ဧပြီ ၃ရက်၊ ၂၀၁၉ ခုနှစ်။ စောထွန်းလင်း
ရန်ကုန်မြို့၌ မေလအတွင်း စတင်ကျင်းပမည့် We Are One Cup 2019 အပျော်တမ်း ဘောလုံးပြိုင်ပွဲသို့ တက္ကသိုလ် ကရင်ကျောင်းသားများ ဘောလုံးအသင်း (UKS F.C)က ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု အသင်းမန်နေဂျာ မန်းသောသျှံက ဧပြီ ၃ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။
၎င်းက “ကျနော်တို့ UKS F.C အသင်း ပြိုင်ပွဲဝင်ဖိုု့ ဖောင်တင်လိုက်ပြီး ကစားသမားစာရင်းလည်း အတည်ပြု လိုကြ်ပီး။ အရင်နှစ်ကထက် အသင်းက ပိုတောင့်တင်းလာမယ်။ အခု သကြင်္န်ကာလ ကျောင်းသားတွေ နယ်ပြန် ကြမယ်။ သကြင်္န်ပြီးရင်တော့ လေ့ကျင်မှုစတင်သွားမယ်”ဟု ပြောသည်။
ယခုလို အသင်းအနေဖြင့် ပြိုင်ပွဲဝင်ရန်အတွက် အာမခံငွေ (Deposit) ကျပ် နှစ်သိန်းပေးသွင်းထားပြီး အသင်း ဂျာစီနှင့် အထွေထွေ ကုန်ကျစရိတ်ရံပုံငွေ မလုံလောက်သည့် အခြေအနေမျိုးကြုံတွေ့နေရကာ အလှူငွေ လိုက်လံ ကောက်ခံသွားရန်ရှိသည်ဟု မန်းသောသျှံက ဆက်ပြောသည်။
We Are One Cup ဘောလုံးပြိုင်ပွဲကို မြန်မာဘီယာကုမ္ပဏီက မြို့ကြီးများတွင် လိုက်လံကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲဝင် အသင်းများ အနေဖြင့် အသင်းတစ်သင်းတွင် အသက် ၁၈ နှစ်မှ ၂၃ နှစ်အတွင်း ကစားသမား အနည်းဆုံး (၅) ဦး ပါဝင် ရမည်ဖြစ်သည်။
ထိုအပြင် ကစားသမားတစ်ဦးသည် ကလပ်အသင်းတစ်ခုကိုသာ ကိုယ်စားပြု ကစားခွင့်ရှိပြီး အပျော်တမ်း သီး သန့် ပြိုင်ပွဲဖြစ်သောကြောင့် Pro ကစားသမားများ (ဥပမာ MNL-1, 2 နှင့် မြန်မာ့လက်ရွေးစင် ကစားသမား များ) လုံးဝ (လုံးဝ) ဝင်ရောက်ယှဉ်ပြိုင်ခွင့်မပြုသလို MFF ဖူဆယ်လိဂ်တွင် မှတ်ပုံတင်ထားသူများကိုလည်း ပါဝင်ခွင့်မပြုကြောင်း ပြိုင်ပွဲ တာဝန်ခံများက သတင်းထုတ်ပြန်ထားသည်။
တက္ကသိုလ် ကရင်ကျောင်းသားများ ဘောလုံးအသင်းအနေဖြင့် ၂၀၁၈ မေလအတွင်း ကျင်းပသည့် We Are One Cup ဘောလုံးပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ခြေစစ်ပွဲတွင် Team United အသင်းကို ၄ ဂိုး ၃ ဂိုးဖြင့် ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။ အသင်းအနေဖြင့် အခြားအပျော်တမ်းပြိုင်ပွဲများကိုလည်း မကြာခဏ ဝင်ရောက် ယှဉ်ပြိုင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း အသင်းတာဝန်ရှိသူများက ပြောသည်။



















