မေလ ၁၆ ရက်၊ ၂၀၁၈ ခုနှစ်။ နန်းဝေဖြိုးဇာ
တနသင်္ာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ် ကံပေါက်ဒေသတွင် တည်ရှိသည့် LNG သဘာဝဓာတ်ငွေ့ သုံးဓာတ် အားထုတ်လုပ်ရေးစက်ရုံမှ ကံပေါက် -ပဲခူး 500 KV ဓာတ်အားလိုင်း သွယ်တန်းရန်အတွက် နိုင်ငံတော်အစိုး ရနှင့် ဒေသခံပြည်သူတို့လက်ခံပါက ကရင်ပြည်နယ်ရှိ မြို့နယ် ၂ မြို့နယ်တွင် ဓာတ်အားလိုင်း ဖြတ်သန်း သွယ်တန်းသွားမည်ဟု စီမံကိန်းတာဝန်ရှိသူများက ပြောသည်။
ကံပေါက်လျှပ်စစ်စီမံကိန်းနှင့်ပတ်သက်၍ လူထုများသိရှိရန်နှင့် လူထုသဘောထားများရရှိရန်အတွက် မေလ ၁၅ရက်နေ့ ကရင်ပြည်နယ်၊ ဖားအံမြို့ ကန်သာဦးခန်းမ၌ စီမံကိန်းတာဝန်ရှိသူနှင့် လူထုတို့တွေ့ ဆုံရာတွင် ထိုသို့ပြောဆိုလိုက်ခြင်းဖြစ်ပြီး လက်ရှိ စီမံကိန်း ဆောင်ရွက်မည့် အခြေအနေများနှင့်ပတ်သက်၍ Total ကုမ္ပဏီမှ စီမံကိန်းနှင့်ပြည် သူ့ဆက်ဆံရေးတာဝန်ခံ ဒေါက်တာအောင်ဇော်ဝင်းက ယခုလိုပြောသည်။
၎င်းက “ကျနော်တို့ စီမံကိန်းနဲ့ပတ်သက်လို့ အဆိုပြုတင်ထားတာ ၂၀၁၇ ခုနှစ်မှာတင်တာ အဲဒါတစ်ပြိုင်နက်ထဲ သဘဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာနကနေပြီးတော့ EIA /SIAလုပ်ဖို့ တစ်ခါထဲ Project ကိုတင်ထားပြီး သား အဲဒါနဲ့ပတ်သက်ပြီး ဆက်လုပ်ပါဆိုတဲ့ ညွှန်ကြားချက်တော့ ရထားပြီ” ဟု ကေအိုင်စီသို့ ပြောသည်။
၎င်းစီမံကိန်းသည် ဓာတ်အားပေးကောင်းကင်ကြိုးလိုင်းများနှင့် သွယ်တန်းမည် ဖြစ်ပြီး တနသင်္ာရီတိုင်းမှ ပဲခူးတိုင်းဒေသအထိ သွယ်တန်းမည့် လမ်းကြောင်းတွင် မွန် နှင့် ကရင်ပြည်နယ်များကို ဖြတ်ရမည်ဖြစ်ကာ ကရင်ပြည်နယ်တွင် ဖားအံမြို့နယ်နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်နှစ်ခုကိုဖြတ်သွားမည်ဖြစ်သည်။
ကောင်းကင်ကြိုးလိုင်းများဖြင့်သွယ်တန်းမည့် ဓာတ်အားလိုင်းစီမံကိန်းအရ တာဝါတိုင်များကို တနသင်္ာရီတွင် ၁၄၉ တိုင်၊ ကရင် ၂၃၉ တိုင်၊ မွန် ၆၄၁ တိုင်၊ ပဲခူး ၁၂၈ တိုင်ခန့် တည်ဆောက်မည်ဖြစ်ပြီး အဆိုပါ စီမံကိန်းမှ ထွက်ရှိသည့် လျှပ်စစ်ဓာတ်အားကို စွမ်းအင်ဝယ်ယူရေး သဘောတူညီချက်အရ EMPE (မြန်မာ့လျှပ်စစ်စွမ်း အားလုပ်ငန်း) သို့ ရောင်းချသွားမည်ဖြစ်သည်ဟုလည်း သိရသည်။
SIEMENS နှင့် TOTAL ကုမ္ပဏီတို့ ဆောင်ရွက်မည့် ၅၀ဝ KV ဓာတ်အားလိုင်းမှာ ၂၈ဝ မိုင်(၄၅ဝ ကီလိုမီတာ) ရှည်လျားကာ ကံပေါက်မှ ပဲခူးတိုင်းဒေသကြီး ဘုရားကြီး ဓာတ်အားခွဲရုံသို့ သွယ်တန်းမည်ဖြစ်သည့်အတွက် ၂၀၁၉ ခုနှစ်စီမံကိန်းစတင်နိုင်လျှင် ၂၀၂၁ ခုနှစ်တွင် လျှပ်စစ်ထုတ်လုပ် နိုင်မည်ဖြစ်သည်ဟု ဦးအောင်ဇော် ဝင်းက ပြောသည်။

ထို့အပြင် ESIA/IEE ခေါ် ပတ်ဝန်းကျင်နှင့် လူမှုဘဝအပေါ်အကျိုးသက်ရောက်မှု ဆန်းစစ်ခြင်းလုပ်ငန်း စဉ်များလုပ်ဆောင်နေပြီး စီမံကိန်းကြောင့် နစ်နာမှုမရှိစေရန် ဌာနဆိုင်ရာများ ဒေသခံပြည်သူ၊ လူထု အခြေပြုအဖွဲ့ များအပြင် ပါဝင်ပတ်သက်သည့် အဖွဲ့အစည်းများနှင့် ဆွေးနွေး ညှိနှိုင်းခြင်းလုပ်ငန်းများကို လုပ်ဆောင်သွားမည်ဟု ကုမ္ပဏီ တာဝန်ရှိသူများက အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ပြောသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသူ ဦးမြင့်ရွှေက “ကျောက်မီးသွေးနဲ့ထုတ်ရင်လည်း လျှပ်စစ်ရသလို သဘာဝဓာတ်ငွေ့ရည်နဲ့ထုတ်ရင်လည်း လျှပ်စစ်ရတယ်။ ဒီနှစ်ခုကနှှိုင်းယှဉ်ရင်တော့ အခုလုပ်မယ့်စီမံကိန်းက ဆိုးကျိုးနည်းမယ်လို့တော့ထင်တယ်။ ကျနော်တို့ပြည်နယ်မှာလျှပ်စစ်လိုတာကအမှန်ပဲ ဆိုးကျိုးများရင်တော့ ကျနော်တို့လက်မခံဘူး ။ ဆိုးကျိုးနည်းပြီး ကျနော်တို့ပြည်နယ် လိုအပ်တဲ့ လျှပ်စစ်ပမာဏ ပေးမယ်လို့ ကတိပေးရင် ကျနော်တို့ကတော့လက်ခံ မှာပါ” ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ စီမံကိန်းဖြတ်သန်းသွားမည့် ကရင်ပြည်နယ်အတွင်းရှိ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ခလယ်၊ တံခွန်တိုင်၊ ကျုံခဝန်၊ ဘုရား ၅ ဆူ စသည့် ဒေသရှိ ကျေးရွာအနီးနားနှင့် ဖားအံမြို့နယ်တွင် ဇာသပြင်ဒေသတို့တွင် ဖြတ်သန်း သွယ်တန်းသွားရန်ရှိသည်ဟုလည်း သိရသည် ။



















