောင်ခြယ်ခံထားရတဲ့ လိပ်ပြာတွေ
လှောင်အိမ်ထဲမှာပိတ်မိနေတဲ့ လိပ်ပြာတွေ
ချောင်ကြိုချောင်ကြားမှာ တစ်ဆို့နေတဲ့ လိပ်ပြာတွေ
မွေးစားခံဘဝနဲ့ တင်းတိမ်နေတဲ့ လိပ်ပြာတွေ
— လိပ်ပြာတွေ
— လိပ်ပြာတွေ
အားလုံးကို ယောက်မခေါက်ပြီး ပြန်ခေါ်ရမယ်။
‘ပလူးလာ ပလူးလာ ဟယ့်ထိုင် ဟယ့်ထိုင်’
ခိုင်ခံ့တဲ့ ပျဉ်ထောင်အိမ်ကြီးထဲမှာ
‘ဝိနွယ့်ဟာ လာနွယ့်ဟာ’
ဆွေမျိုးရင်းခြာ စုံစုံလင်လင် ပြန်လာပါ— တဲ့
ဘိုးဘွားမိဘများရဲ့ သတိပေး စကားသံ
ကြားယောင်ဖန်များဖို့ လိုတယ်။
မဟာဝါဒခေတ်ကာလမှ
နတ်ဆိုးတွေ ကြီးစိုးတဲ့ခေတ်
စနစ်ရဲ့သားကောင်တွေက မနည်းဘူး
ပျံသန်းလူးလွန့်ရတဲ့ လိပ်ပြာတွေလည်း မနည်းဘူး
သဲကန္တာရမှ စတဲ့ခရီး
ဆွေမျိုးနဲ့ မနီးတဲ့ ရေခြား မြေခြား
အတားအဆီးတွေ ကြားက
အစုလိုက် လွင့်နေရတာကို တွေ့ရတယ်။
လိပ်ပြာတွေ လွင့်နေရတာ
လူသားမဆန်တဲ့ လူတစ်စုရဲ့ ပယောဂကြောင့်
အနှောင့်အယှက်တွေ အဆုံးမသတ်နိုင်သေး—
ခရီးစဉ်လည်း အဆုံးမသတ်နိုင်သေး—
ခရီးလမ်းလည်း မဖြောင့်ဖြူးသေး—
ဝါခေါင်လရဲ့ ချည်မျှင်လေးက
လိပ်ပြာအတွက် သကေင်္တဖြစ်တယ်
ဝါခေါင်လရဲ့ ချည်မျှင်လေးက
လိပ်ပြာအတွက် နှောင်ဖွဲ့စေတယ်
ဝါခေါင်လရဲ့ လက်ဆုံရာက
လိပ်ပြာအတွက် အားဖြစ်တယ်။
အမျိုးသားသစ္စာဖြင့်
စောယောင့်သာအဲဆန်
၁၁.၈.၂ဝ၁၉
(ဝါခေါင်လ ကရင်ရိုးရာချည်ဖြူဖွဲ့မဂင်္လာပွဲအား ဤကဗျာဖြင့် ဂုဏ်ပြုလျက်)
မှတ်ချက် ။ ။ ဝိညာဏ=ဝိညာဉ် စိတ်၊ အသက်၊ လိပ်ပြာ ။



















