Home သတင်း ‌ပျောက်ကွယ်လုနီး ကရင်ဇာတ်သဘင်များ ပြန်လည်ထိန်းသိမ်းမြှင့်တင်ရန်လိုအပ်

‌ပျောက်ကွယ်လုနီး ကရင်ဇာတ်သဘင်များ ပြန်လည်ထိန်းသိမ်းမြှင့်တင်ရန်လိုအပ်

3151

ဧပြီ ၂၆ ရက် ၊ ၂၀၁၈။ နန့်ဘွားခလိန်

ဧရာဝတီတိုင်း‌ဒေသကြီး အတွင်းရှိ ကရင်ရိုးရာ ယဉ်‌ကျေးမှု ဇာတ်သဘင်အဖွဲ့များမှာ ယခုအချိန်တွင် ‌ပျောက်ကွယ်လုနီး အ‌ခြေအ‌နေ ဖြစ်‌နေသည့်အတွက် ပြန်လည်ထိန်းသိမ်း‌စောင့်‌ရှောက်ရန် လိုအပ်‌နေ‌ကြောင်း ပန်းတ‌နော်မြို့နယ် ကရင် စာ‌ပေ နှင့် ယဉ်‌ကျေးမှု‌ကော်မတီ တာဝန်ရှိသူများက ‌ပြောဆိုသည်။

ယခင်က ဧရာဝတီတိုင်း‌ဒေသကြီးအတွင်း ကရင်လူထုများတခဲနက် အား‌ပေးမှုရှိခဲ့သည့် ကရင်ရိုးရာ ယဉ်‌ကျေးမှု ဇာတ်သ ဘင်အဖွဲ့များမှာ လက်ရှိတွင် မြစိမ်း‌ရောင်‌ရွှေဖားစည်အမည်ရှိ အဖွဲ့တစ်ဖွဲ့သာ ကျန်ရှိ‌နေသည့် အ‌ခြေအ‌နေဖြစ်‌ပေါ်‌နေခြင်း ဖြစ်သည်။

ပန်းတ‌နော်မြို့နယ် ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီ အတွင်း‌ရေးမှူး မန်းဝင်း‌မောင်က “ အနုပညာနဲ့ ကိုယ့် ယဉ်‌ကျေးမှုကို ထုတ်‌ဖော်တာ အထိ‌ရောက်ဆုံးပဲ။ စာ‌ပေသင်ကြားဖို့၊ ရိုးရာဓ‌လေ့ ထုံးတမ်း‌တွေကို ထိန်းသိမ်းဖို့ကို လိုက်‌ပြော‌နေရုံနဲ့ မလုံ‌လောက်ဘူး။ အဲဒါ‌ကြောင့် ဒီလိုထိ‌ရောက်မှုရှိတဲ့ ဇာတ်သဘင်အခန်းကဏ္ဍကို မ‌ပျောက်ကွယ်‌အောင် ပြန်လည်ထိန်းသိမ်းဖို့က အ‌ရေးကြီးလာပြီဖြစ်တယ်”ဟု ‌ပြောသည်။

ကရင်ရိုးရာဇာတ်သဘင်များမှာ ‌ငွေ‌ရေး‌ကြေး‌ရေး အခက်အခဲများ ရှိခြင်း ၊ ကူညီ‌ထောက်ပံ့‌ပေးမည့် အဖွဲ့အစည်း များ မရှိခြင်း ၊ ရုပ်ရှင် ဗီဒီယိုများ ‌ခေတ်စားလာသည်နှင့်အမျှ ဇာတ်သဘင်များ အ‌ပေါ် လူထုစိတ်ဝင်စားမှု ‌လျော့နည်းလာခြင်း စသည့်အ‌ခြေအ‌နေများ‌ကြောင့် ရိုးရာဇာတ်သဘင်‌လောက တဖြည်းဖြည်း‌မှေးမှိန်လာရခြင်းဖြစ်‌ကြောင်း စာ‌ပေယဉ်‌ကျေးမှုအ‌ရေး လှုပ်ရှားသူများ၏ သုံးသပ်‌ပြောဆိုမှုများလည်းရှိ‌နေသည်။

ထို့အပြင် လက်ရှိအ‌ခြေအ‌နေများအရ အခြား‌သော မြန်မာဇာတ်သဘင်များလည်း အများအပြားရှိ‌နေသည့်အတွက် တစ်ဖွဲ့တည်းသာကျန်ခဲ့သည့် မြစိမ်း‌ရောင်‌ရွှေဖားစည် ကရင်ရိုးရာဇာတ်သဘင်အဖွဲ့အ‌နေဖြင့် ‌ရေရှည်ဆက်လက်ရပ် တည်နိုင်‌ရေးအတွက် ရုန်းကန်‌နေရသည့်အ‌ခြေအ‌နေ ဖြစ်‌ပေါ်‌နေ‌ကြောင်းလည်း ယင်းဇာတ်အဖွဲ့မှ ဦး‌ဆောင်သူတစ်ဦးဖြစ် သည့် ဇာတ်မင်းသား မန်းသိန်း‌ဇော် က‌ပြောသည်။

၎င်းက “ ကရင်ဇာတ်သဘင်အဖွဲ့ မ‌ပျောက်ပျက်ရ‌အောင် အားသွန်ခွန်စိုက် ကြိုးပမ်းလာတာ နှစ်‌ပေါင်း ၄ဝ ရှိပြီ ‌ငွေ‌ရေး‌ကြေး‌ရေး အခက်အခဲ‌တွေ‌ကြောင့် အခြားဇာတ်အဖွဲ့‌တွေလို မထိုး‌ဖောက်နိုင်‌သေးဘူး။ လိုအပ်တာ‌တွေကို တစ်နှစ်နည်းနည်းနဲ့ဝယ်ပြီး စု‌ဆောင်း‌နေရတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ယဉ်‌ကျေးမှု ဇာတ်သဘင်အဖွဲ့များအား ကရင်ပြည်သူများမှ ယ‌နေ့တိုင် ‌ထောက်ခံအား‌ပေးမှုများရှိ‌နေ‌သော်လည်း ‌ရှေရှည် ဆက်လက်ရပ်တည်နိုင်‌ရေးအတွက် ‌ငွေ‌ကြေးနှင့် အခြားလိုအပ်သည့် အ‌ထောက်အကူပြုပစ္စည်းများအား အစိုးရ တာဝန်ရှိသူများမှ ထိုက်သင့်သည့်ကူညီပံ့ပိုးမှုများ ပြုလုပ်‌ပေးရန်လိုအပ်‌ကြောင်းလည်း မန်းသိန်း‌ဇော်က ဆက်‌ပြောသည်။

ဧရာဝတီတိုင်း‌ဒေသကြီးအတွင်း ပန်းတ‌နော်မြို့နယ်တစ်ခုတည်းတွင်သာ ရိုးရာဇာတ်သဘင်အဖွဲ့ အများဆုံး ‌ပေါ်‌ပေါက်ခဲ့ခြင်း ဖြစ်ပြီး ယင်းဇာတ်သဘင်အဖွဲ့များအ‌နေဖြင့် ကရင်သံစဉ်သီချင်းများ သီဆိုခြင်း၊ ကရင်ရိုးရာ ဒုံးအကများအပြင်၊ ကရင်ရာဇ ဝင်များထုံးတမ်းအစဉ်အလာများအား ပြဇာတ် ၊ ‌တေးသရုပ်‌ဖော် စသည်တို့ဖြင့် ကပြ‌ဖျော်‌ဖြေကာ ကရင်ရိုးရာ ယဉ်‌ကျေးမှုများကို ထုတ်‌ဖော်ပြသခဲ့ကြခြင်းဖြစ်သည်။

တဖြည်းဖြည်း ‌မှေးမှိန်‌ပျောက်ကွယ်လုနီးပါးဖြစ်‌နေသည့် ကရင်ယဉ်‌ကျေးမှုဇာတ်အဖွဲ့များကို ကရင်လူထုပရိဿတ်များမှ ပြန်လည်ဖွဲ့စည်းရန် ‌တောင်းဆိုမှုများ ရှိ‌နေ‌သော်လည်း ‌ငွေ‌ရေး‌ကြေး‌ရေး အ‌ခြေအ‌နေများ‌ကြောင့် ယခုအချိန်တွင် ပြန်လည် ဖွဲ့စည်းရန်ပင် အခက်အခဲများရှိ‌နေ‌ကြောင်းလည်း စာ‌ပေယဉ်‌ကျေးမှု‌ကော်မတီတာဝန်ရှိသူများက ‌ပြောဆိုသည်။

ကရင်ရိုးရာဇာတ်သဘင်အဖွဲ့ကို ပန်းတ‌နော်မြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီမှ ဦး‌ဆောင်ကာ ၁၉၇၃ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီးသည့်‌နောက်ပိုင်းတွင် အခြားရိုးရာဇာတ်သဘင်အဖွဲ့များဖြစ်သည့် နန့်ကျင်‌ရွှေ ၊ ဧရာဝတီ ‌ရွှေဖားစည်၊ မြစိမ်း‌ရောင်‌ရွှေဖားစည် စသည့်အဖွဲ့များ ထပ်မံ‌ပေါ်‌ပေါက်လာခဲ့ပြီး ယခုလက်ရှိ အချိန်တွင် မြစိမ်း‌ရောင်‌ရွှေဖားစည် တစ်ဖွဲ့သာ ကျန်ရှိ‌တော့‌ကြောင်း သိရသည်။