နိုဝင်ဘာလ ၉ရက်၊ ၂၀၁၇ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်တိုင်းရင်းသားများ၏ ရှေးခေတ်ရိုးရာဒုံးတစ်ခုဖြစ်သည့် စောင်းကဒယ်ဒုံး(တုံ. စင်.က်ုဍယ်)ကို ပြည်နယ်ဝန်ကြီးချုပ်က ခွင့်မပြုသဖြင့် ဖားအံမြို့၊ သီရိကွင်းတွင် ကျင်းပသည့် ၆၂နှစ်မြောက် ကရင်ပြည်နယ်နေ့ပွဲတော်တွင် ကပွဲစင်ပေါ်၌ ဖျော်ဖြေခွင့် မရခဲ့ကြောင်း ယင်းဒုံးအဖွဲ့သားများက သတင်းမီဒီယာများကို ယနေ့ ပြောဆိုသည်။
ဒုံးအဖွဲ့ခေါင်းဆောင် မောင်ကျော်လူးက “ကခွင့်ရလို့ ကျနော်တို့ ဒုံးဖွဲ့ထားတာ။ စင်ပေါ်မှာကရမယ့်ညမှာမှ ခွင့်မရတော့ဘူး။ ကခွင့် ရချင်ရင် ဝန်ကြီးချုပ်ကို သွားတောင်းပန်တဲ့ ပြည်နယ်ပွဲ ဒုံးတာဝန်ရှိသူတွေက အဲလိုပြောတယ်။ ကျနော်တို့ဒုံးထဲက စာသားမှာ အစိုးရကို ထိခိုက်တဲ့ စာသားတွေပါတယ် ပြောတယ်။ မကောင်းရင် မကောင်းတဲ့အကြောင်း တိုက်ခိုက်တဲ့စကားလုံး ထည့်ပြီးမပြောဘူး။ အဟုတ်အတိုင်း ရေးတယ်။ အရင်ခေတ်အဆက်ဆက် ဒီလိုပဲ ရေးပြီး ကတယ်။ အခု အစိုးရခေတ်မှ ကခွင့် ပိတ်ခံရတာ။ တောင်းပန်ပြီးမှ ကခွင့်ရမယ်ဆိုရင် ကျနော်တို့မကဘူး။ ကခွင့်ရတဲ့နေရာမှာ သွားကမယ်”ဟု ကေအိုင်စီသို့ ပြော သည်။
စောင်းကဒယ်ဒုံးအဖွဲ့အနေဖြင့် ယခုနှစ် နိုဝင်ဘာလ ၇ရက်နေ့တွင် စတင်သည့် ကရင်ပြည်နယ်နေ့ပွဲတော်တွင် ဒုံးစင်ပေါ် တက် ရောက်ကပြ ဖျော်ဖြေခွင့်မရသည့်အတွက် ဖားအံမြို့တောင်ဘက် ဒုံရင်းဒေသ၊ ဇွဲကပင်တောင်ခြေ၊ လုမ္ပဏီဥယျာဉ်ရှေ့ရှိ ကရင် ဇာတ်ဆရာ၊ အနုပညာရှင် လမ်းပြကြယ် ခွဲကဘောင်စောကျော်လေး၏ ရုပ်ထုရှေ့၌ နိုဝင်ဘာလ ၉ရက် (ယနေ့)မနက်က သွား ရောက်ကပြခဲ့ကြသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာများတွင် ဖော်ပြထားသည်မှာ ကရင်ပြည်နယ်၌ လတ်တလော လူပြောများ နေသည့် ကျောက်မီးသွေးစက်ရုံစီမံကိန်းနှင့်ပတ်သက်သော စာသားများ ပါဝင်စပ်ဆိုထားသည့်အတွက်ကြောင့် ပိတ်ပင်လိုက် ခြင်းဖြစ်သည်ဟု ရေးသားဖော်ပြထားသည်။
စောင်းကဒယ်ဒုံး(တုံ. စင်.ကဍယ်) အဖွဲ့
ထိုကိစ္စအပေါ် သတင်းမီဒီယာများက မေးမြန်းရာ ဒုံးသီချင်းစာသားထဲတွင် ကျောက်မီးသွေးနှင့်ပတ်သက်၍ ရေးစပ်ထားခြင်း မရှိ သလို အစိုးရပြောင်းလဲပြီး အခြေအနေအကြောင်းကိုသာ သီချင်းရေးစပ်ထားခြင်းဖြစ်သည်ဟု ဒုံးအဖွဲ့တာဝန်ခံများက ယနေ့ ကပြသည့် ဇွဲကပင်တောင်ခြေတနေရာ၌ပင် ရှင်းလင်းပြောကြားခဲ့သည်။
ကရင်ပြည်နယ် ဒုံးအမှတ်ပေး ဒိုင်ချုပ် စောအောင်သိန်းက “ဒီဒုံးကို ကျနော်တို့က ပိတ်လိုက်တာ မဟုတ်ဘူး။ ဒုံးထဲက သီချင်းစာ သားကြောင့် ကခွင့်ပိတ်တာ ဖြစ်တယ်။ သီချင်းစာသားထဲမှာ အစိုးရကို ထိခိုက်တာ ပါတယ်။ ပြီးတော့ လယ်သမားတွေကိုလည်း ထိခိုက်တာပါတယ်။ သီချင်းစာသားတွေကို ကျနော်တို့က စိစစ်ပြီး ဝန်ကြီးချုပ်ထံ တင်ပြတော့ ဝန်ကြီးချုပ်က လက်မခံဘူး။ အဲဒါ ကြောင့် ကပြဖျော်ဖြေခွင့် ပိတ်တာဖြစ်တယ်”ဟု ကေအိုင်စီ၏ ဆက်သွယ်မေးမြန်းချက်ကို ပြန်လည်ဖြေဆိုသည်။
စောင်းကဒယ်ဒုံး ဆိုသည်မှာ ခေတ်ရေစီးကြောင်းအလိုက် ဖြစ်ပျက်နေမှုများကို လှောင်ပြောင်ရေးစပ် သီကုံးထားပြီး ဟာသနှော သော မျက်နှာထား၊ အကအခုန်များဖြင့် သီဆိုကပြရသည့် ရှေးဟောင်းကရင်ရိုးရာဒုံးအကဖြစ်သည်။ ထို့အပြင် သီချင်းစာသား ထဲတွင်လည်း ခေတ်အဆက်ဆက် အုပ်ချုပ်သူ ရွာသူကြီး မကောင်းလျှင် မကောင်းသည့်အကြောင်း၊ အစိုးရမကောင်းလျှင်လည်း မကောင်းကြောင်း လူအများ ကြားသိစေရန် ရည်ရွယ်၍ လွတ်လပ်စွာ သီဆို၊ ကပြဖျော်ဖြေရသော ရိုးရာဒုံးအကဖြစ်ရာ ဒီမိုကရေ စီဆန်သည့် ဒုံးဟူ၍ပင် ကရင်ရှေးလူကြီးများက သတ်မှတ်ခဲ့ကြသည်။
ယခု ကပြခွင့်မရရှိသည့် ဒုံးအဖွဲ့ကို ဖားအံမြို့အတွင်းရှိ ရပ်ကွက်အသီးသီးမှ ဝါသနာရှင်များ ပါဝင်သော “ရိုးရာပျောက်မှာ စိုးကြောက်လို့ပါ” ဆိုသည့်အဖွဲ့မှ အဖွဲ့ဝင်များနှင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ၂၀၁၆ခုနှစ်၊ ကရင်ပြည်နယ်နေ့ပွဲတော်အထိ ၅နှစ်တိုင် တိုင် ကပြခဲ့ပြီးဖြစ်သည်။ သတ်မှတ်ချက်အရ ထိုဒုံးအဖွဲ့တွင် ကပြရသူ ၃၂ဦး၊ နောက်ထိုင် သီချင်းသီဆိုပေးသူများနှင့် အတီးအ မှုတ်ပညာရှင်များ အပါအဝင် စုစုပေါင်း လူ ၅ဝဦးခန့်ပါရှိကြောင်း သိရသည်။
ယခုနှစ် ၆၂နှစ်မြောက် ကရင်ပြည်နယ်နေ့ ပွဲတော်တွင် ပြိုင်ပွဲဝင်ဒုံးအဖွဲ့ ၁ဝဖွဲ့နှင့် ဖျော်ဖြေရေးအဖွဲ့ ၈ဖွဲ့ပါဝင်ကြောင်း ပထမနေ့၊ ညဘက်တွင် ပြိုင်ပွဲဝင် ဒုံးများအပြင် ဖျော်ဖြေရေးအဖြစ် ပအိုဝ်းတိုင်းရင်းသားယဉ်ကျေးမှုအက၊ ထို့ကော်ကိုး ယဉ်ကျေးမှုမောင် မယ် ကြိုးကျစ်အက၊ မူကြိုခလေးငယ်များ၏ ဒုံးအကများကို ဖျော်ဖြေရေး အစီအစဉ်တွင် ထည့်သွင်းထားသည်။
စောင်းကဒယ်ဒုံးအဖွဲ့မှ စောကျော်လွင်ဦးက “ကရင်ပြည်နယ်နေ့ နေ့ထူးနေ့မြတ်ပွဲမှာ ကျနော်တို့လည်း ကချင်တာပေါ့။ မကရ တော့ ကျနော်တို့လည်း စိတ်မကောင်းဖြစ်တယ်။ ကျောက်မီးသွေးကိစ္စတွေပါတယ် ဆိုပြီးတော့ ကျနော်တို့ကို မပေးကဘူး။ ဒါပေ မယ့် သူတို့ကို ပုတ်ခတ်တဲ့ စကားလုံးတစ်လုံးမှ မပါဘူး။ အခု မကရလည်း ဘာမှမဖြစ်ဘူး။ ကျနော်တို့မှာ ကစရာနေရာတွေ အများကြီးရှိတယ်။”ဟု သွားရောက်မေးမြန်းခဲ့သည့် မီဒီယာများကို ရှင်းလင်းပြောဆိုသည်။
၎င်းတို့အဖွဲ့သည် ဇွဲကပင်တောင်ခြေ၌ ကပြအပြီး ထိုနေ့ညနေပိုင်းတွင် နယ်ခြားစောင့်တပ် ကွပ်ကဲရေးခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူက ချစ်သူမြိုင်ဥယျာဉ်သို့ သွားရောက်ကပြပေးရန်အပြင် ဖားအံမြို့အရှေ့ဘက်ရှိ တောင်ကလေးကျေးရွာ၌ သွား ရောက်ကပြဖျော်ဖြေရန်လည်း တောင်ကလေးဆရာတော်က ဖိတ်ကြားထားချက်ရှိသည်ဟုလည်း ထပ်မံ ပြောဆိုသည်။
ကရင်တိုင်းရင်းသားများ၏ ရိုးရာဒုံးအကများမှာ ဆင်ဒုံး၊ သမင်ဒုံး၊ ကျွဲဒုံး၊ ကျားဒုံး၊ ဆယ့်နှစ်လရာသီဒုံး၊ အရွယ်တူ အမျိုးသားများ သာ ကသည့် ရှားလဖလုံ(ယှးလု်ဖလုံ)ဒုံး၊ အသက်အရွယ်စုံ အမျိုးသားများ ပါဝင်ကခုန်သည့် စောင်းကဒယ် (စင်.က်ုဍယ်)ဒုံးနှင့် အသက်အရွယ်ကြီး အမျိုးသမီးများသာ ကပြသည့် ရိုးရာဒုံးတို့ အပါအဝင် ဒုံးအက အမျိုးအစားပေါင်း ၁ဝမျိုးနီးပါးခန့်ရှိသည်ဟု ကြာအင်းဆိပ်ကြီးမြို့နယ်မှ စာပေ၊ ယဉ်ကျေးမှုဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက ခန့်မှန်းပြောဆိုသည်။
ကရင်ရိုးရာအကများကို ကရင်နေ့ထူးနေ့မြတ်များဖြစ်သော ကရင်နှစ်သစ်ကူးနေ့၊ ကရင်ပြည်နယ်နေ့၊ လက်ချည်ပွဲတော် အပါအ ဝင် အခြားကရင်ရိုးရာယဉ်ကျေးမှုပွဲတော်များတွင် ပါဝင်ကပြ ဖျော်ဖြေလေ့ရှိသည်။



















