အတက်ကြမ်းကြမ်း
အဆင်းခက်ခက်
လှိုင်းဘွဲ့မှလေးဝါး
လေးဝါးမှလှိုင်းဘွဲ့
တောင်လှိုင်း၊ မြေလှိုင်း၊ လေလှိုင်း၊ ရေလှိုင်း
အရိုင်းတို့ရဲ့ ရက်စက်မှုကိုရင်ဆိုင်
ဘဝကိုမေ့ အသက်ကိုမေ့
ဇရာ၊ အနာ မငြီးငြူအား
ပျောက်ဆုံးသွားတဲ့ အခွင့်အရေး
နောင်မျိုးဆက်တို့အရေး
မသေသေးသရွေ့
မေ့ထားလို့မရ
ရင်ဝယ်ပိုက်ထားတဲ့သောက
စားမရ. အိပ်မရ
လူမှန်းသိတတ်စက
စခဲ့တဲ့ဇာတ်လမ်း
မပြီးလေ လုပ်လေ
လုပ်လေ မပြီးလေလား…
မရွေ့နိုင်သောကျောက်တုံးကို တွန်းမိလေသလား…
တွန်းခဲ့တာလေးကပဲ သမိုင်းမှတ်တမ်းလား…
ငါသေသွားလည်း
ဖြစ်ချင်ရာဖြစ် ပြောချင်ရာပြော
ငါ့ခြေရာတွေကပျောက်မှာမဟုတ်
မြေမှာ လေမှာ ရေမှာ
နှလုံးသားမှာ အသည်းမှာ ဦးနှောက်မှာ
ခြေရာချင်းထပ်နေမှာပဲ…
တို့မှာ…စိုက်စရာအပြည့်
တို့မှာ…စားစရာအပြည့်
တို့မှာ…နေစရာအပြည့်
အဲဒီကနေ
တို့မှာ…သူခိုးမရှိ
တို့မှာ…ဓားပြမရှိ
တို့မှာ…သူပုန်မရှိ
(မကောင်းသောအစိုးရသည် သူပုန်ဖြစ်သည်)
ဒီလို
သဘာဝအရှိ ပကတိဖြစ်အောင်
ဖိုးခွားတို့ ဖိုးမူတို့ရေ
အဖူးတို့လက်ဆောင်ကို
လက်ဆင့်ကမ်းလိုက်ပါလေ….။
မန်းမင်းရဲထွေး