(မောင်ကျော်စွာ)
(၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ ၁ဝရက်)
“ရခိုင်ကိစ္စ” ထိပ်တန်းတက်လာတော့ ကိုးကန့်ဘက်ကတိုက်ပွဲ၊ ကချင်ပြည်နယ်ဘက်က တိုက်ပွဲတွေ အရောင်ရော အသံပါ မှိန်သွားပါတယ်။ ကုန်ကုန်ပြောရရင် ကူးစက်ရောဂါတစ်ခုဖြစ်တဲ့ (AH1N1) ဆိုတဲ့ ငှက်တုပ်ကွေးတောင် အများပြည်သူ ရဲ့ အာရုံကနေ ကြက်ပျောက် ငှက်ပျောက် ကွယ်ပျောက်သွားပါတော့တယ်။ အများပြည်သူရဲ့အာရုံကို “ရခိုင်ကိစ္စ (ဝါ) ARSA အကြမ်းဖက်သမား”ဆိုတဲ့ကိစ္စ။ အဲဒီကိစ္စနဲ့ ဆက်နွယ်နေတဲ့ကိစ္စတွေက အဆက်မပြတ် သိမ်းပိုက်ကိုလိုနီ လုပ်သွားပါတော့ တယ်။
ARSA အကြမ်းဖက်သမားတွေက ရခိုင်ပြည်နယ်မြောက်ပိုင်း (ဘူးသီးတောင် – မောင်တော)ကို ဝင်တိုက်တယ်ဆိုတဲ့ တိုက်ပွဲနဲ့ (ရှမ်းပြည်နယ်)ကိုးကန့်နဲ့ ကချင်ပြည်နယ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေဟာ မနှိုင်းယှဉ်နိုင်လောက်အောင် ခြားနားပါတယ်။
တိုက်ပွဲရဲ့ နိုင်ငံရေးဦးတည်ချက်၊ တိုက်ပွဲအမျိုးအစား၊ အသုံးပြုတဲ့ လက်နက်အမျိုးအစား၊ ခဲယမ်းမီးကျောက်ပမာဏ၊ နှစ်ဖက်တပ် လူသူအင်အား၊ စစ်ဆင်ရေးကာလ စသဖြင့် ဘယ်ဖက်ကဖြစ်ဖြစ် နှိုင်းယှဉ်ကြည့်ပါ “ဆင်နဲ့ဆိတ်”လို အပုံကြီး ကွာ နေတာကို တွေ့ရပါလိမ့်မယ်။
စစ်တပ်ဘက် “တစ်ပြည်လုံး အပစ်အခတ်ရပ်စဲကြောင်း ကြေညာပေးပါ”လို့ ဘယ်လိုပင် တောင်းဆိုခဲ့ကြသော်လည်း စစ်တပ်ဘက်က ခေါင်းမာစွာနဲ့ တင်းခံခဲ့ပြီး မလိုက်လျောခဲ့ပါဘူး။ “ရခိုင်ကိစ္စ” ပေါ်လာတော့ ကိုးကန့်ဘက်က၊ ကချင်ပြည်နယ် ဘက်က တိုက်ပွဲတွေ (အခိုက်အတန့်ဖြစ်စေ/ ယာယီဖြစ်စေ/ စစ်ပရိယာယ်အရဖြစ်စေ) ခေတ္တရပ်နားသွားတာတော့ အမှန်ပဲ မဟုတ်ပါလား။
ဒီနေရာမှာ ထင်သာမြင်သာရှိတာက “ပစ်ခတ်တိုက်ခိုက်မှု (ဝါ) တိုက်ပွဲ” ဆိုတာ စစ်တပ်ဘက်က စတင်ပြီး မတိုက်ရင် ဖြစ်လာစရာမရှိဘူးဆိုတဲ့ အကြောင်းအချက်ပါပဲ။
ကချင်ပြည်နယ်မှာဆိုရင် အဓိကကျတဲ့ မြေအနေအထားစိုးမိုးမှုနဲ့ လက်ဦးမှုကို စစ်တပ်ဘက်က သိမ်းပိုက်ရယူထားတာ ပဲ မဟုတ်ပါလား။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ “ဌာနချုပ်ကို မတိုက်ပါဘူး” ဆိုတဲ့စကား စစ်တပ်ဘက်က အမှတ်ယူ ပြီး ပြောလေ့ရှိပါတယ်။ စစ်မြေပြင်မှာ လက်တွေ့ သူတို့လုပ်နေတာက အဲဒီ“ဌာနချုပ်”ကို မြေပြင် (ဝေဟင်ကနေပါ) ဝိုင်းပတ် စိုးမိုး ချုပ်ငင်ဖြတ်တောက်ထားဖို့ လုပ်နေတာချည်းဖြစ်ပါတယ်။ ဒါကို တစ်ဖက် တိုင်းရင်းသားစစ်တပ်ကသိတော့ ဒီလိုလုပ် ဆောင်နေမှုတွေကို ပြန်လည် တားဆီးရိုက်ချိုးဖို့လုပ်ရင်း ပစ်ခတ်တိုက်ခိုက်မှုတွေ၊ တိုက်ပွဲတွေ အတောမသတ် ဖြစ်ပွားလာ တော့တာပါပဲ။ ဒါဟာ ပစ်ခတ်တိုက်ခိုက်မှု (ဝါ) တိုက်ပွဲဖြစ်ပွားစေတဲ့ အဓိက အကြောင်းရင်းဇစ်မြစ် ဖြစ်ပါတယ်။
အဲဒီလို ဌာနချုပ်ကို မြေပြင် (ဝေဟင်ကနေပါ) အဖက်ဖက်ကနေ ဝိုင်းပတ်စိုးမိုးချုပ်ငင် ဖြတ်တောက်ထားမှုတွေဟာ လက်ရှိကာလမှာ အင်အားအကြီးဆုံးလို့ဆိုတဲ့ (UWSA)နဲ့ ရင်ဆိုင်ထားတဲ့ ဒေသတွေဘက်မှာ စစ်တပ်က အခိုင်အမာ အခြေချ နေရာယူ တပ်စွဲထားတဲ့တပ်တွေရဲ့ မြေပြင်ပကတိအနေအထားနဲ့ တပ်ဖွဲ့အင်အား၊ လက်နက်အင်အားကိုပဲ ကွက်ကြည့်လိုက်ရင် အလွယ်တကူ သဘောပေါက်နိုင်ပါတယ်။ ဒီလိုဘက်မှာ အစိုးရစစ်တပ်အနေနဲ့ (လောလောဆယ်ဆယ်) သေနတ်သံ မထွက်ဝံ့ သေးပါဘူး။
ဒီနေရာမှာ စစ်အင်အား”က သိပ်စကားပြောပါတယ်။
(TNLA)အပေါ် စစ်တပ်က ပြုမူလုပ်ဆောင်သလို (UWSA)ကို သူ မလုပ်ဝံ့ပါဘူး။ ကိုးကန့်နဲ့ (KIA)အပေါ် လုပ်သလိုမျိုး တောင် သူ မလုပ်ဝံ့ပါဘူး။ ဖြစ်နိုင်သမျှ “ချို” ထားပါတယ်။ “အမာ” ရှောင်ပြီး “အမွ” ကိုပဲ တိုက်ပါတယ်။ ဒါ သူတို့ရဲ့ စစ်ပရိ ယာယ်ပါ။ အင်အားများတဲ့ (UWSA)ကို တပ်အင်အား၊ လက်နက်အင်အား အထူအထပ်သုံးပြီး ဝိုင်းပတ်ပိတ်ဆို့ ဖြတ်တောက် ထားပါတယ်။ ရင်ဆိုင် ချုပ်ငင်ထားပါတယ်။
(TNLA)တို့၊ (SSA)တို့ လှုပ်ရှားနယ်မြေတွေထဲကို ငါတို့ဟာ “နိုင်ငံတော်စစ်တပ်”ဆိုတာ မောက်မာမှုနဲ့ ထင်သလို ဝင် ထွက်လှုပ်ရှားပေမယ့် (UWSA) စိုးမိုးထားတဲ့၊ အာဏာစက်သက်ရောက်တဲ့ ဒေသမှာတော့ ဒီလို ပမာမခန့် ဝင်ထွက်သွားလာဖို့ မလုပ်ဝံ့ပါဘူး။ အနိမ့်ဆုံး နှစ်ဖက်နားလည်မှုယူထားတဲ့ အပြန်အလှန် သတင်းပို့ပြီးမှသာ၊ တစ်ဖက်က ခွင့်ပြုမှသာ ဝင်ထွက်သွား လာနိုင်တာပါ။
လွန်ခဲ့တဲ့ အောက်တိုဘာလ ၁၉ရက်နဲ့ ၂၁ရက်တွေမှာ (NCA) စာချုပ် လက်မှတ်ရေးထားတဲ့ (KNU) ထိန်းချုပ်နယ်မြေ ဖြစ်တဲ့ ရွာတန်းရှည်ကျေးရွာအုပ်စုအတွင်း စကခ(၁၂)လက်အောက်ခံ၊ ခလရ(၂၃၁)မှတပ်ခွဲမှူးအဆင့်ရှိ ဗိုလ်ကြီးရဲဇော်အောင်နှင့် အဖွဲ့ ကြိုတင် အသိပေး အကြောင်းကြားခြင်းမရှိဘဲ ဝင်ရောက်လှုပ်ရှားတဲ့ ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။
ဒီဖြစ်စဉ်ကိုကြည့်ပါ။
– (NCA) လက်မှတ်ထိုးထားတဲ့ အဖွဲ့အစည်းတစ်ခုရဲ့ စိုးမိုးနယ်မြေ။ (ကာချုပ်နဲ့ KNU ဥက္ကဋ္ဌဟာ တစ်ယောက်နဲ့တစ်ယောက် သူ့ဖက်ငါ့ဖက်နဲ့ အင်မတန် ဖက်လဲတကင်း ရှိလှတယ်မဟုတ်လား)
– နှစ်ဖက်(စက်ဆက်သွယ်မှု၊ မြေပြင်ဆက်သွယ်မှုနှင့် အခြားဆက်သွယ်မှု နည်းလမ်းများရယူလျက်) ကြိုတင် အသိပေးအကြောင်း ကြားပြီးမှ သွားလာလှုပ်ရှားကြမယ်လို့ နှစ်ဖက် သဘောတူညီမှုတွေ အခိုင်အမာ ရှိထားပြီးဖြစ်တယ်။
ဒီအချက်တွေကို (လစ်လျူရှုပြီး) သိရဲ့သားနဲ့ ဒီလို အသိမပေးဘဲ ဝင်ရောက်လှုပ်ရှားတာဟာ တမင်သွေးတိုးစမ်းတာက လွဲပြီး တခြားဖြစ်နိုင်စရာအကြောင်း မရှိပါဘူး။ အကယ်၍သာ (KNU)တပ်အောက်ခြေက ဒီလို ဝင်ရောက်လာမှုကို ထိထိရောက် ရောက် ဟန့်တားမယ်ဆိုရင် ဘယ်လိုအကျိုးဆက်တွေ ဖြစ်ပွားလာမလဲဆိုတာ တွက်ဆကြည့်နိုင်ပါတယ်။ ဒီဖြစ်ရပ်က သေနတ် သံထွက်နိုင်တဲ့ အနေအထားဆိုတာ မြင်နိုင်ပါတယ်။
အစိုးရစစ်တပ်ရဲ့ စစ်မြေပြင်လှုပ်ရှားမှုဆိုတာ အထက်အမိန့်ညွန်ကြားချက်မရှိဘဲ လှုပ်ရှားလေ့ မရှိပါဘူး။ (သူတို့ဟာ စည်းကမ်းနဲ့အမိန့်ကို တသွေးတသံတမိန့် လိုက်နာတဲ့တပ်လို့ အမြဲပြောနေတာပဲ မဟုတ်လား) ဒီတော့ ဒီလှုပ်ရှားမှုဟာ အထက် အမိန့်အရ ဝင်ရောက်လှုပ်ရှားတာပါ။ ဒါကြောင့် စည်းမျဉ်းစည်းကမ်းတွေရှိသော်လည်း တမင်(လျစ်လျူရှု) ချိုးဖောက်ပြီး လှုပ်ရှား တာသာဖြစ်တယ်လို့ သုံးသပ်ရမှာပါ။ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။
ဒီလို လက်တွေ့ဖြစ်ရပ်တွေပေါ်ကနေ ဘယ်လိုပြောနိုင်သလဲဆိုတော့
ပထမအချက် တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားရတာ၊ သေနတ်သံ ပြန်ပေါက်ရတာရဲ့ ၇၅ ရာခိုင်နှုန်းဟာ စစ်တပ်ဘက်က စတင် ချိုးဖောက်မှုကြောင့် ဖြစ်တယ်ဆိုတဲ့အချက်။
ဒုတိယအချက် “တစ်တိုင်းတစ်ပြည်လုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး”ဆိုတာ စစ်တပ်ရဲ့သဘောထားအပေါ်မှာသာ အဓိက တည်မှီနေတယ်ဆိုတဲ့အချက်။ (ထို့အတူ အပြန်အလှန်အားဖြင့် သေနတ်သံပြန်ထွက်/မထွက်ဆိုတဲ့ကိစ္စဟာလည်း စစ်တပ်ရဲ့ သဘောထားအပေါ်မှာသာ အဓိက တည်မှီနေပါတယ်)
တတိယအချက် “ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး”ကို စစ်တပ်က “လက်နက်ကိရိယာ”တစ်ခု၊ (အောက်ခြေတပ်ဗိုလ်တပ် သားတွေရဲ့ အသက်၊ သွေးနဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းများကို အရင်းပြုပြီး ) “ဂိမ်းတစ်ခုသဖွယ်” အသုံးချနေတဲ့အချက်။
တတိယအချက်ကို အခုလို ရှင်းပြနိုင်ပါတယ်။
ဆိုကြပါစို့။ (UWSA) အခြေချစိုးမိုးထားတဲ့ စစ်ဒေသထဲကို အသိမပေးဘဲ အောက်ခြေတပ်ဖွဲ့တစ်ခုခုကို အစိုးရစစ်တပ် က စေလွှတ်လိုက်မယ်ဆိုရင် နောက်ဆက်တွဲအကျိုးဆက်က ဘာဖြစ်လာမလဲ။ အထက်က အောက်ခြေတပ်ကို ဒီလိုအမိန့် ချမ ပေးသမျှတော့ ဘာဆိုဘာမှ ဖြစ်မလာနိုင်ပါဘူး။ ဒီလိုအမိန့်ချမှတ်မလာမချင်း (UWSA) စိုးမိုးရာဒေသမှာ သေနတ်သံ ထွက်လာ စရာအကြောင်း မရှိသေးပါဘူး။
အကယ်၍ အစိုးရစစ်တပ် အထက်ပိုင်းက ဒီလိုသွေးတိုးစမ်းဖို့ လိုအပ်ချက်ရှိလာပြီ အကဲစမ်းချင်လာပြီဆိုရင်၊ ဒီလိုအ မိန့်မျိုးကို အောက်ခြေတပ်ဆီကို ချပေးလိုက်မှာပါပဲ။ အောက်ခြေမြေပြင်တပ်ကလည်း အထက်အမိန့်အတိုင်း တသွေမတိမ်း လိုက်ပါဆောင်ရွက်ရမှာပါ။ ဒီအခါ မုချပဲ နှစ်ဖက်တပ် ထိတွေ့မှုဟာ ဘယ်လိုမှ ရှောင်လွှဲနိုင်တော့မယ် မဟုတ်ပါဘူး။
ဒီအခါမှာ သွေးထွက်သံယိုဖြစ်မှုနဲ့ သေကြေမှု အကျိုးဆက်ဟာ မုချပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ ဒီလို ဖြစ်လာတဲ့ အခါမှာ ထိခိုက်နစ်နာမှုကို လက်တွေ့ ခံစားရမှာဟာ အောက်ခြေက တပ်ဗိုလ်တပ်သားတွေပဲ မဟုတ်ပါလား။
ဒီစဉ်းစားနည်းနဲ့ ရှင်းပြနည်းကို (KNU) ထိန်းချုပ်ထားတဲ့ ရွာတန်းရှည်ကျေးရွာအုပ်စုအတွင်း (အောက်တိုဘာ ၁၉/၂၁ ရက်)ဖြစ်စဉ်မှာ ထည့်သွင်းစဉ်းစားကြည့်နိုင်ပါတယ်။ (KNU) အောက်ခြေတပ်ဖွဲ့ကသာ ရှည်ရှည်ဝေးဝေး မစဉ်းစားဘဲ စိတ်လိုက် မာန်ပါ တုန့်ပြန်လုပ်ဆောင်လိုက်မယ်ဆိုရင် သွေးထွက်သံယိုမှုဟာ မုချထွက်ပေါ်လာမှာပါ။
ဒါကြောင့် “ရခိုင်ကိစ္စ”ကို အသုံးချပြီး တစ်ပြည်လုံးကို အာရုံလွှဲချင်တဲ့အခါ စစ်တပ်ဟာ “ပစ်ခတ်တိုက်ခိုက်မှု”ကို (ယာယီဖြစ်စေ/ပရိယာယ်အရဖြစ်စေ) ရပ်တန့်ထားနိုင်တယ်။
နောက်တစ်ခုက (UWSA)လို အင်အား တစုံတရာကြီးမားတဲ့ အဖွဲ့အစည်းမျိုးကို ရင်ဆိုင်ရာမှာလည်း “ပစ်ခတ်တိုက် ခိုက်မှု”ကို (ယာယီဖြစ်စေ/ပရိယာယ်အရဖြစ်စေ) အချိန်ဆွဲဆန့်ပြီး ရပ်တန့်ထားနိုင်တယ်။
ဒီအချက်တွေက “ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး”ကို စစ်တပ်က “လက်နက်ကိရိယာ” တစ်ခုသဖွယ်၊ “ဂိမ်းတစ်ခု”သဖွယ် အသုံးချနေတယ် ဆိုတဲ့အချက်ကို ဖော်ပြပါတယ်။ ထင်ရှားစေပါတယ်။
နိဂုံးချုပ်အနေနဲ့ တင်ပြပါ့မယ်။
ယခုအခါမှာ ယခင်ကထက် ပို၍ ပို၍ ကြည်လင် ရှင်းလင်းစွာ သိမြင်လာစေတဲ့ အချက်တစ်ခုကတော့ [စီးပွားရေး၊ နိုင်ငံ ရေး၊ ဘာသာရေး၊ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေး၊ (NCA) စာချုပ်လက်မှတ်ထိုးရေး၊ နယ်စပ်စည်းရိုးကာရံရေး၊ ကလေးစစ် သားအရေး၊ လယ်ယာမြေအဓမ္မ သိမ်းပိုက်မှုအရေး၊ ဝရမ်းပြေးအောင်ဝင်းခိုင်အရေး — စတဲ့] ဘယ်ကိစ္စကိုပဲပြောပြော/လုပ်လုပ် “စစ်တပ်”နဲ့ ဘယ်လိုမှ မကင်းနိုင်၊ မရှောင်လွှဲနိုင်တဲ့ အချက်ဖြစ်ပါတယ်။
ထပ်ဖြည့်ပြောဖို့လိုတာက မကင်းနိုင်/မရှောင်လွှဲနိုင်တာတင် မကပါဘူး။ စစ်တပ်က လက်မခံရင်၊ သဘောမတူရင်၊ မကြည်ဖြူရင်၊ ခွင့်မပြုရင် ဘာဆို ဘာမှ ဖြစ်မလာနိုင်ဘူး။ တစ်ဆို့၊ ထစ်ငေ့ါပြီး ခရီးမတွင် ဖြစ်နေမယ်ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။
ဒီအချက်ကို ဒီချုပ်ပါတီအစိုးရက “အင်မတန်သိမ်မွေ့တဲ့ စိန်ခေါ်မှု”လို့ သံတမန်အလွန်ဆန်စွာနဲ့ သုံးစွဲဖော်ပြလေ့ရှိပါ တယ်။
ကိုးကား
– “အသိပေးခြင်းမရှိဘဲ ထိန်းချုပ်နယ်မြေအတွင်း အစိုးရတပ်ဖွဲ့ဝင်အချို့ ဝင်ထွက်သွားလာမှုအပေါ် စိုးရိမ်စရာဖြစ်စေဟု ကေအဲန် ယူပြော” (KIC)။ ၂၃ – ၁ဝ – ၂၀၁၇။