Home သတင်း ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ တက္ကသိုလ်တက်မည့်သူများ မာန်မြင့်ဟိန်းပညာ‌ရေး‌ဖောင်‌ဒေးရှင်းတွင် ပညာသင်‌ထောက်ပံ့မှု ‌လျှောက်ထားနိုင်

ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ တက္ကသိုလ်တက်မည့်သူများ မာန်မြင့်ဟိန်းပညာ‌ရေး‌ဖောင်‌ဒေးရှင်းတွင် ပညာသင်‌ထောက်ပံ့မှု ‌လျှောက်ထားနိုင်

3012

ဇူလိုင် ၃ဝရက်၊ ၂ဝ၁၉ခုနှစ်။ ‌စောမြတ်ဦးသာ

ဆယ်တန်း‌အောင်မြင်ထားပြီး တက္ကသိုလ်ပညာသင်ယူလိုသူနှင့် တက္ကသိုလ်တက်‌ရောက်‌နေသည့် ကြာအင်းဆိပ်ကြီးမြို့နယ်မှ ‌ဒေသခံ‌ကျောင်းသူ/‌ကျောင်းသားများအ‌နေဖြင့် ပညာသင်‌ထောက်ပံ့မှုကို မာန်မြင့်ဟိန်းပညာ‌ရေး‌ဖောင်‌ဒေးရှင်းတွင် ‌လျှောက် ထားနိုင်‌ကြောင်း ‌ဖောင်‌ဒေးရှင်း တာဝန်ရှိသူများက ‌ပြောသည်။

၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်တွင် ဆယ်တန်း‌ဖြေဆို‌အောင်မြင်ပြီး တက္ကသိုလ်တက်‌ရောက်မည့်သူများမှာ နိုဝင်ဘာလ ၃၁ရက် ‌နေ့ ‌နောက်ဆုံးထား ‌လျှောက်ထားရမည်ဖြစ်ပြီး တက္ကသိုလ်ပညာသင်ယူ‌နေဆဲ ‌ကျောင်းသူ/‌ကျောင်းသားများအ‌နေဖြင့် ဩဂုတ် လအမှီ လာ‌ရောက်‌လျှောက်ထားနိုင်သည်ဟု ‌ဖောင်‌ဒေးရှင်းတာဝန်ရှိသူ ဦးခင်‌ဇော်က ယခုလို‌ပြောဆိုသည်။

“‌ကျောင်းတက်ဖို့အတွက် ‌ငွေ‌ကြေးအခက်ခဲရှိတဲ့ ‌ဒေသခံလူငယ်‌တွေကို‌ရွေးချယ်ပြီး ‌ကျောင်းပြီးဆုံးတဲ့အထိ ‌ထောက်ပံ့‌ပေးသွား မယ်။ တက္ကသိုလ်တက်‌ရောက်‌နေဆဲသူ‌တွေ‌ရော အ‌ဝေးသင်တက်‌ရောက်‌နေတဲ့သူ‌တွေပါ ‌လျှောက်ထားလို့ရတယ်။ အ‌ကြောင်း အမျိုးမျိုး‌ကြောင့် ‌ရွေးချယ်မခံရလည်း တိုက်ရိုက်ဆက်သွယ်ပြီး ဝိုင်းဝန်းကူညီ‌ပေးသွားမယ်‌ပေါ့‌နော်။ ‌ဒေသအတွင်းမှာ ပညာ တတ်‌တွေများလာ‌အောင် ရည်ရွယ်‌ထောက်ပံ့ခြင်းဖြစ်တယ်။”ဟု ဦးခင်‌ဇော်က ဇူလိုင် ၂၉ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ‌ဖောင်‌ဒေးရှင်း၌ ပညာသင်‌ထောက်ပံ့မှု ‌လျှောက်ထားသူသည် ကြာအင်းဆိပ်ကြီးမြို့နယ် စာစစ်ဌာနများမှ ဆယ်တန်း ‌အောင်မြင်ထားသူ ‌ဒေသခံဖြစ်ရမည့်အပြင် ထူးချွန်‌သော်လည်း ပညာဆက်သင်ယူ‌ရေးအတွက် အခက်အခဲရှိသူများကို ဦးစား ‌ပေး ‌ရွေးချယ်သွားမည်ဟု သိရသည်။

ထို့အပြင် ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်တွင် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌ ဆယ်တန်း‌အောင်မြင်ထားသူ ၂ဝဦး၊ တက္ကသိုလ် အသီးသီးတွင် ပညာသင်ယူ‌နေဆဲ ‌ကျောင်းသူ/သား ၂၅ဦးနှင့် အ‌ဝေးသင် တက်‌ရောက်‌ဖြေဆိုမည့်သူ ၁ဝဦးကို စိစစ်‌ရွေးချယ် သွားမည်ဖြစ်ပြီး သတ်မှတ်အဆင့်အလိုက် ကျပ် ၁သိန်း၊ ၈‌သောင်း၊ ၅‌သောင်း ဟူ၍ လစဉ်‌ထောက်ပံ့မှုများနှင့် သွားလာမှု ခရီး စရိတ်များကိုပါ ကူညီ‌ပေးသွားမည်ဟုလည်း မာန်မြင့်ဟိန်းပညာ‌ရေး‌ဖောင်‌ဒေးရှင်း တာဝန်ရှိသူ၏ ‌ပြောပြချက်အရ သိရသည်။

ကြာအင်းဆိပ်ကြီးမြို့ခံ ‌စောရှားထွန့်‌ဖောင်က “ဆယ်တန်းမှာဂုဏ်ထူးနဲ့ အမှတ်‌ကောင်းရ‌ပေမယ့် ‌ငွေ‌ကြေးအခက်ခဲ‌ကြောင့် တက် ချင်တဲ့‌ကျောင်း မတက်လိုက်ရဘဲ အ‌ဝေးသင်နဲ့သာ တက်လိုက်ရတာမျိုးလည်း ရှိတယ်။ အခုလို‌ထောက်ပံ့မယ့်ဟာ‌တွေရှိလာ ‌တော့ ‌ဒေသအတွက် ဝမ်းသာစရာ‌ပေါ့‌နော်။ အစိုးရဝန်ထမ်းဖြစ်ဖြစ်၊ အခြားအလုပ်ဖြစ်ဖြစ် သတ်မှတ်ထားတာမျိုးမရှိဘဲ မိမိနှစ် သက်ရာ ပညာရပ်‌တွေမှာ ‌လျှောက်လှမ်းနိုင်တဲ့အထိ မှန်ကန်တဲ့‌ရွေးချယ်မှု‌လေးဖြစ်‌အောင် ဝန်းရံကူညီ‌ပေးဖို့လိုတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်သည် အခြားပြည်နယ်များထက်စာလျှင် အတန်း‌ကျောင်းမပြီးဆုံးဘဲ ‌ကျောင်းထွက်မှုနှုန်း အများဆုံးဖြစ်‌နေပြီး ကြာအင်းဆိပ်ကြီးမြို့နယ်၌ ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် ဆယ်တန်း‌အောင်မြင်သူ ၆၆၂ဦးရှိပြီး အများစုမှာ အ‌ဝေးသင်ပညာ‌ရေး ဖြင့်သာ တက်‌ရောက်သင်ယူ‌နေကြသည်ဟု တာဝန်ရှိသူများထံမှ သိရသည်။

မာန်မြင့်ဟိန်း ပညာ‌ရေး‌ဖောင်‌ဒေးရှင်းသည် အငြိမ်းစား ပညာ‌ရေးဝန်ထမ်းများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး တက္ကသိုလ်ပညာသင် ‌ထောက်ပံ့မှုစရိတ်အတွက်ကိုမူ ကြာအင်းဆိပ်ကြီးမြို့တွင် အ‌ခြေစိုက်ကာ လမ်း၊ တံတား‌ဆောက်လုပ်‌ရေးနှင့် မြို့နယ်အတွင်း လျှပ်စစ်မီး ‌ပေး‌ဝေဖြန့်ဖြူး‌ရေး တာဝန်ယူ‌ဆောင်ရွက်‌နေသည့် မာန်မြင့်ဟိန်းကုမ္ပဏီက တာဝန်ယူပံ့ပိုးသည်ဟု သိရသည်။