Home သတင်း ကရင်ပြည်နယ်တွင် H1N1 ဓာတ်ခွဲအတည်ပြုလူနာ ၆ဦးရှိဟု ကျန်းမာ‌ရေးဦးစီးဌာနမှူး‌ပြောဆို

ကရင်ပြည်နယ်တွင် H1N1 ဓာတ်ခွဲအတည်ပြုလူနာ ၆ဦးရှိဟု ကျန်းမာ‌ရေးဦးစီးဌာနမှူး‌ပြောဆို

3102

ဇူလိုင် ၂၉ရက်၊ ၂၀၁၉ခုနှစ်။ စဖန်း‌ရှောင်း

ပြည်နယ်နှင့် တိုင်း‌ဒေသကြီးအချို့တွင် ဖြစ်ပွား‌နေသည့် ပြင်းထန်ရာသီတုပ်‌ကွေး H1N1 မှာ ကရင်ပြည်နယ်တစ်ခုလုံး အတိုင်း အတာအရ ယ‌နေ့အထိ ဓာတ်ခွဲအတည်ပြု ဖြစ်ပွားသူဦး‌ရေ ၆ဦးရှိ‌ကြောင်း ကရင်ပြည်နယ် ကျန်းမာ‌ရေးဦးစီးဌာနထံမှ သိရသည်။

အဆိုပါပြင်းထန်ရာသီတုပ်‌ကွေးကို ကျန်းမာ‌ရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွန်ချက်ဖြစ်သည့် ‌ရောဂါကြည့်ရှု‌ထောက် လှမ်းသည့်စနစ်ဖြင့် ‌စောင့်ကြပ်ကြည့်ရှုမှုများ ပြုလုပ်ခဲ့ရာ ဇွန်လနှင့် ဇူလိုင်လများအတွင်း ကရင်ပြည်နယ်တွင် သံသယရှိ လူနာ များကို စတင် ‌တွေ့ရှိခဲ့ရခြင်းဖြစ်သည်ဟု ပြည်နယ်ကျန်းမာ‌ရေးဦးစီးဌာနမှူးက ယခုလို ‌ပြောသည်။

ကရင်ပြည်နယ်ကျန်းမာ‌ရေးဦးစီးဌာနမှူး ‌ဒေါက်တာ‌ကျော်စွာမြင့်က “ဒီ‌နေ့‌လောက်အထိကို သံသယဖြစ်လို့ ဓာတ်ခွဲပို့ထားတဲ့သူ ၇၀‌ကျော်‌လောက်ရှိမယ်။ အဲဒီအထဲကမှ ၆‌ယောက်‌လောက် ‌တွေ့တယ်‌ပေါ့။ ထူးထူးခြားခြားအ‌နေနဲ့ ကရင်ပြည်နယ်အ‌နေနဲ့ဆို ယ‌နေ့အထိ ဆုံးပါးသွားတာမျိုး‌တွေ မရှိပါဘူး။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကျန်းမာ‌ရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ‌ဖော်ပြထားချက်အရ ဇန်န ဝါရီလ ၁ရက်‌နေ့မှ ဇူလိုင်လ ၂၇ရက်‌နေ့အထိ ပြည်နယ်နှင့် တိုင်း‌ဒေသကြီးအလိုက် ဖြစ်ပွားမှုနှုန်းကိုအ‌ခြေခံ၍ ကရင်ပြည်နယ် တွင် ‌ရောဂါသံသယရှိသူ ၇၁ဦးကို ဓာတ်ခွဲစစ်‌ဆေးခဲ့ပြီး ထိုအထဲမှ ‌ရောဂါဖြစ်ပွားသူဦး‌ရေ ၆ဦးရှိ‌ကြောင်း အတည်ပြုခဲ့ကြသည်။

လက်ရှိတွင် ပြည်နယ်အတိုင်းအတာအရ ‌ရောဂါအတည်ပြုသူ ၆ဦးအနက် အချို့မှာ သက်သာ‌ပျောက်ကင်းသွားပြီးဖြစ်သလို ကျန်ရှိလူနာများကိုလည်း ‌စောင့်ကြပ်ကြည့်ရှုမှုများနှင့် ကျန်းမာ‌ရေး ‌စောင့်‌ရှောက်မှုများ ပြုလုပ်‌ပေး‌နေ‌ကြောင်းလည်း ကရင် ပြည်နယ် ကျန်းမာ‌ရေးဦးစီးဌာနရုံး တာဝန်ရှိသူက ‌ပြောဆိုသည်။

ပြင်းထန်ရာသီတုပ်‌ကွေးမှာ လူတစ်ဦးနှင့်တစ်ဦးကြား ကူးစက်ပြန့်ပွားနိုင်ပြီး ‌ရောဂါဖြစ်ပွားပါက နှာ‌ချေ၊ ‌ချောင်းဆိုးတိုင်း ပါးစပ်နှင့် နှာ‌ခေါင်းများကို ‌သေချာစွာ ဖုံးအုပ်ခြင်း၊ လက်ကို မကြာခဏ စင်ကြယ်စွာ‌ဆေး‌ကြောခြင်း၊ လူ‌နေထူထပ်သည့်‌နေရာများသို့ သွား ‌ရောက်ခြင်းများကို ‌ရှောင်ကြဉ်ရမည်ဖြစ်‌ကြောင်းလည်း ကျန်းမာ‌ရေးနှင့်အားကစားဝန်ကြီးဌာနမှ အသိပညာ‌ပေးချက်များ ထုတ် ပြန်ထားသည်။

“ရာသီတုပ်‌ကွေးနဲ့ပတ်သက်ပြီး အဓိကက‌တော့ ‘ရာသီတုပ်‌ကွေး‌ရောဂါ မိမိကစ၍ကာကွယ်ပါ’ ဆိုတဲ့‌ဆောင်ပုဒ်အတိုင်း ကိုယ့် ကိုယ်ကိုစပြီး ကာကွယ်ပါ။ တကယ်လို့ ကိုယ်က ဖြစ်လာရင်‌တောင်မှ တခြားလူ‌တွေဆီ မကူးဖို့ ပိုအ‌ရေးကြီးပါတယ်။ ‌ဆေးမီး တို‌တွေနဲ့ ကြုံရာ‌ဆေး‌တွေနဲ့မကုကြပါနဲ့။ အန္တရာယ်များပါတယ်။ ‌ဆေးရုံ‌ဆေးခန်းမှာ စနစ်တကျ ကုသမှုခံယူပါ။ မိမိကအစ ကာ ကွယ်ပါဆိုတဲ့ အချက်ကိုပဲ အဓိကထားပြီး လုပ်မယ်ဆိုရင် ဒီကွင်းဆက်ကြီးကို ဖြတ်လို့ရပါပြီ။”ဟု ‌ဒေါက်တာ‌ကျော်စွာမြင့်က ‌ပြောသည်။

ကရင်ပြည်နယ်တွင် ၂၀၁၇ခုနှစ်က ပြင်းထန်ရာသီတုပ်‌ကွေး ဖြစ်ပွားမှုများရှိခဲ့ပြီး အဆိုပါ‌ရောဂါ‌ကြောင့် မိန်းက‌လေးငယ်တစ်ဦး ‌သေဆုံးခဲ့သည်။ တစ်နိုင်ငံလုံးအတိုင်းအတာအရ ယခုနှစ် ၂၀၁၉၊ ဇန်နဝါရီလ ၁ရက်‌နေ့မှ ဇူလိုင်လ ၂၇ရက်‌နေ့အထိ ဓာတ်ခွဲ စစ်‌ဆေးသူ သံသယရှိလူနာ ၉၆၉ဦး၊ ဓာတ်ခွဲအတည်ပြုဖြစ်ပွားသူလူနာ ၄၀၆ဦးရှိခဲ့ပြီး ‌သေဆုံးမှုမှာ ၇၈ဦးရှိ‌ကြောင်း ပြည်သူ့ ကျန်းမာ‌ရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။