ဧပြီ ၅ ရက်၊ ၂၀၁၉ ခုနှစ်။ ကေအိုင်စီ
KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဝင်းရေးမြို့နယ်(ကြာအင်းဆိပ်ကြီးမြို့နယ်) အနန်းကွင်းရွာတွင် ယနေ့(မတ် ၅ ရက်) နံနက် ၃ နာရီခွဲ အချိန်ခန့်တွင် ကလေးငယ်များအပါအဝင် အရပ်သား ၈ ဦး ပစ်သတ်ခံရကြောင်း ကရင် အမျိုးသားရဲ တပ်ဖွဲ့ -KNPF ထံမှ သိရသည်။
အမည်မသိ လက်နက်ကိုင်နှစ်ဦးမှ အိမ်ထောင်စု ၂ စုရှိ တစ်နှစ်ခွဲအရွယ် ကလေးတစ်ဦး အပါအဝင် စုစုပေါင်း ၈ ဦးကို ပစ်သတ်ခဲ့ပြီး အကြောင်းရင်းအသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း KNPF ဝင်းရေးမြို့နယ် ဒု ရဲတပ်ဖွဲ့မှူး ဗိုလ်စောငြိမ်းချမ်းက ကေအိုင်စီသို့ ယခုလို အတည်ပြုပြောဆိုသည်။
“ကျနော်တို့ သွားကြည့်တဲ့အချိန်မှာ အိမ်ထောင်တစ်စု ၄ ယောက်၊ တစ်စု ၄ ယောက် ပစ်သတ်ခံထားရတာ ကို တွေ့တယ်။ M-16 ကျည်ခွံတွေပဲ ကောက်ရထားပြီး ပစ်သတ်သူနဲ့ သေနတ်တွေတော့ မတွေ့တော့ဘူး။ လက် နက်ကိုင်က အိမ်ရှင်ဆီမှာ ဆိုင်ကယ်တောင်းစီးတာ မပေးလို့ဆိုပြီး ပစ်သတ်သွားတာလို့ မသေဘဲ ကျန်နေတဲ့ မိသားစုဝင် ၂ ယောက်က ပြောတယ် ↔ကေအိုင်စီသို့ ပြောသည်။
အိမ်ထောင်စု ၂ စုတွင် မိသားစုဝင် ၁ဝ ဦးရှိပြီး ပစ်သတ်ခံရခြင်းကြောင့် ၈ ဦးသေဆုံးကာ ကျန် ၂ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခြင်းဖြစ်ပြီး တရားခံများမှာ လက်နက်ကိုင်အဖွဲ့အစည်း တစ်ခုခုမှ ဖြစ်နိုင်သလို မူးယစ်ဆေးရောင်းဝယ်သူများလည်း ဖြစ်နိုင်ကြောင်း ဗိုလ်စောငြိမ်းချမ်းက ဆက်ပြောသည်။
လက်ရှိအမှုကို ဝင်းရေးမြို့နယ်၊ KNPF နှင့် KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်မှ တာဝန် ရှိသူ များက ပူးပေါင်း ကိုင်တွယ်နေကြောင်း KNPF -ကရင်အမျိုးသားရဲတပ်ဖွဲ့တာဝန်ရှိသူများထံမှ သိရသည်။



















