Home သတင်း ‌ကေအဲန်ယူအဖွဲ့နှင့် ကာချုပ်မင်း‌အောင်လှိုင်တို့‌တွေ့ဆုံ၊ ‌ခေးပူ-လယ်မူပ‌လောလမ်း‌ဖောက်လုပ်မှု ယာယီရပ်ဆိုင်းရန် သ‌ဘောတူ

‌ကေအဲန်ယူအဖွဲ့နှင့် ကာချုပ်မင်း‌အောင်လှိုင်တို့‌တွေ့ဆုံ၊ ‌ခေးပူ-လယ်မူပ‌လောလမ်း‌ဖောက်လုပ်မှု ယာယီရပ်ဆိုင်းရန် သ‌ဘောတူ

2593

‌မေလ ၁၇ရက်၊ ၂၀၁၈ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုး ဦး‌ဆောင်‌သောအဖွဲ့သည် မြန်မာ့တပ်မ‌တော်၏ ကာကွယ်‌ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်နှင့် ရန်ကုန်မြို့ရှိ တိုင်းစစ်ဌာနချုပ်‌နေရာတွင် ‌မေလ ၁၇ရက်(ယ‌နေ့)က ‌တွေ့ဆုံခဲ့ကြသည်ဟု ‌ကေအိုင်စီက ‌ကေအဲန်ယူအသိုင်းအဝိုင်းထံမှ သတင်းရရှိသည်။

အဆိုပါ‌တွေ့ဆုံပွဲကို ယ‌နေ့မွန်းလွဲ ၂နာရီခွဲမှ ၅နာရီခွဲအချိန်ထိ သုံးနာရီကြာ ပြုလုပ်ခဲ့ကြခြင်းဖြစ်ပြီး ‌ကေအဲန်ယူဘက်က ဥက္ကဌ၊ ဒုဥက္ကဌနှင့် ‌ကေအဲန်အယ်လ်‌အေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စော‌ဂျော်နီ၊ ဗိုလ်ချုပ်‌စောအိုင်းဇက်ဖိုးတို့ အပါအဝင် တပ်ဖက်၊ အရပ် ဖက် ထိပ်ပိုင်း‌ခေါင်း‌ဆောင်များ ပါဝင်‌ကြောင်း သိရှိရသည်။

ဗိုလ်ချုပ်‌စောအိုင်းဇက်ဖိုးက “ကားလမ်း‌ဖောက်ဖို့ဟာကို ရပ်ခိုင်းထားလိုက်ပြီ‌လေ။ ပြီး‌တော့ ပြန်ပြီး‌တော့ ဆုတ်‌ပေးမှာ‌ပေါ့‌လေ။ အဲဒါအထူးသဖြင့်‌တော့ ပြည်သူလူထု‌တွေ ပြန်လာ‌နေဖို့‌ပေါ့‌လေ။ အဲဒါပါပဲ။ အ‌ရှေ့မှာရှိတဲ့တပ်‌တွေကို ညွန်ကြားလိုက်ပြီ‌လေ။ ဒါ က‌တော့ ညှိနှိုင်းမှုရဲ့အကျိုးဆက်‌ပေါ့‌နော်။ ‌နောက်ပိုင်းမှာ‌တော့ ဒီလို ညှိနှိုင်းပြီး‌တော့ အ‌ကောင်အထည်‌ဖော်သွားမယ် ဆိုလို့ရှိရင် လည်း ဒါမျိုးက ထပ်ဖြစ်လာစရာ အ‌ကြောင်းမရှိဘူး‌ပေါ့‌နော်”ဟု ‌ဆွေး‌နွေးပွဲအပြီး ‌ကေအိုင်စီ၏ ဆက်သွယ်‌မေးမြန်းမှုကိုပြန်လည် ‌ဖြေကြားခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်အ‌နေဖြင့် ယင်းလမ်းကိုဆက်မ‌ဖောက်ရန် ကတိ‌ပေးရုံမက အမိန့်ထုတ်ပြန်ခဲ့ပြီး လူထုအတွက် ‌ကျေ‌အေး‌ပေးရန် ‌ပြောဆိုခဲ့‌ကြောင်း၊ ၎င်းတို့အ‌နေဖြင့် ဖွံ့ဖြိုး‌ရေးအတွက် ရည်ရွယ်ခြင်းသာဖြစ်ပြီး လူထု၏စိုးရိမ်မှုနှင့် ‌ပြေးလွှား ‌ရှောင်တိမ်း‌နေရခြင်းကို ကိုယ်ချင်းစာ‌ကြောင်း‌ပြောသည်ဟု ဗိုလ်ချုပ်‌စောအိုင်းဇက်ဖိုးက ဆက်လက်‌ပြောဆိုသည်။

အလားတူ တပ်မ‌တော်ကာကွယ်‌ရေးဦးစီးချုပ်ရုံး(‌နေပြည်‌တော်)က ‌မေလ ၁၇ရက်၌ သတင်းထုတ်ပြန်ရာတွင် တပ်မ‌တော်ကာ ကွယ်‌ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ‌စောမူတူး‌စေးဖိုး ဦး‌ဆောင် သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ယ‌နေ့ည‌နေပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ ‌ဇေယျာသီရိဗိမာန်ဧည့်ခန်းမ‌ဆောင်တွင် ‌တွေ့ဆုံ ‌ဆွေး‌နွေးသည်ဟု ‌ဖော်ပြထားသည်။

‌တွေ့ဆုံပွဲသို့ တပ်မ‌တော်ကာကွယ်‌ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်‌ရေးဦးစီးချုပ်(‌ရေ) ဗိုလ်ချုပ်ကြီးတင်‌အောင်စန်း၊ ကာကွယ်‌ရေး ဦးစီးချုပ်(‌လေ) ဗိုလ်ချုပ်ကြီး‌မောင်‌မောင်‌ကျော်၊ ကာကွယ်‌ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မ‌တော်အရာရှိကြီးများ၊ ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးမှု ပူးတွဲ‌ကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးခင်‌ဇော်ဦး(ငြိမ်း)တို့ တက်‌ရောက်ခဲ့ကြပြီး ‌ကေအဲန်ယူဥက္ကဋ္ဌ နှင့်အတူ ဒုတိယဥက္ကဋ္ဌ ပဒို‌စောကွယ်ထူးဝင်းနှင့် အဖွဲ့ဝင်များ တက်‌ရောက်ကြ‌ကြောင်းလည်း ထုတ်ပြန်ထားသည်။

ထိုသို့‌တွေ့ဆုံစဉ် ငြိမ်းချမ်း‌ရေးနှင့်ပတ်သက်၍ ‌ရှေ့ဆက်‌ဆောင်ရွက်ရမည့် ကိစ္စရပ်များအား ညှိနှိုင်း‌ဆွေး‌နွေးကြပြီး ကရင်အမျိုး သားအစည်းအရုံး(KNU)၏ စိုးရိမ်ပူပန်မှုများ ဖြစ်‌ပေါ်လျက်ရှိသည့် ‌ခေးပူ-လွယ်မူပ‌လောလမ်း‌ကြောင်း ပြုပြင်‌ဆောင်ရွက်‌နေမှုကို တပ်မ‌တော်မှနားလည်မှုရှိစွာဖြင့် ယာယီရပ်ဆိုင်း‌ပေးထားမည်ဖြစ်ပြီး အဆိုပါ‌ဒေသတွင်‌နေထိုင်ကြသည့် ‌ဒေသခံ တိုင်းရင်းသား ပြည်သူများအ‌နေဖြင့် ‌အေးချမ်းစွာ ‌နေထိုင်လုပ်ကိုင်နိုင်ပြီး လွတ်လပ်စွာ သွားလာလှုပ်ရှားနိုင်‌ကြောင်း ‌ဆွေး‌နွေးသ‌ဘောတူညီမှု ရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ယ‌နေ့‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် ‌ကေအဲန်ယူဘက်မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုး၊ ဒုဥက္ကဌ ပဒို‌စောကွယ်ထူးဝင်း၊ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ပဒို‌စောတာဒိုမူး၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စော‌ဂျော်နီ၊ ဗိုလ်ချုပ်‌စောအိုင်းဇက်ဖိုး၊ ဗိုလ်မှူးကြီး‌စောတာမလာ‌သော၊ ကာကွယ်‌ရေးဌာနတာဝန်ခံ ပဒို‌စော‌ရောဂျာခင်၊ ပဒို‌စော‌ရွှေ‌မောင်းနှင့် ‌ကေအဲန်ယူ၏အကြံ‌ပေး ဗိုလ်မှူး‌စောထူးထူး‌လေးတို့ ပါဝင်ခဲ့ကြသည်။