Home သတင်း ‌နေရပ်ပြန် ဒုက္ခသည် ၉၃ ဦးကို မြန်မာအစိုးရထံ လွှဲအပ်ပြီးစီး

‌နေရပ်ပြန် ဒုက္ခသည် ၉၃ ဦးကို မြန်မာအစိုးရထံ လွှဲအပ်ပြီးစီး

3138

‌မေလ ၇ ရက်၊ ၂၀၁၈ခုနှစ်။ စအိုင်ဆူး

ထိုင်း-မြန်မာ နှစ်နိုင်ငံအစိုးရ၏ သ‌ဘောတူညီမှုဖြင့် မိမိဆန္ဒအ‌လျောက် ‌နေရပ်ပြန်‌ရေး ဒုတိယအကြိမ်‌မြောက် အစီအစဉ် အရ နယ်စပ်ဒုက္ခသည်စခန်း (၅) ခုမှ မြန်မာဒုက္ခသည် ၉၃ဦးအား ထိုင်းအစိုးရမှ မြန်မာအစိုးရထံကို ယ‌နေ့ ( ‌မေ ၇ရက်)တွင် လွှဲ‌ပြောင်းလိုက်ပြီးဖြစ်သည်။

မယ်လ၊ အုန်းဖျန်၊ နို့ဖိုး ၊ ဘမ့်ဒုံယမ်းနှင့် Mai Nai Soi ဒုက္ခသည်စခန်းများတွင် ခိုလှုံခဲ့ကြသည့် အဆိုပါ မြန်မာ ဒုက္ခသည်များကို ထိုင်းနိုင်ငံ ပြည်ထဲ‌ရေး၊ ထိုင်းလူဝင်မှုကြီး ကြပ်‌ရေးနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး-UNHCR တို့ အစီအစဉ်ဖြင့် မဲ‌ဆောက်-မြဝတီနယ်စပ်ဂိတ်နှင့် ကယားပြည်နယ် မယ်စဲ့ဂိတ်တို့တွင် အသီးသီး လွှဲ‌ပြောင်း လိုက်ခြင်းဖြစ်သည်ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းက ယခုလို ‌ပြောသည်။

“၂၀၁၈ခု၊ မတ်လ ၂၇ က လုပ်တဲ့ နှစ်နိုင်ငံနိုင်ငံခြား‌ရေးဝန်ကြီးဌာနက ဖွဲ့စည်းထားတဲ့ အတွင်းဝန်အဆင့် အစည်းအ‌ဝေး ဆုံးဖြတ်ချက်အရ နိုင်ငံသားစိစစ်ပြီး ၁၉ဝ ဦး အနက်က အိမ်‌တွေ၊ ဘာ‌တွေ ပံ့ပိုးစရာမလိုတဲ့ ‌လော‌လောဆယ် (၁၆၁)ဦးကို ဒီ‌နေ့ ‌မေလ ၇ ရက်‌နေ့မှာ လွှဲဖို့ဆို ပြီး‌တော့ ကျ‌နော်တို့ သ‌ဘောတူခဲ့ပါတယ်။ ‌မေလ ၃ ရက်‌နေ့မှာကျ‌တော့ ထိုင်းနိုင်ငံခြား ‌ရေးဝန်ကြီးဌာနဆီက‌နေ ‌နေရပ်ပြန်လိုတဲ့ ‌နောက်ဆုံးစာရင်း ၁၀၁ ဦးရရှိခဲ့ပါတယ်။ အဲ့ဒီက‌နေ ယ‌နေ့ လွှဲ‌ပြောင်းတဲ့အခါ (၉၃)ဦး စာရင် လက်ခံရရှိပါတယ်။ အခု ပြီးခဲ့တဲ့ မနက်ပိုင်းကပဲ မယ်‌ဟောင်‌ဆောင်က‌နေ အ‌ယောက် (၂၀)လွှဲ ခဲ့ပြီးဖြစ်ပါတယ်” ဟု မြဝတီမြို့၌ ပြုလုပ်‌သော ပြန်လည်ကြိုဆို‌ရေး အခမ်းအနားတွင် ‌ပြောဆိုခဲ့သည်။

မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ ‌ကျောက်လုံးကြီးဘုရားလမ်းရှိ ပြန်လည်ကြိုဆိုစခန်းတွင် ယ‌နေ့ပြန်လည်‌ရောက်ရှိလာသည့် ဒုက္ခသည်များကို ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များမှ ဦး‌ဆောင်၍ သက်ဆိုင်ရာ ‌ဒေသအလိုက် လူမှုဝန်ထမ်း ကယ်ဆယ်‌ရေးနှင့် ပြန်လည်‌နေရာချထား‌ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကြက်‌ခြေနီအသင်းနှင့် မြို့ခံလူမှုကယ်ဆယ်‌ရေးအသင်းများမှ ကြိုဆိုခဲ့ကြသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်က“အခုလို ပြန်လာတဲ့အ‌ပေါ် အရမ်းဝမ်းသာတယ်။ ကျမတို့ အစိုးရအဖွဲ့အ‌နေနဲ့ တတ်နိုင်သမျှ ပံ့ပိုးကူညီ‌ဆောင်ရွက်‌ပေးပါ့မယ်။ က‌လေး‌တွေ ပညာ‌ရေး၊ ကျန်းမာ‌ရေး အထူးသဖြင့် အခက်အခဲ‌တွေ ရှိခဲ့လို့ရှိ ရင် သက်ဆိုင်ရာက‌နေတစ်ဆင့် ကျမတို့ကို အ‌ကြောင်းကြား‌ပေးပါ။ တတ်နိုင်သမျှကို ကူညီ‌ဆောင်ရွက်‌ပေးပါ့မယ် ” ဟု ပြန် လည်ကြိုဆို‌ရေးအခမ်းအနား၌ ‌ပြောဆိုသွားခဲ့သည်။

ယခု ပြန်လည်‌ရောက်ရှိလာ‌သော မြန်မာဒုက္ခသည်များသည် ၎င်းတို့‌နေရပ်တည်ရှိရာ ကရင်၊ ကရင်နီ (ကယား) ပြည်နယ်၊ ရန်ကုန်၊ ပဲခူးနှင့် စစ်ကိုင်းတိုင်း‌ဒေသကြီး စသည့် ‌ဒေသအသီးသီးသို့ ပြန်သွားကြမည်ဖြစ်ပြီး ၎င်းတို့ကို ‌ဒေသဆိုင်ရာ ‌ဒေသအလိုက် သယ်ယူပို့‌ဆောင်ကြိုဆို‌ရေးအဖွဲ့ (၇)မှ လာ‌ရောက်‌ခေါ်‌ဆောင်ပြီး ပို့‌ဆောင်‌ပေးသွားကြမည်ဖြစ်သည်ဟု သိရသည်။

နို့ဖိုးဒုက္ခသည်စခန်းမှ ပြန်လာသည့် ‌စောထွန်းဝင်းက“ ထိုင်းဘက်မှာ‌နေလာရတာကြာပြီး‌လေ။ ကိုယ့်‌မွေးရပ်‌မြေနဲ့လည်း ‌ဝေးတာကြာပြီးဆို‌တော့ ဒီကိုပြန်လာ‌နေချင်တယ်။ အခုဆိုရင် စခန်းမှာ ရိက္ခာ‌ထောက်ပံ့မှု‌တွေကလည်း နည်းလာတယ်။ ‌နောက်ပြီး မိသားစု ဖူဖူလုံလုံစား‌သောက်ဖို့ အပြင်ထွက်အလုပ်လုပ်ဖို့ဆိုတာလည်း အခက်အခဲရှိတယ်။ ‌နောက်ပြီး က‌လေး ပညာ‌ရေးကလည်းအခက်အခဲ‌တွေရှိတယ်။ သူတို့ဟိုမှာ ‌ကျောင်းပြီး‌ပေမဲ့ ဒီမှာ ဘာအလုပ်မှ ပြန်လုပ်လို့မရဘူး” ဟု ‌ကေ အိုင်စီသို့ ‌ပြောသည်။

ထိုသို့ ဒုက္ခသည်များ မိမိ‌နေရပ်ပြန်လာရာတွင် သယ်ယူပို့‌ဆောင်‌ရေး ၊ ခရီးစရိတ်နှင့် စားနပ်ရိက္ခာတို့ကို UNHCR က‌နေ ထိုင်းနိုင်ငံရှိ ‌ရွှေ့‌ပြောင်းသွားလာခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့ (International Organization for Migration-IOM) မှ ကူညီ‌ပေးခဲ့ပြီး ခရီးစရိတ်အတွက် လူတစ်ဦးလျှင် ထိုင်းဘတ်‌ငွေ ၁,၈၀ဝနှင့် ဘဝပြန်လည်ထူ‌ထောင်‌ရေးအတွက် လူကြီး တစ်ဦးလျှင် ဘတ် ၅,၄၀၀၊ က‌လေးတစ်ဦးလျှင် ဘတ် ၃,၆၀၀၊ စားနပ်ရိက္ခာအကူအညီအတွက် ကမ္ဘာ့စားနပ်ရိက္ခာ (WFP)၏ အစီအစဉ်ဖြင့် အစားအစာ ၆ လစာနှင့်ညီမျှ‌သော ‌ငွေ‌ကြေးကို လူတစ်ဦးလျှင် ဘတ်‌ငွေ ၂,၁၀ဝ စီအပြင် ခြင်‌ထောင်၊ အမျိုးသမီး လစဉ်သုံး၊ ခရီး‌ဆောင်အိတ်နှင့် စာရွက်စာတမ်းထည့်သည့်ဖိုင်များကို IOM မှ တစ်ဆင့် ‌ပေးအပ်ကူညီခဲ့သည်ဟုလည်း UNHCR က ‌ပြောသည်။

ထို့အပြင် ပြန်လည်ဝင်‌ရောက်လာသည့် မြန်မာဒုက္ခသည်များကို မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်‌ရေးဝန်ကြီးဌာနမှ သက်ဆိုင် ရာ အိမ်‌ထောင်စုစာရင်းများနှင့် နိုင်ငံသားစိစစ်‌ရေးကတ်ပြား(မှတ်ပုံတင်)များကို ထုတ်‌ပေးသွားမည် ဖြစ်ပြီး လူမှုကယ် ဆယ်‌ရေးဝန်ကြီးဌာန ‌ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှတဆင့် အိမ်‌ထောင်စုတစ်စုလျှင် တစ်သိန်း၊ ၃ ဦးအ ထက် အိမ် ‌ထောင်စုတစ်စုလျှင် ၃ သိန်းအပြင် တစ်လစာ စားနပ်ရိက္ခာများကိုလည်း ပံ့ပိုး‌ပေးသွားမည်ဖြစ်သလို နယ်စပ်‌ရေးရာဝန်ကြီး ဌာန၊ မြန်မာနိုင်ငံကြက်‌ခြေနီအသင်းတို့ကလည်း အခမ်းအနား၌ ‌ထောက်ပံ့စရိတ်များ ‌ပေးအပ်သွားသည်ဟု ဆိုသည်။

ဒုက္ခသည်များ မိမိဆန္ဒအ‌လျောက် ‌နေရပ်ပြန်နိုင်‌ရေးအစီအစဉ်များ ဖြစ်‌ပေါ်လာပြီး‌နောက် နို့ဖိုးဒုက္ခသည်စခန်းမှ ဒုက္ခသည် မိသားစု ၁၉ စုမှာ ၎င်းတို့ဆန္ဒအရ နှစ်နိုင်ငံ အစိုးရနှင့် UNHCR တို့၏ အစီအစဉ်ဖြင့် ပြီးခဲ့သည့် ၂၀၁၆ခုနှစ်၊ ‌အောက်တို ဘာလ ၂၆ ရက်‌နေ့တွင် မဲ‌ဆောက်-မြဝတီနယ်စပ်ဂိတ်မှတစ်ဆင့် ပထမဆုံး အသုတ်အဖြစ် ‌နေရပ်သို့ ပြန်လည်ပို့ ‌ဆောင် ‌ပေးခဲ့ပြီးဖြစ်သည်။ ယခု ဒုတိယ အသုတ်ပို့‌ဆောင်ပြီးသည့်‌နောက် တတိယအသုတ်အတွက် UNHCR မှ စာရင်း‌ပေးထား သည့် ၁၂၉ ဦးကိုလည်း ယခု‌မေလ တတိယ အပတ်တွင် နိုင်ငံသားစီစစ်မှုလုပ်ငန်းများကို နှစ်နိုင်ငံပူ‌ပေါင်းလုပ်‌ဆောင်၍ အလားတူ ပြန်လည်ပို့ ‌ဆောင်ရန် အတွက် စီစဉ်သွားမည်ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းက ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ် တစ်‌လျှောက် မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်လအူး၊ မယ်ရာမို၊ ဘမ့်ဒုံယမ်း၊ ထမ့်ဟင်နှင့် အမှတ် (၁)၊ အမှတ် (၂) ကရင်နီဒုက္ခသည်စခန်းအပါအဝင် ဒုက္ခသည်စခန်း ၉ ခုတွင် စုစု‌ပေါင်း လူဦး‌ရေ ၁သိန်းခန့် ခိုလှုံ ‌နေဆဲဖြစ် ‌ကြောင်း ၂၀၁၈ ခုနှစ်၊ မတ်လအတွက် UNHCR က ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။ လတ်တ‌လော ‌သောင်မတင်‌ရေမကျဖြစ်‌ပေါ်‌နေသည့် လက်ရှိ မြန်မာနိုင်ငံ‌ရေး အ‌ခြေအ‌နေများ‌ကြောင့် ဒုက္ခသည်‌နေရပ်ပြန်နိုင်‌ရေး အစီအစဉ်များအ‌ပေါ် ‌စောင့်ကြည့်‌နေဆဲ ဖြစ်သည်ဟု ဒုက္ခသည်အများစုက ‌ပြောဆို‌နေကြသည်။