Home သတင်း ရေကြီးမှုကြောင့် ကရင်ပြည်နယ်အတွင်း လူ ၂ဝ သေဆုံး

ရေကြီးမှုကြောင့် ကရင်ပြည်နယ်အတွင်း လူ ၂ဝ သေဆုံး

2774

စက်တင်ဘာ ၁ရက်၊ ၂ဝ၁၈ခုနှစ်။ စောမြတ်ဦးသာ

ကရင်ပြည်နယ်အတွင်း ဇူလိုင်လ ၂၂ရက်နေ့မှစ၍ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ဖားအံမြို့ နယ်တွင် ၁၄ဦး၊ လှိုင်းဘွဲမြို့နယ်တွင် ၆ဦး စုစုပေါင်း ၂ဝဦး သေဆုံးခဲ့သည်ဟု ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဦးလင်းထွဋ်က သြဂုတ် ၃၁ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။

၎င်းက “အယောက် ၂ဝ ရေကြီးမှုကြောင့် သေဆုံးတယ်။ ရေကြီးပြီး လမ်းဖြတ်ကူးတာ။ လှေနဲ့ အခြားတရွာသွားရင်း ဖြစ်တာ၊ ရေ ရုတ်တရက်ကြီးတာတွေကြောင့် ဖြစ်တာပေါ့။ သေဆုံးသူစာရင်း အကုန်တောင်းထားပါတယ်။ အဓိက ကြိုတင်ကာကွယ်မှု၊ ဆောင်ရန် ရှောင်ရန်သိအောင် ပညာပေးဖို့ ကျေးရွာတွေအထိကို ရောက်အောင် ကြိုးစား လုပ်ဆောင်နေပါတယ်”ဟု ပြောသည်။

ယခုဖြစ်စဉ်ကြောင့် သေဆုံးသူများ၏ မိသားစုဝင်များကို လျော်ကြေးပေးခြင်း မဟုတ်သော်လည်း ကောင်းမှုကုသိုလ်ပြုလုပ်နိုင် ရေးအတွက် ကျန်ရစ်သူ မိသားစုဝင်များအတွက် အထောက်ကူပြုရန် ရည်ရွယ်ကာ တစ်ဦးလျှင် ငွေကျပ် ၃သိန်းနှုန်းစီ စုစုပေါင်း ကျပ်သိန်း ၆ဝကို သြဂုတ်လ ၃ဝရက်နေ့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းဝေးခန်းမ၌ ထောက်ပံ့ပွဲ ပြုလုပ်ခဲ့သည်။

ရေဘေးကြောင့် သေဆုံးသူ၏ ကျန်ရစ်သူ မိသားစုဝင်ဖြစ်သူ လှိုင်းဘွဲမြို့နယ်မှ ဒေါ်နီနီမိုးက “ထွေအုပ်ကတော့ ငွေ ၃သိန်း လာ ပေးတယ်။ သားက သစ်တောဦးစီးဌာနမှာ လုပ်တယ်။ မနက်ပိုင်း ကြိုးဝိုင်းမှာ ဓာတ်ပုံသွားရိုက်တယ်။ ဆိုင်ကယ်နဲ့။ ညနေ အိမ် ကို ပြန်လာမယ်ဆိုပြီး ရေများနေတယ်လို့ပြောတော့ သူက ဒိုင်းပြမှာ အိပ်မယ်ပြောတယ်ပေါ့နော်။ ဒိုင်းပြရွာနား တံတားနားမှာ ဆိုင်ကယ်မှောက်ပြီး ရေထဲကျသွားတယ်။ သူနဲ့ပါလာသူက ပြန်ကယ်နိုင်တယ်။ ကျမသားကိုကယ်ဖို့ မနက်အစောကြီး တာဝန်ရှိ သူတွေကို အကူအညီတောင်းပါသေးတယ်။ အရေးပေါ်ဖြစ်လာရင် ရေကူးဝတ်စုံ ရေငုပ်ဖို့ လုပ်ပေးနိုင်တဲ့အဖွဲ့တွေ ပြည်နယ်မှာ လိုအပ်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

အလားတူ ရေကြီးမှုကြောင့် ပြည်နယ်အတွင်း မိုးစပါး စိုက်ဧက ၇ဝဝဝကျော် ပျက်စီးဆုံးရှုံးခဲ့သလို လူအယောက် ၂ဝ အသက် ဆုံးရှုံးခဲ့ရသည်ဟု ပြည်နယ်အဆင့် တာဝန်ရှိသူထံမှ သိရသည်။ ကရင်ပြည်နယ်တွင် မြို့နယ် အသီးသီး၌ မိုးများ ရေကြီးမှု ဖြစ် ပွားခဲ့သော်လည်း အဆိုးဆုံးမှာ ဖားအံမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်တို့ဖြစ်သည်။