Home သတင်း ထီမံထိုနှင့် ဖာထလယ်ရွာချင်းဆက် ဝင်း‌ရော်‌ချောင်းကူး တံတား တည်‌ဆောက်မည်

ထီမံထိုနှင့် ဖာထလယ်ရွာချင်းဆက် ဝင်း‌ရော်‌ချောင်းကူး တံတား တည်‌ဆောက်မည်

3714

‌မေလ ၂ဝ ရက်၊ ၂ဝ၁၈ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ထီမံထိုရွာနှင့် ဖာထလယ်ရွာချင်းဆက် ဝင်း‌ရော်‌ချောင်း ကူးတံတားကို ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် ပြည်‌ထောင်စုရံပုံ‌ငွေဖြင့် အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက် သွားမည်ဟု ‌မေ ၁၇ ရက်‌နေ့ တွင် ပြုလုပ်သည့် ဒုတိယအကြိမ် အမျိုးသားလွှတ်‌တော် အဋ္ဌမပုံမှန်အစည်း အ‌ဝေး၌ ‌ဆောက်လုပ်‌ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦး‌ကျော်လင်းက ‌ပြောသည်။

ထီမံထိုနှင့် ဖာထလယ်ရွာချင်းဆက် မဂင်္လာဝါးတံတားကို အကျယ် ၁ဝ ‌ပေ၊ အရှည် ၃ဝဝ ‌ပေ၊ အမြင့် ၅ဝ ‌ပေ ဝင်း‌ရော်‌ချောင်းကူးတံတားအဖြစ် ပြည်‌ထောင်စုဘတ်ဂျက်ဖြင့် ‌ဆောက်လုပ်‌ပေးရန် အစီအစဉ်ရှိမရှိ နှင့်ပတ်သက်၍ ကရင်ပြည်နယ်၊ မဲဆန္ဒနယ် အမှတ် ၁၁ (ကြာအင်ဆိပ်ကြီးမြို့နယ်) အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ် ‌နော်ဆာမူ ထူးက လွှတ်‌တော်အစည်းအ‌ဝေးတွင် ‌မေးမြန်းမှုအ‌ပေါ် ‌ဆောက်လုပ်‌ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ယခုလို ပြန်လည်‌ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ကွမ်က‌သောင်‌ကျေးရွာအုပ်စုမှာ ‌လှေနဲ့ ‌ဖောင်နဲ့ သွားလာ‌နေရတာ နှစ်အ‌တော်ကြာပြီ။ တံတားလိုအပ်တယ်မြင်လို့ တင်လိုက်တာပါ။ အမှန်တကယ်လိုအပ်‌နေတဲ့ တံတားကို နိုင်ငံ‌တော်ကလုပ်‌ပေး‌တော့ ကုန်စည် ‌တွေ၊ ဆရာ/ဆရာ မ‌တွေ၊ ကျန်းမာ‌ရေး စသဖြင့် အစစရာရာ အဆင်‌ပြေသွားမယ်” ဟု အမျိုးသားလွှတ်‌တော်ကိုယ် စားလှယ် ‌နော်ဆာ မူထူးက ‌မေ ၁၉ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် ဖာထလယ်နှင့် ထီမံထိုရွာချင်းဆက်‌ချောင်းကူးတံတား တည်‌ဆောက်ပြီးပါက ‌ကျေးရွာအ များစု ပညာ‌ရေး၊ ကျန်းမာ‌ရေး၊ လူမှု‌ရေးကိစ္စရပ်များ၊ သွားလာချိတ်ဆက်မှု လွယ်ကူသွားမည်ဖြစ်သည်။ သို့‌သော် သံပုရာမြစ်ကူးဆိပ်၊ ကွမ်က‌သောင်မြစ်ကူးဆိပ်ကို မှီခိုသွားလာ‌နေရသည့် ‌ကျေးရွာများကျန်ရှိ‌နေ‌သေးပြီ ဝင်း‌ရော် ဆိပ်ကြီးတံတား‌ဟောင်းကိုလည်း ပြန်လည်အဆင့်မြင့်တင်သင့်သလို ကြာအင်းဆိပ်ကြီးမြို့ အ‌နောက်ဖက်ကမ်းရှိ ‌ကျေးရွာများ မြစ်ကူးတံတားမရှိ‌သေးသည့်အတွက် တည်‌ဆောက်‌ပေးရန် လိုအပ်‌သေးသည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ‌ဒေသခံများက ‌ပြောသည်။

ကွမ်က‌သောင်‌ကျေးရွာအုပ်စု အုပ်ချုပ်‌ရေးမှူး (အက‌လော‌ကျေးရွာအုပ်ချုပ်‌ရေးမှူး) စိုင်းစိုးနိုင်ဝင်းက “တံတား ‌ဆောက်လိုက်ရင် သူတို့ဘက်မှာ ‌ကျေးရွာ‌တွေ အကျိုးသက်‌ရောက်မူ ရှိလာမယ်။ ‌အောက်ဘက်ရွာ‌တွေ ကျ‌တော့ သံပုရာဘက်ကို စက်ကူးသွားလာ‌နေရတယ်ဆို‌တော့ တံတားက ကျ‌နော်တို့နဲ့ ဘာမှမဆိုင်ဘူး။ ကွမ်က‌သောင် မြစ်ကူး၊ သံပုရာမြစ်ကူးတံတား‌တွေ လိုအပ်‌သေးတယ်။ တာဝန်ရှိသူ‌တွေ ကိုယ်တိုင်ကွင်းဆင်း ‌လေ့လာဖို့လိုတယ်” ဟု ‌မေလ ၁၉ ရက်‌နေ့ ‌ကေအိုင်စီသို့ ‌ပြောသည်။

ထီမံထိုနှင့် ဖာထလယ်ရွာချင်းဆက် ဝင်း‌ရော်မြစ်ကူးတံတားတည်‌ဆောက်ပြီးပါက ‌ကျေးရွာ‌ပေါင်း ၄ဝ ၊ အိမ်‌ခြေ ၅,၂၁၆ လုံး၊ လူဦး‌ရေ ၃၆,၅ဝဝ တို့ကို တိုက်ရိုက်အကျိုးပြုမည်ဟု ‌ဆောက်လုပ်‌ရေးဝန်ကြီးဌာန တာဝန်ရှိသူများက ‌ပြောသည်။