Home သတင်း ‌ရှောက်၊ သံပုရာသီး ‌ဈေးထက်ဝက်တက်၍ စိုက်‌တောင်သူများ တွက်‌ချေကိုက်‌နေ

‌ရှောက်၊ သံပုရာသီး ‌ဈေးထက်ဝက်တက်၍ စိုက်‌တောင်သူများ တွက်‌ချေကိုက်‌နေ

4046

ဧပြီ ၃ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ယခုနှစ် မတ်လမှ စတင်ကာ ‌ရှောက်၊ သံပုရာသီး၏ ‌ဈေးနှုန်းမှာ ယခင်နှစ်ကထက် နှစ်ဆနီးပါး တက်သွား‌သော‌ကြောင့် ‌ရှောက်၊ သံပုရာ စိုက်‌တောင်သူများအတွက် တွက်‌ချေကိုက်လျက်ရှိသည်ဟု ‌တောင်သူများ က ‌ပြောသည်။

ကြာအင်းရွာမှ ‌ရှောက်၊ သံပုရာစိုက်‌တောင်သူ ‌စောအတီးက “‌ရှောက်သီးက ဒီနှစ်ထွက်နှုန်းနည်းတယ်။ ‌ဈေး‌ကောင်းသွား တာ ‌ပေါ့‌နော်။ သံပုရာသီးက‌တော့ ဒီနှစ်ပုံမှန်ထွက်ပါတယ်။ ‌နေအရမ်းပူ‌တော့ ဝယ်လိုအားများလာတယ်။ အခုခြံထွက်အသီး အလုံး‌ရေ ၆ဝ,ဝဝဝ (‌ခြောက်‌သောင်း)‌ကျော်‌လောက်‌တော့ ‌ရောင်းနိုင်ခဲ့တယ်။ ဒီနှစ်‌ဈေး‌ကောင်းရ‌တော့ အပင်‌တွေထပ်တိုးစိုက်နိုင်မယ်။ က‌လေး‌တွေရဲ့ ပညာ‌ရေး၊ စားဝတ်‌နေ‌ရေးကအစ အဆင်‌ပြေသွားတာ‌ပေါ့”ဟု ယ‌နေ့(ဧပြီလ ၃ ရက်) ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခင်နှစ် မိုးဦးကာလတွင် သံပုရာသီးတစ်လုံးကို ၂၅ ကျပ်သာ ‌ဈေးနှုန်းရှိရာမှ ယခုုနှစ် မတ်လ ၁၅ ရက်‌နေ့မှစတင်ကာ သံပုရာသီးအကြီးတစ်လုံးကို ၁၅ဝ ကျပ်ရှိပြီး ‌ရှောက်သီးတစ်လုံးကို ၃ဝဝ ကျပ်အထိ ‌ဈေးနှုန်းရှိသည်ဟု ‌ရှောက်၊ သံပုရာအဝယ်ဒိုင်များထံမှ သိရသည်။

“မနှစ်က ဒီအချိန်ဆို ‌ရှောက်သီးက ‌ဈေးအမြင့်ဆုံး တစ်လုံး ၁၅ဝ ပဲ။ အခု ၃ဝဝ ကျပ်‌လောက် ‌ဈေးနှုန်းရှိတယ်။ သံပုရာသီး မနှစ် က တစ်လုံး ၈ဝ ကျပ်‌လောက်ပဲရှိ်တယ်။ ‌ဈေးမ‌ကောင်းဘူး။ အခုတစ်လုံး ၁၅ဝ ကျပ်အထိ ‌ဈေးတက်သွားတယ်။ အရင်နှစ်က ထက် ‌ဈေးတစ်ဝက်‌လောက် တက်သွားတယ်” ဟု ကြာအင်းဆိပ်ကြီးမြို့ရှိ ‌ရှောက်၊ သံပုရာသီး အဝယ်ဒိုင် ‌ဒေါ်ရီက ‌ကေအိုင်စီသို့ ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် သဘာဝ သံပုရာ၊ ‌ရှောက်ပင် အများဆုံးစိုက်ပျိုးကြပြီး မွန်ပြည်နယ် ‌ရေး၊ ပြည်၊ ပုတီးကုန်း၊ ဇီးကုန်းတို့ဘက်တွင်လည်း သံပုရာများ စိုက်ပျိုးလျက်ရှိသည်။ ‌ရှောက်နှင့် သံပုရာသီးကို ‌ဆေးဝါး၊ စားသုံးကုန်နှင့် အ‌ဖျော်ရည်လုပ်ငန်းများတွင် အဓိက အသုံးပြုလျက်ရှိ‌ကြောင်း သိရသည်။