မန်းထိန်ဝင်းစိန်
၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ (၁၁)ရက်နေ့သည် အကြိမ်(၇၀)မြောက် ကရင်အမျိုးသားနေ့ဖြစ် သည်။ လွန်ခဲ့သည့် နှစ်ပေါင်း(၇၀) ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ (၁၁)ရက်နေ့တွင် မြန်မာပြည်ရှိ ကရင်ဒေသအသီးသီးမှ လူအင်အား(၄၅၄ ,၁၀၀) ဖဆပလအစိုးရအား ငြိမ်းချမ်းစွာဖြင့် ပိုစတာလေး ခုကို ကိုင်၍ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။ အဆိုပါဆန္ဒဖော်ထုတ်ပွဲသည် ကရင်တစ်မျိုးသားလုံး၏ မျိုးချစ်စိတ်ဓာတ်နှင့် နိုင်ငံရေးအသိကို မွေးထုတ်စေခဲ့သည့်အပြင် တစ်မျိုးသားလုံး ၏စည်းလုံးညီ ညွတ်မှုကို ဒီမိုကရေစီနည်းလမ်းတကျ ဖော်ထုတ်နိုင်ခဲ့ခြင်းကြောင့် ကရင်လူမျိုးတို့အား ကမ္ဘာကပိုမိုသိရှိစေခဲ့သည်။
၁၉၅၃ ခုနှစ် နိုဝင်ဘာလ (၂၃-၂၅) ရက်နေ့ ဖာပွန်မြို့ကော်သူးလေပြည်လုံးဆိုင်ရာ ကွန်ဂရက်တွင် ကရင်လူမျိုးများ ဆန္ဒဖော်ထုတ်ခဲ့သည့် ဖေဖော်ဝါရီလ(၁၁)ရက်နေ့ကို ကရင်အမျိုး သားနေ့အဖြစ် သတ်မှတ်ရန် မြစ်ဝကျွန်းပေါ်တိုင်း အမှတ်(၁) ခရိုင်ဥက္ကဌ မန်းကျော်အေး အဆိုပြုချက်၊ မြစ်ဝကျွန်းပေါ်တိုင်း အမှတ်(၁) တပ်မမှူး ဗိုလ်ချုပ်ကော်ထူး(ခ) ဗိုလ်ချုပ်ကျော်မြသန်း၏ ထောက်ခံမှု ဖြင့် အတည်ပြုခဲ့ခြင်းကြောင့် ဖေဖော်ဝါရီလ (၁၁)ရက်နေ့သည် ကရင်အမျိုးသား နေ့ဖြစ်လာခဲ့သည်။
ကရင်လူမျိုးများ ဆင်းသက်လာပုံ
ကရင်လူမျိုးများသည် ဘီစီ ၂၂၃၄ မှ စတင်၍ ဘေဘီလုံမှထွက်ခွာလာခဲ့ကြသည်။ ကရင်လူမျိုး တို့၏ မူရင်းဒေသဘေဘီလုံကို (လယ်မူထီကော်) သာယာဝပြောသောနိုင်ငံဟု ခေါ်သည်။ ဘေဘီလုံမှစတင်၍ ထွက်ခွာခဲ့ရာ မွန်ဂိုလီးယား-တာကစ္စတန်-တိဗက်-ယူနန်ဒေသသို့ ဘီစီ ၁၃၈၅တွင် ရောက်ရှိခဲ့သည်။ ယူနန်မှ အုပ်စုနှစ်စုခွဲ၍ ဘီစီ ၁၁၂၈တွင် ပထမအုပ်စုအဖြစ် ဆက်လက် ထွက်ခွာရာ မြန်မာနိုင်ငံသို့ ဘီစီ ၁၁၂၅တွင် ရောက်ရှိခဲ့ရာ အေဒီ ၂၀၁၈အထိ မြန်မာပြည်သို့ ကရင်လူမျိုးများရောက်ရှိခဲ့သည်မှာ နှစ်ပေါင်း ၃၁၉၃ နှစ်ရှိခဲ့ပြီဖြစ်သည်။ ယူနန်မှ ဒုတိယအုပ်စု ကရင်များသည် ဘီစီ ၇၄၁တွင် ထွက်ခွာလာခဲ့ အေဒီ ၇၃၉ တွင် မြန်မာပြည်သို့ ရောက်ရှိခဲ့ရာ အေဒီ ၂၀၁၈ အထိ မြန်မာပြည်ရောက်ရှိသည့် နှစ်ပေါင်း ၂၇၅၇ နှစ်ရှိခဲ့ပြီဖြစ်သည်။ ယနေ့တိုင် ကရင်လူမျိုးများ မြန်မာပြည်တွင် ရောက်ရှိပြီး ဓါးမဦးချနေထိုင်လာခဲ့သည်မှာ ထောင်စုနှစ်ပေါင်းသုံးခုပင် ရှိခဲ့ပေသည်။
ထိုသို့နှစ်ပေါင်းထောင်ချီမူရင်းဒေသမှ ဆင့်ကဲဆင့်ကဲပြောင်းရွှေ့လာရာ အချိန်ကာလ ရှည်ကြာလာသည်နှင့်အမျှ လမ်းခရီးတွင် တောင်အသွယ်သွယ်၊ တောအထပ်ထပ်၊ မြစ်ချောင်းအလီလီ ဖြတ်ကျော်ခဲ့ရခြင်း၊ ရာသီဥတုအခက်အခဲ၊ လူအုပ်စုအချင်းချင်း လှည့်ဖြားခြင်း၊ လုယက်တိုက်ခိုက်ခြင်း စသည့်ဘေးရန်များကြုံတွေ့ခဲ့ရခြင်းကြောင့် နောင်လာနောင်သားများအား မကောင်းဆိုးဝါးများ (နန်း လောက်-နန်းခလောက်)လှည့်ဖြားခြင်းများကို မယုံကြည်ရန်၊ ကရင့်လူမှုဘဝသမိုင်းများကို ဖျက်ဆီးခဲ့ သူများအား (ထွီယိုင့်ဘိတ်ထို့ခန်လန့်) ခွေး ကဝက်ခြေရာကို ဖျက်ဆီးခဲ့သည်ဟု ဆိုရိုးစကားရှိခဲ့သည်။ လမ်းခရီးခက်ခဲကြမ်းတမ်းမှုကို ရေစီသဲမျှောမြစ်ချောင်းများကို ဖြတ်ကျော်ခဲ့ရခြင်းကို ကရင်ဘာသာ အားဖြင့် (ထီဆေ့မေ့ယွာ) ဒေသကို ဖြတ်ကျော်ခဲ့ရကြောင်း အဆိုရှိခဲ့သည်။ ဆရာကြီး ဂျွန်ဟက် ကနီ(Rev.John Hack Ney) ၏ THE KAREN စာအုပ်တွင် ကရင်တို့၏မူလဇစ်မြစ်သည် အာရှတိုက်အလယ်ပိုင်းဖြစ်ခြင်းနှင့် ကရင်တို့ဖြတ်ကျော်ခဲ့သည့် ရေစီးသဲမျှောဒေသ(ထီဆေ့မေ့ယွာ) သည် ဂိုဘိသဲ ကန္တာရဖြစ်ကြောင်း ရေးသားခဲ့သည်။ ကရင်လူမျိုးတို့က ဂိုဘိသဲကန္တာရကို ကျယ်ပြောသည့်လွင်ပြင် (ပလောမူလာ) သို့မဟုတ် ကော်ဘီဟု ခေါ်ဆိုခဲ့ပြီး အဂင်္လိပ်တို့က ဂိုဘီ(Gobi)ဟု ခေါ်ဆိုကြသည်။ ထိုကဲ့သို့ လမ်းခရီးဒုက္ခအဖုံဖုံကြောင့် လူအုပ်စုခြင်း နေရာဒေသအနှံ့ ကွဲပြားခဲ့ကြရပြီး အချင်းချင်းပြန်လည်ဆုံတွေ့သည့်အခါ ဆွေမျိုးချင်း သိရှိနိုင်စေရန် လက်ကောက်ဝတ်တွင် ချည်ဖြူဖြင့်ရစ်ပတ်အမှတ်အသားပြုခဲ့ခြင်းဓလေ့သည် ရှေးကရင်များဆင်းသက်လာသည့် ဘဝကောက်ကြောင်းကို ထင်ဟပ်စေခဲ့သည်။
မြန်မာပြည်တွင်နေထိုင်ခြင်း
မြန်မာပြည်တွင် နေထိုင်စဉ်ကာလအတွင်း ကရင်လူမျိုးများသည် အခြားတိုင်းရင်း သားများနည်းတူ မိမိဒေသအကြီးအကဲများဖြင့် အေးချမ်းစွာနေထိုင်လာခဲ့သော်လည်း ဗမာပဒေ သရာဇ်၊ မွန်ပဒေသရာဇ်၊ ရခိုင်ပဒေသရာဇ်၊ ရှမ်းပဒေသရာဇ်တို့၏ပဒေသရာဇ်ခြင်း အားပြိုင်မှုများ ပဒေသရာဇ်လူမျိုးတစ်မျိုးတည်းအတွင်း ညီနှင့်အစ်ကို သားနှင့်အဖ နန်းလုပွဲများတွင်လည်း ကရင် လူမျိုးများ ပါဝင်ခဲ့ခြင်းမရှိဘဲ အေးချမ်းရာအရပ်ကိုသာလျှင် ရှာဖွေနေထိုင်ခဲ့ကြသည်။ အေဒီ ၁၀၄၄မှ အေဒီ ၁၈၈၆ ကာလအတွင်း အင်အားအကြီးဆုံးသော ဗမာပဒေသရာဇ်အုပ်ချုပ်မှုအောက်တွင် အခြားတိုင်းရင်း သားများနည်းတူ နေထိုင်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ကရင်လူမျိုးများ တောင်ပေါ်၊ တောင်ခြေ၊ မြေပြန့်။ ပင်လယ်ကမ်းစပ်အထိ ပျံ့နှံ့နေထိုင်ခြင်းသည် ကရင်လူမျိုးများ မြန်မာပြည်တွင်း သို့ ဦးဦးဖျားဖျားဝင်ရောက်နေထိုင်ကြသော လူမျိုးတစ်မျိုးဖြစ်ကြောင်း သိရှိနိုင်သည်။ မာရှယ်ဆိုသူ သမိုင်းပညာရှင်၏ (THE KAREN PEOPLE OF BURMA) စာအုပ်တွင် ကရင်လူမျိုးများသည် မိမိတို့ ဘဝလုံခြုံရေးအတွက် အစဉ်သဖြင့် ပြေးလွှားနေရသည်ဟု မှတ်တမ်းတင် ထားခဲ့ခြင်းဖြစ်သည်။
ကရင်လူမျိုးများမျက်စေ့ပွင့်လာခြင်း
အဂင်္လိပ်၊ ပြင်သစ်နယ်ချဲ့နိုင်ငံများ ကုန်သွယ်ရေးနှင့် အာရှနိုင်ငံများသို့ တပြိုင်တည်း ရောက်ရှိခဲ့ချိန် ဥရောပခရစ်ယာန်သာသနာပြုများလည်း အာရှနိုင်ငံများသို့ရောက်ရှိလာကြသည်။ အစပိုင်းတွင် သာသနာပြုရာမှ နောက်ပိုင်း ပညာရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်းမှုနှင့် လူမှုဘဝရှင်သန်တိုးတက်ရေးကိုပါ ဆောင်ရွက်လာကြသည်။ ဥပမာ-ပုသိမ်မြို့အနီး ကိုးဆူရွာတွင် ရာသီအလိုက်ဖွင့်လှစ်သော(ကိုးဆူအကယ်ဒမီကျောင်း)။
ကုန်သွယ်ရေးကို အကြောင်းပြုလာရာမှ ကိုလိုနီနယ်ချဲ့သိမ်းပိုက်ရေးများ ပေါ်ပေါက်လာပြန်ရာ ၁၈၂၄ ခုနှစ်တွင် မြန်မာနိုင်ငံအား ပထမအကြိမ် အဂင်္လိပ်ကျူးကျော်စစ်ကြောင့် ရခိုင်နှင့် တနသင်္ာရီ အား အဂင်္လိပ်တို့အား ပေးလိုက်ရသည်။ တနသင်္ာရီဒေသရှိ ကရင်လူမျိုးများလည်း ဥရောပယဉ် ကျေးမှုနှင့် စတင်ထိတွေ့ခဲ့သည်။ ၁၈၅၂ ခုနှစ် ဒုတိယအဂင်္လိပ်ကျူးကျော်စစ်တွင် မြေထဲမြို့မှ အောက်ဗမာ ပြည်တစ်ခုလုံး အဂင်္လိပ်တို့ အားပေးလိုက်ရပြန်ရာ ကရင်လူမျိုးများအားလုံး ဥရောပယဉ်ကျေးမှုနှင့် ထိတွေ့ခဲ့ရသည်။
ကုန်းဘောင်ခေတ် နှောင်းပိုင်း ဗမာပဒေသရာဇ်စနစ်၏ အစစခေတ်နောက်ကျသည်ကို မြင်တွေ့သိရှိလာခဲ့ကြသည့် ကင်းဝန်မင်းကြီး၊ ယောအတွင်းဝန်ဦးဖိုးလှိုင် စသည့်ပညာရှင်များသည် ဟောင်းနွမ်းသည့် ဗမာပဒေသရာဇ်အုပ်ချုပ်ရေးအစား ဥရောပနိုင်ငံများ၏ အုပ်ချုပ်ရေးစနစ်ဖြင့် အစားထိုးလာကြသည်။ ကရင်လူမျိုးများသည်လည်း ဗမာပဒေသရာဇ်စနစ်ထက်စာလျှင် ဥရောပလူ နေမှုစနစ်က သာလွန်ကြောင်းသိရှိသဘောပေါက်လာကြပြီး အဂင်္လန်၊ အမေရိကန် စသည့်နိုင်ငံများသို့ ပညာသွားရောက်သင်ယူခဲ့ကြသည်။
၁၈၈၁ ခုနှစ် အမေရိကန်နိုင်ငံတွင် MADD ဘွဲ့ရခဲ့သူ ဒေါက်တာတီသံပြာသည် ကရင်အမျိုးသား အသင်း (KAREN NATIONAL ASSOCIATION)ကို ဖွဲ့စည်း၍ ကရင်လူမျိုးတို့၏ လူမှုရေးတိုး တက်မှုအဝဝကို ဆောင်ရွက်ခဲ့သည်။ ၎င်းအသင်းသည် မြန်မာနိုင်ငံတစ်ခုလုံး အဂင်္လိပ်လက်အောက်မရောက်ခင် (၅)နှစ်အလို အိန္ဒိယ ကွန်ဂရက်ထက်လေးနှစ်စောပြီး YMBA ထက် ၂၅ နှစ်စောပြီး ပေါ်ပေါက်လာခဲ့သည့် ပထမဦးဆုံးသော ကရင်လူမျိုးတို့၏ရှေ့ဆောင်လူမှုရေး အသင်းတစ်ခုဖြစ်သည်။
၁၃၂၃ ခုနှစ်တွင် ဒေါက်တာ ဒါမေဖိုးမင်းသည် မိမိပို်င်ဆင်ဖြူဖြင့် အဂင်္လန်၊ အမေရိကန်သို့ လှည့်လည်ပြသရင်း ကရင်လူမျိုးများ လွတ်လပ်သည့်တိုင်းပြည်ရှိသင့်ကြောင်း၊ ၁၉၂၈ ခုနှစ်တွင် ဒေါက်တာစံစီဖိုး၏ ဗမာပြည်နှင့် ကရင်လူမျိုးများ(BURMA AND THE KAREN)စာအုပ်တွင် ပဒေသရာဇ်စနစ်ကြောင့် ကရင်များတိုင်းပြည်ပျောက်ခဲ့ပုံ တနသင်္ာရီဒေသကို ကရင်ပြည်အဖြစ် သတ်မှတ်သင့်ကြောင်း ရေးသားခဲ့သည်။
ဒုတိယ ကမ္ဘာစစ်ကြီးကာလမဟာမိတ်နှင့်အတူ အိန္ဒိယပြည်ဆုတ်ခွါသွားသော ကရင်စစ်သား (၂၀၀၀)နှင့် ကရင်စစ်ဗိုလ် ၄ဝ တို့မှ ဗမာပြည်ဖက်ဆစ်ရန်မှ လွတ်မြောက်ပြီးက တနသင်္ာရီတိုင်းကို ကရင်ပြည်အဖြစ်သတ်မှတ်ပေးရန် တင်ပြခဲ့ကြသည်။ ၁၉ ရာစုမကုန်မီ စမီတန်ဆိုသူ အဂင်္လိပ် တစ်ဦး ၏ ဗမာပြည်ရှိသစ္စာရှိ ကရင်များ (THE LOYAL KAREN OF BURMA) စာအုပ်တွင် ကရင်လူမျိုးများ သည် ဗြိတိသျှတို့အပေါ် သစ္စာရှိပုံ တိုင်းပြည်ရှိမှ တိုးတက်နိုင်မည်ဖြစ်ကြောင်း ရေးသားခဲ့သည်။
၁၉၄၁ ခု ဩဂုတ်လ ၁၄ ရက် အမေရိကန်သမ္မတ ရူစဗဲ့နှင့် အဂင်္လန်ဝန်ကြီးချုပ်ချာချီတို့ ချုပ်ဆိုခဲ့သော အတ္တလန်တိတ်ချာတာ(ATLANTIC CHATER) အရ နိုင်ငံတိုင်း လွတ်လပ်သည့်အချုပ်အခြာ အာဏာတည်ရှိခွင့် လူမျိုးတိုင်းကိုယ်ပိုင်ပြဌာန်းခွင့်ရှိစေရမည်ဟူသော အချက်များသည် ကရင်လူမျိုး တို့အား မျက်စေ့ပွင့်စေခဲ့သည်။
အချို့ဗမာသမိုင်းမှတ်တမ်းတင်သူများက အဂင်္လိပ်တို့သည် ကရင်လူမျိုးများကို မြှောက်ပေးကြောင်း ကရင်လူမျိုးများသည် အဂင်္လိပ်နောက်လိုက်ဖြစ်ခြင်းဟု လွဲမှားစွာ ရေးသားကြသည်။ လွတ်လပ်ရေး တိုက်ပွဲကာလက ဗမာနိုင်ငံရေးခေါင်းဆောင်များထဲတွင် လွတ်လပ်ရေးအတွက် အမြင်သုံးမျိုး ပေါ်ပေါက်ခဲ့သည်ကို မျက်ကွယ်ပြုခဲ့ကြသည်။

၎င်းအမြင်သုံးမျိုးမှာ
၁။ ဗမာ့ထွက်ရပ်ဂိုဏ်း (freedom Floc)မှ အဂင်္လိပ်အခက် ဗမာ့အချက် ကြွေးကြော်သံဖြင့် ဗမာပြည်လွတ်လပ်ရေးအတွက် ဂျပန်နှင့် ပေါင်း၍ အဂင်္လိပ်ကို မောင်းထုတ်ရန်
၂။ လွတ်လပ်ရေးအတွက် ဗမာပြည်သူများကိုသာ အားကိုးရန်
၃။ ကမ္ဘာစစ်တွင် ပြည်သူတို့၏ရန်သူမှာ ဖက်ဆစ်စနစ်ဖြစ်၍ အဂင်္လိပ်တို့နှင့် ယာယီမဟာမိတ်ဖွဲ့၍ ဂျပန်အားဆန့်ကျင်ရန်
တတိယအယူအဆသည် အင်းစိန်ထောင်တွင်းရောက်ရှိနေသည့် သခင်စိုးအပါအဝင် ဗမာ့နိုင်ငံရေး ခေါင်းဆောင် အချို့တို့၏ အယူအဆဖြစ်ပြီး အင်းစိန်စစ်တန်း(INSEIN THESIS)ဟု သမိုင်း တွင်ခဲ့ပြီး အပြင်တွင်ရှိနေသည့် ဗမာ့နိုင်ငံရေးခေါင်းဆောာင်အချို့နှင့် အိန္ဒိယရောက် မဟာမိတ် များထံပေးပို့ခဲ့သည်။ သို့သော်လည်း ဂျပန်အကူအညီဖြင့် အဂင်္လိပ်အား တိုက်ခိုက်ရန် ဗမာနိုင်ငံရေး သမားများ အများစုဖြစ်နေခြင်းကြောင့် ဂျပန်အကူအညီကိုသာလျှင် ရယူခဲ့ကြသည်။
တတိယဗမာနိုင်ငံရေးအုပ်စု အမြင်ကဲ့သို့ ကရင်များမြင်ခြဲ့ခင်းကြောင့် ယိုးဒယားနယ်စပ် ထားဝယ်စစ်မျက်နှာမှ BIA နှင့်အတူ ဝင်ရောက်လာသည့် ဂျပန်တပ်ကို ကရင်များခုခံတိုက်ခိုက်ခဲ့ခြင်း သည် ဗမာပြည်ကို ကမ္ဘာ့ဘုံရန်သူဖက်ဆစ် ခြေမချစေချင်သည်ကို ဗမာအချို့မှ အဂင်္လိပ်ထွက်ပြီးရင် ကရင်ကျန်သေးတယ်ဟူသောလွဲမှားသောအမြင်အချို့ကြောင့် ကရင်ဗမာအဓိကရုဏ်း ပေါ်ပေါက်ခဲ့သည်။
ဆိုဗီယက်မှ ဒုတိယကမ္ဘာစစ်အတွင်း ဝင်လာပြီး အဂင်္လိပ်တို့နှင့် ပေါင်းကာ ဖက်ဆစ်ဂျပန်များ ကို တိုက်ခိုက်လာသည့်အချိန်ရောက်မှ ဗမာခေါင်းဆောင်များအထဲမှ ဂျပန်ကို တော်လှန်တိုက်ခိုက်ရမည်ဆိုသော အမြင်ရှိလာကြသည်။ ကရင်လူမျိုးတို့သည်ကား ဒုတိယ ကမ္ဘာ စစ်ကြီးစတင်ချိန်ကပင် ဗမာနိုင်ငံရေးခေါင်းဆောင်များ ခေါ်လာသည့် ကမ္ဘာ့ရန်သူ ဖက်ဆစ်ဂျပန်နှင့် နှိုင်းစာလျှင် အဂင်္လိပ်တို့အား ယာယီမဟာမိတ်အဖြစ် ခွဲခြားနိုင်ခဲ့ခြင်းကို ဗမာသမိုင်းပညာရှင် အချို့လွဲမှားရေးသားခြင်းမှာ ဝမ်းနည်းဖွယ်ရာဖြစ်ပါသည်။
၁၉၄၆ ခုနှစ် ဖေဖော်ဝါရီလ ၄ရက်နေ့တွင် ကရင်ဗဟိုအဖွဲ့ချုပ်(Karen Cent ran Organization-KCO) မှ ၁။ စောသာဒင် ၂။ စောဖိုးချစ် ၃။ စောစစ်ဒနီလူနီ ဦးဆောင်သည့် ကရင်မိတ်သဟာရ အဖွဲ့အဂင်္လန် သို့ သွားရောက်၍ ကရင်ပြည်အရေးကို တောင်းဆိုခဲ့ကြသည်။ ၎င်းကရင်မိတ်သဟာရအဖွဲ့မှ အဂင်္လန် နိုင်ငံရေးသားဖြန့်ဝေခဲ့သည့် (CARE FOR THE KAREN)စာအုပ်ကြောင့် ကရင်လူမျိုးတို့အား ကမ္ဘာကပိုမိုသိရှိလာကြာသည်။
၁၈၈၁ ခုနှစ်က ဖွဲ့စည်းခဲ့သည့် ကရင်အမျိုးသားအသင်းသည် အချိန်ကြာညောင်း လာသည်နှင့် အမျှ အသင်းလူကြီးများ အသက်အရွယ်ကြီးရင့်ပြီး စိတ်သွားတိုင်းကိုယ်မပါဖြစ်လာကြ၍ စုစည်းညီ ညွတ်သည့် ကရင်အမျိုးသားအသင်းတစ်ခုပေါ်ပေါက်လာရေးအတွက် ကရင်လူကြီးတစ်ဦးဖြစ်သူ ဆရာ ဖိုးအေး၏ အကြံပေးချက်အရ ၁၉၄၇ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် KNA+BKNA+KCO+KYO လေးဖွဲ့ကိုပေါင်း၍ (KAREN NATIONAL UNION-KNU)ကို ဖွဲ့စည်းလိုက်ကြသည်။
၁၉၄၇ ဇွန်လ ၁၇ ရက်နေ့တွင် ချုပ်ဆိုသော အောင်ဆန်းအက်တလီစာချုပ်ကို ကရင်လူမျိုးများ က မိမိတို့အကျိုး မပါကြောင်းခံစားလာရပြီး အောက်ပါအချက်များကြောင့် သဘောမတူကြောင်း ကန့်ကွက်ခဲ့ကြသည်။
၁။ အဂင်္လိပ်အစိုးရနှင့် တွေ့ဆုံရာတွင် ကရင်ကိုယ်စားလှယ်မပါခြင်း
၂။ စာချုပ်ချုပ်ဆိုရာတွင် ကရင်လူမျိုးတို့၏ သဘောထားမပါခြင်း
၃။ တိုင်းပြုပြည်ပြုလွှတ်တော်တွင် ကရင်ကိုယ်စားလှယ်နည်းခြင်း
၄။ ကရင်ပြည်နယ်ကိစ္စ မပါဝင်ခြင်း
KNU ၏ဆုံးဖြတ်ချက်ကို အဂင်္လိပ်ဝန်ကြီးချုပ်ထံ တင်ပြရန်နှင့် ဖြေကြားချက်ကို ၁၉၄၇ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ စောင့်ဆိုင်းရန်၊ တောင်းဆိုချက်ကို လက်ခံခြင်းမရှိပါက-
၁။ အောင်ဆန်းအက်တလီစာချုပ်ကို ဆန့်ကျင်သွားရန်
၂။ စောဘဦးကြီးအား လက်ရှိဝန်ကြီးရာထူးမှ နုတ်ထွက်ရန်
၃။ တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲကို သပိတ်မှောက်ရန်။
အဆိုပါ တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲတွင် ကရင်လူမျိုးမဲဆန္ဒရှင်များ ၈%သာ မဲပေးခဲ့ပြီး မဲဆန္ဒနယ် ၁၂နေရာအနက် ၄ နေရာသာ ဝင်ရောက်ယှဉ်ပြိုင်သူရှိခဲ့သည်။ KYO အဖွဲ့ဝင်ဟောင်းများ ဖြစ်ကြသည့် ၁။ မန်းဘခိုင် ၂။ မန်းဝင်းမောင် ၃။ စောကျော်စိန် ၄။ စောအောင်ပ ၅။ စောစိန်တင်တို့ သည် KNU ဆုံးဖြတ်ချက်ကို လက်မခံဘဲ အစည်းအဝေးခန်းမှ ထွက်သွားခဲ့ကြသည်။ စောဘဦးကြီး နုတ်ထွက်သွားသော ဝန်ကြီးနေရာတွင် စောစံစီဖိုးသင်မှ ဝင်ရောက်လက်ခံခဲ့သည်။ ၁၉၄၇ ခုနှစ် ဧပြီလ ၁ဝရက်နေ့ KNU အရေးပေါ်အစည်းအဝေးတွင် KNU ဥက္ကဌနေရာတွင် စောဘဦးကြီးအား ရွေးချယ်ခဲ့ပြီး အောက်ပါဆုံးဖြတ်ချက်များကို ချမှတ်ခဲ့သည်။
၁။ ကရင်ပြည်ရရှိရေးသည် ကရင်တစ်မျိုးသားလုံးနှင့် သက်ဆိုင်ကြောင်း
၂။ ရွေးကောက်ပွဲဝင်သည့် ကရင်များသည် ကရင်လူထု ၏ကိုယ်စား လှယ်အစစ်အမှန်မဟုတ် ကြောင်း
၃။ KNU ဗဟိုအလုပ်အမှုဆောင်မှ လုပ်ငန်းတာဝန်များကို ဆက်လက်ဦးဆောင်ရန်
၁၉၄၇ ခုနှစ် စက်တင်ဘာ (၂၄)ရက်နေ့တွင် အတည်ပြုခဲ့သည့် အခြေခံဥပဒေသည်လည်း ပြည်ထောင်စုမှလွဲချော်ပြီး တစ်ပြည်ထောင်စနစ်ဖြစ်ခဲ့သည်။ ၁၉၄၇ ခုနှစ် အောက်တိုဘာ (၁၀)ရက် ကရင် ကိုယ်စားလှယ်(၇၀၀)ကျော် တက်ရောက်ခဲ့သည့် မော်လမြိုင်ညီလာခံတွင်လည်း ကိုယ်စား လှယ်အစစ်အမှန်မပါဝင်သည့် တိုင်းပြုပြည်ပြုလွှတ်တော်မှ ရေးဆွဲအတည်ပြုသည့် ဥပဒေများကို ကရင်လူထုက လက်မခံကြောင်းနှင့် ဗမာပြည်လွတ်လပ်ရေးရရှိသည်နှင့်တပြိုင်နက် ကရင်ပြည်နယ် ကိစ္စကို ဗမာအစိုးရထံ တင်ပြတောင်းဆိုသွားရန် ဆုံးဖြတ်ခဲ့သည်။ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ (၃)ရက် နေ့တွင် KNU မှ ဖဆပလအစိုးရထံ ကရင်ပြည်နယ်အရေးကို တင်ပြခဲ့ရာ ဖဆပလ အစိုးရမှ မတ်လ(၃)ရက်နေ့အထိ မည်သည့်အကြောင်းပြန်ကြားချက်မှ မရေးဘဲ ကရင်ပြည်နယ်တောင်းဆို သူများသည် လူနည်းစုဖြစ်ခြင်း၊ နယ်ချဲ့လက်ကိုင်တုတ်များဖြစ်ခြင်း စသည်ဖြင့် စွပ်စွဲပြောဆိုခဲ့သည်။ ကရင်လူမျိုးအားလုံး ကရင်ပြည်နယ်လိုလားကြောင်းနှင့် ကရင်ပြည်နယ်တင်ပြတောင်း ဆိုချက်ပိုမို လေးနက်စေရန် KNU မှ ဦးဆောင်၍ ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ (၁၁)ရက်နေ့တွင် ကရင်လူထုဆန္ဒပြပွဲကို အောက်ပါကြွေးကြော်သံလေးရပ်ဖြင့် ပြုလုပ်ခဲ့သည်။
၁။ ကရင်ပြည် ချက်ချင်းပေး။
၂။ ကရင်တစ်ကျပ် ဗမာတစ်ကျပ်ချက်ချင်းပြ။
၃။ လူမျိုးရေး အဓိကရုဏ်းအလိုမရှိ။
၄။ ပြည်တွင်း စစ်အလိုမရှိ။
စသည့်ကြွေးကြော်သံလေးရပ် ပိုစတာကို ကိုင်ဆောင်ပြီး အေးချမ်းစွာစီတန်းလှည့်လည်ခဲ့သည်။
အဆိုပါ ကရင်လူထုဆန္ဒပြပွဲ၏ နိုင်ငံရေးအဓိပ္ပာယ်မှာ-
၁။ ကိုယ်ပိုင်ပြဌာန်းခွင့်။
၂။ အမျိုးသားတန်းတူရေး။
၃။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် လူမျိုးစုံချစ်ကြည်ရေး။
၄။ စစ်ဆန့်ကျင်ရေးနှင့်ငြိမ်းချမ်းရေး……အနှစ်သာရများပင် ဖြစ်သည်။
၁၉ ရာစု အမေရိကန်သမ္မတ ဝီလ်ဆင်၏ ကမ္ဘာ့ငြိမ်းချမ်းရေးအဆို (၁၄)ချက်အရ လူမျိုးတိုင်း အချုပ် အခြာအာဏာ အမျိုးသားနိုင်ငံထူထောင်ခွင့်ရှိစေခြင်း၊ ၁၉၉၂ ခုနှစ် စပိန်နိုင်ငံ မဲဒရစ်မြို့သဘော တူညီ ချက်အရ တိုင်းပြည်တစ်ခုအတွင်း လူမျိုးစုံရောနှောနေထိုင်ပါက သက်ဆိုင်ရာ လူမျိုးများ၏ ကိုယ်ပိုင်ပြန်ဌာန်းခွင့်ရှိရန်၊ ၁၉၉၈ ခုနှစ် စပိန်နိုင်ငံ ဘာစီလိုနာမြို့ (UNESCO) အစည်းအဝေး(UNESCO DIVISION OF HUMAN RIGHT,DEMOCRACY AND PEACE)အရ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ လိုက်နာရမည်ဟူသောပဋိညာဉ်စာတမ်း။
ဒုတိယကမ္ဘာစစ်ပြီး စစ်အေးခေတ် (COLDWAR) ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံတွင် အမျိုးသားရေး လှုပ်ရှားမှုများ (NATIONAL LIBERATION MOVEMENTS)ပေါ်ပေါက်ရာ လူမျိုးများ စုပေါင်းနေ ထိုင်သည့် နိုင်ငံများတွင် အချုပ်အခြာအာဏာတည်တန့်ခိုင်မြဲရန်နှင့် ငြိမ်းချမ်းသာယာတိုးတက်စေရန် စစ်မှန်သောပြည်ထောင်စု ဖြစ်သည့် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းရမည်ဟူသော နိုင်ငံရေး အတွေးအခေါ်သစ်တစ်ရပ် ပေါ်ပေါက်ခြင်းသည်လည်းလွန်ခဲ့သည့် နှစ်(၇၀)က ကရင်လူထုဆန္ဒပြပွဲ၏ နိုင်ငံရေး ဦးတည်ချက်များနှင့် ထပ်တူထပ်မျှဖြစ်ပေသည်။
မန်းထိန်ဝင်းစိန်



၁၉၄၈ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက်၊ ကရင်လူထု ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် မြို့နယ်များနှင့် လူဦးရေစာရင်း
မန်းထိန်ဝင်းစိန်
ဆရာသာထို၏ ကရင်နှင့် နိုင်ငံရေးပြဿနာ စာအုပ်မှကူးယူ ဖော်ပြသည်။



















