ဇွန် ၁၉ ရက်၊ ၂၀၁၈ ခုနှစ်။ စောရှား
ဖားအံမြို့၊ မြို့မကျောက်တိုင် ဘောလုံးကွင်းကို သာသနာ့ဗိမ္မာန် တည်ဆောက်ရေးမြေနေရာအဖြစ် လှူဒါန်းရန် အစိုးရအနေဖြင့် မဆုံးဖြတ်ရသေးကြောင်း ပြည်နယ်အစိုးရ ပြောခွင့်ရသူ ဗမာတိုင်းရင်းသားရေးရာဝန် ကြီး ဦးတေဇထွဋ်လှိုင်ထွေးက ကေအိုင်စီသို့ ယနေ့ ပြောသည်။
ဝန်ကြီးက“ ပြည်သူတွေ ထောက်ပြတာလည်း မှန်တယ်။ ဆရာတော်တွေလိုချင်တာလည်းမှန်တယ်။ ဒါပေမဲ့ နှစ်ဖက်ကြားမှာ အစိုးရအဖွဲ့ကတော့ အစည်းအဝေးလည်း မထိုင်ရသေးဘူး။ ဆုံးဖြတ်ပြီး ပြန်အကြောင်းကြား ပေးတာလည်း မရှိသေးပါဘူး။ ဆရာတော်တွေ လည်းပြောထားတယ်လေ။ ဒေသခံပြည်သူတွေက လက်မခံဘူး ဆိုရင် ဘောလုံးကွင်းကို သာသနာ့ဗိမ္မာန်အဖြစ် မယူပါဘူးတဲ့”ဟု ပြောသည်။
ပြည်နယ်ကျက်သရေဆောင် သာသနာ့ဗိမ္မာန်တည်ဆောက်ရေး မြေနေရာအတွက် ဇွန်လ ၇ ရက်နေ့က ပြည် နယ်သံဃာ့နာယကအဖွဲ့နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့ ဖားအံမြို့ ၊ မိုးကယ်ကျောင်းတိုက်တွင် တွေ့ဆုံဆွေးနွေး ခဲ့ ကြရာ ကမ်းနားလမ်းရှိ ဘောလုံးကွင်းဟောင်းနေရာနှင့် တက္ကသိုလ်ရှေ့ရှိ မြေလွတ်နေရာများထဲမှ အဆင်ပြေ မည့် တစ်နေရာအား ပေးရန်စီစဉ်ထားကြောင်း ဝန်ကြီးချုပ်က ပြောဆိုခဲ့ပြီးနောက် ဘောလုံးကွင်း ဟောင်းနေရာ အား သာသနာ့ဗိမ္မာန်တည်ဆောက်ရေးမြေနေရာအဖြစ် သံဃာတော်များဘက်က ဇွန်လ ၉ ရက်နေ့တွင် သဘော တူလက်ခံ ဆုံးဖြတ်ပြီး ၁၁ ရက်နေ့တွင် အစိုးရဆီ စာတင်ခဲ့ခြင်းဖြစ်သည်။
တောင်တန်း သာသနာပြုဗဟိုကျောင်းမှ ပြည်နယ်သံဃာ့နာယကအဖွဲ့ အကျိုးတော်ဆောင်နှင့် အတွင်းရေးမှူး ဦးဓမ္မပါလက “အစိုးရအဖွဲ့က ပေးမယ်လည်းမပြော၊ မပေးလည်းမပြော၊ ဘာမှပြန်မပြောသေးဘူး။ လှူမယ်ဆိုရင် တော့ ယူမှာပေါ့”ဟု ကေအိုင်စီသို့ မိန့်ကြားသည်။
ဖားအံမြို့မဘောလုံးကွင်းကိစ္စနှင့်ပတ်သက်ပြီး ဇွန် ၁၁ ရက်က ဖားအံမြို့၊ မဂ္ဂင်ကျောင်းတိုက်၌ ပြုလုပ်သော အစည်းအဝေးတွင် သမိုင်းဝင် မြို့မအားကစားကွင်း လူထုလက်ဝယ်သို့ ပြန်လည်ရရှိရေးကော်မတီမှ မူလအား ကစားကွင်းအတိုင်း လူထုလက်ဝယ်သို့ ပြန်လည်ရရှိရန် ဆုံးဖြတ်ပြီး အစိုးရထံ ထပ်မံစာတင်ခဲ့သည့်အတွက် အစိုးရဘက်မှ ဆုံးဖြတ်ချက်ချရန် ကြန့်ကြာနေရခြင်းဖြစ်သည်ဟု သိရသည်။
ဖားအံမြို့မဘောလုံးကွင်းအား လူထုလက်ဝယ်ပြန်လည်ရရှိရေးအတွက် ယခု ကရင်ပြည်နယ် ဗမာတိုင်းရင်းသား ရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးအပါအဝင် ရဟန်းသံဃာတော်များ၊ မြို့ခံလူထုများမှ အဆိုပါ ဘောလုံး ကွင်းအား ပြည်သူလက်ဝယ်ပြန်လည်ရရှိရေး အတွက် ၂၀၁၃ ခုနှစ် ဩဂုတ်လတွင် ကော်မတီများ ဖွဲ့ကာ ကြိုး ပမ်းခဲ့ကြခြင်းလည်းဖြစ်သည်။
ဖားအံမြို့၊ အမှတ်(၃)ရပ်ကွက်တွင် တည်ရှိပြီး မြေဧရိယာ ၂ ဒသမ ၅၅၆ ဧကရှိ မြို့မဘောလုံးကွင်းအတွင်း မြဌေးကြွယ်လင်း ကုမ္ပဏီ၏ ဟိုတယ်ဆောက်လုပ်မှုကိစ္စကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်မှစတင်ကာ ဖားအံမြို့မိ မြို့ဖများနှင့် သံဃာတော်များစုပေါင်းပြီး အကြိမ်ကြိမ် ကန့်ကွက်တောင်းဆိုမှုများပြုလုပ်ခဲ့သောကြောင့် ၎င်း တည်ဆောက်ရေးလုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့ပြီး ယခုတဖန် အဆိုပါကိစ္စများ ဖြစ်ပေါ် နေခြင်းလည်းဖြစ်ကြောင်း သိရသည်။