အောက်တိုဘာ ၁၈ရက်၊ ၂ဝ၁၇ခုနှစ်။ စောသိန်းမြင့် (ကေအိုင်စီ)
ပြောင်းလဲလာသည့် မြန်မာ့နိုင်ငံရေးအခြေအနေကြောင့် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် အခြေစိုက်ပြီး ကျန်းမာရေး၊ ပညာရေးနှင့် လူမှုရေးလုပ်ငန်းများ လုပ်ဆောင်နေကြသည့် အဖွဲ့အစည်းများအတွက် အကြီးမားဆုံး ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲမှာ နိုင်ငံတကာ အကူအညီများ ထောက်ပံ့မှု လျော့နည်းသထက် လျော့နည်းလာခြင်းဖြစ်သည်။ ထိုသို့ ကူညီထောက် ပံ့မှု လျော့နည်းလာသည့်အပေါ် ဆက်လက်ရပ်တည်လုပ်ဆောင်ရေးမှာ ကြီးမားသည့် စိန်ခေါ်မှုကြီးတစ်ရပ် ဖြစ်နေသည်။
ထိုအထဲတွင် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် မဲဆောက်မြို့၌ နယ်စပ်ဒေသတစ်လျှောက်ရှိ ဒုက္ခသည်များနှင့် မြန်မာရွှေ့ပြောင်းအလုပ်သ မားများကို ၁၉၈၉ခုနှစ်မှစ၍ ယနေ့တိုင် နှစ်ပေါင်း ၂ဝကျော်ကြာ အခမဲ့ ဆေးကုသမှုပေးနေသည့် ပရဟိတဆေးခန်းကြီးတစ်ခု ဖြစ်သည့် မယ်တော်ဆေးခန်းလည်း တစ်ခုအပါအဝင်ဖြစ်သည်။
ငွေကြေးထောက်ပံ့မှုများ လျော့နည်းလာသည့်အတွက်ကြောင့် ဆေးခန်း ပုံမှန်လည်ပတ်မှုနှင့် ဆေးကုသရေး ဝန်ဆောင်မှုများ အပေါ် များစွာ ရိုက်ခတ်လာပြီး ယခုလ အောက်တိုဘာလမှ စတင်ကာ ဆေးခန်းအသုံးစရိတ်နှင့် ဝန်ထမ်းအခြေခံလစာများကို ၂ဝရာခိုင်နှုန်း လျှော့ချလိုက်ရသည်ဟု အောက်တိုဘာလ ၁၁ရက်နေ့တွင် မယ်တော်ဆေးခန်းက တရားဝင် ထုတ်ပြန်ခဲ့သည်။
နိုင်ငံတကာ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၏ ထောက်ပံ့ကူညီမှုများ လျော့ကျလာခြင်းမှာ အလှူရှင်များအနေဖြင့် မြန်မာ နိုင်ငံ၏ ပြောင်းလဲလာသည့် နိုင်ငံရေးအခြေအနေကြောင့် ပြည်တွင်းဘက်ကို ပိုမိုအာရုံစိုက် ထောက်ပံ့လာကြခြင်းဖြစ်သည်ဟု မယ်တော်ဆေးခန်းတည်ထောင်သူလည်းဖြစ်၊ ဆေးခန်း၏ဒါရိုက်တာလည်းဖြစ်သူ ဒေါက်တာစင်သီယာမောင်က မှတ်ချက်ပြု ပြောဆိုသည်။
“လက်ရှိ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်မှာ ကြည့်ရှုပြီးတော့ သူတို့က ဒီနယ်စပ်ဒေသမှာတော့ လူသားချင်းစာနာ ထောက်ထားတဲ့ အကူအညီမျိုးတွေကိုတော့ ဆက်ပြီး မလိုအပ်တော့ဘူး။ ပြည်တွင်းကို အခြေချပြီးတော့ ပြည်တွင်းမှာရှိတဲ့ ရေရှည် ဖွံ့ဖြိုးရေးကိစ္စတွေကို ဆောင်ရွက်မယ်ဆိုတဲ့ အခြေအနေတွေရှိမယ်။”ဟု ဒေါက်တာစင်သီယာမောင်က ပြောသည်။
ဆက်လက်၍ ဒေါက်တာစင်သီယာက “နောက်တစ်ဖက်မှာလည်း အစိုးရရဲ့ အမျိုးသားစီမံကိန်း မြှင့်တင်ဆောင်ရွက်ဖို့ဆိုပြီးတော့ လည်း ပြည်တွင်းကနေ ရွှေ့ပြောင်းပြီးတော့ ဆောင်ရွက်တာရှိသလို ဒီနယ်စပ်ဒေသမှာရှိတဲ့ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အ စည်းတွေနဲ့ အစိုးရကျန်းမာရေးအဖွဲ့အစည်းတွေကြားထဲမှာ ဆက်စပ်၊ ပူးပေါင်းဆောင်ရွက်ရမယ့် ကိစ္စတွေကို ပြည်တွင်းကနေ တဆင့် တွန်းအားပေးပြီးတော့ ဆောင်ရွက်မယ့်အပေါ်မှာ ဒီလုပ်ငန်းရဲ့ အစီအစဉ်တွေအားလုံးက ပြည်တွင်းထဲကို ရွှေ့ပြောင်း တယ်ပေါ့နော်။”ဟု ဆိုသည်။
ယင်းသို့ မယ်တော်ဆေးခန်း၏ အသုံးစရိတ်အချို့ကို လျှော့ချလိုက်သည့်အတွက် အထူးသဖြင့် မဲဆောက်ဆေးရုံကြီးကို လူနာလွှဲ ပြောင်း စစ်ဆေးမှုနှင့် ကုသရေးအပိုင်းများမှာ ရပ်တန့်သွားမည့် အနေအထားတွင် ရှိနေသည်။ ထို့အပြင် လူနာလွှဲပြောင်းရေး၊ အရေးပေါ်မဟုတ်သည့် ခွဲစိတ်ကုသမှုနှင့် နာတာရှည်ရောဂါကုသရေး ဝန်ဆောင်မှုအပိုင်းများတွင် သက်ရောက်မှုရှိလာပြီး ထိုအ ခြေအနေကို ဖြေရှင်းသည့်အနေဖြင့် ကုသမှု၏ ကုန်ကျစရိတ်တချို့တစ်ဝက်ကို လူနာများထံမှ ကမ်းလှမ်းထားသည်ဟုလည်း ဒေါက်တာစင်သီယာက ပြောသည်။
၎င်းက “မယ်တော်ဆေးခန်းရဲ့ အဓိက ဝန်ဆောင်မှုတွေကတော့ ပုံမှန်အတိုင်းပဲ ဆက်ရှိနေမယ်။ တချို့သော ဝန်ဆောင်မှုတွေ ကတော့ အရေးပေါ်မဟုတ်တဲ့ ခွဲစိတ်ကုသမှုတွေကျတော့ လူနာတွေက ၂၅ရာခိုင်နှုန်းလောက်၊ ၃ဝရာခိုင်နှုန်းလောက် ပါဝင် ထည့်ဝင်နိုင်ဖို့ ကျမတို့ ကမ်းလှမ်းထားတယ်။ ထည့်ဝင်နိုင်တဲ့ လူနာတွေလည်း သူတို့ ပြန်ထည့်ဝင်တယ်ပေါ့နော်။ တချို့သော လူတွေကတော့ မထည့်နိုင်ဘူးဆိုလည်း မဖြစ်မနေ ထည့်ရမှာတော့ မဟုတ်ဘူး။”ဟု ပြောသည်။
လွန်ခဲ့သည့် ၁၉၈၈ခုနှစ်က မြန်မာပြည်၏ လူထုအရေးတော်ပုံကြီး ဖြစ်ပွားပြီးနောက်ပိုင်း ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိလာကြ သည့် ရှစ်လေးလုံး(၈၈၈၈)ကျောင်းသားများဖြစ်ကြသော ဒေါက်တာစင်သီယာမောင် အပါအဝင် ဦးသိုက်စိုး၊ ဦးဝဏ္ဏ၊ ဦးချစ်ဝင်း၊ ဆရာမနော်ထူးနှင့် စောစိန်ဟန်တို့က မယ်တော်ဆေးခန်းကို ၁၉၈၉ခုနှစ်တွင် စတင် တည်ထောင်ခဲ့ကြသည်။
ဆေးခန်းဖွင့်ခါစတွင် နယ်စပ်တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ၈၈ကျောင်းသားများအတွက် အရေးပေါ် ကုသပေးသည့် ဆေးခန်းငယ်လေးအဖြစ်မှ တဖြည်းဖြည်းတိုးချဲ့လာပြီး ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် မြန်မာရွှေ့ပြောင်းအလုပ်သမားနှင့် မြန် မာဒုက္ခသည်များအတွက် မရှိမဖြစ် အားကိုးအားထားရာ ဆေးခန်းတစ်ခုဖြစ်လာသည်။ နောက်ပိုင်း လူနာဦးရေ များပြားလာသ ဖြင့် ဆေးခန်း၏ နေရာ၊ အဆောက်အဦးများ အခက်အခဲရှိလာသည့်အပေါ် ယခုနှစ်ဆန်းပိုင်းတွင် ဆေးခန်းကို မူလနေရာ ဟောင်းနှင့် မနီးမဝေးတနေရာသို့ ထပ်မံ ပြောင်းရွှေ့ခဲ့ရသည်။ ယခုအချိန်တွင် ထိုင်းဘက်ခြမ်းက ရွှေ့ပြောင်းမြန်မာအလုပ်သ မားနှင့် မြန်မာဘက်ခြမ်းမှ နယ်စပ်ဖြတ်ကျော်ကာ လာရောက်ဆေးကုသကြသည့် ပျမ်းမျှ လူနာဦးရေ ၃၀၀ကျော်ကို မယ်တော် ဆေးခန်းက နေ့စဉ် ကုသပေးလျှက်ရှိသည်။
လတ်တလောတွင် ဆေးကုသရေးအတွက် ကျန်းမာရေးဝန်ဆောင်မှုဆိုင်ရာအဖြစ် မျက်စိ၊ မိခင်နှင့်ကလေး၊ သားဖွား၊ ခြေတု လက်တု၊ အတွင်း/အပြင်လူနာ၊ ခွဲစိတ်မှု စသည့် ဌာန (၁၃)ခုကို ဆေးခန်းနှင့်တွဲလျက်ထားရှိပြီး အထက်တန်းအဆင့် စာသင် ကျောင်းအဖြစ် ကလေးများဖွံ့ဖြိုးရေးစင်တာ(Children Development Centre)ကိုလည်း ဖွင့်လှစ်ထားသည်။ ထိုကျောင်းတွင် မြန်မာရွှေ့ပြောင်းကလေးငယ် ၃ဝဝဝအတွက် စားနပ်ရိက္ခာခြောက်များ ထောက်ပံ့ပေးနေကြောင်း မယ်တော်ဆေးခန်း၏ အွန်လိုင်းစာမျက်နှာ (ဝက်ဘ်ဆိုက်)တွင် ဖော်ပြထားသည်။
မယ်တော်ဆေးခန်းသည် မြန်မာရွှေ့ပြောင်းအလုပ်သမားနှင့် နယ်စပ်ရှိ ဒုက္ခသည်များ၏ အဓိကအားထားရာဖြစ်သလို ဆေးခန်း ရပ်တည်ရေးအတွက် အခက်အခဲ တစုံတရာရှိလာလျှင် ၎င်းတို့အတွက် ခိုကိုးရာမဲ့သည့် အခြအနေကို ရောက်သွားနိုင်သည်ဟု လာရောက်ဆေးကုသမှု ခံယူနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများက ပြောဆိုနေကြသည်။
မြန်မာရွှေ့ပြောင်းလူနာတစ်ဦးဖြစ်သူ ဇင်မင်းထက်က “ဒီမှာ အလွယ်တကူလာလို့ရတယ်။ အလွယ်တကူ တက်လို့လည်းရတယ်။ ဒီဆေးခန်းမှမရှိတော့ရင် ဒီလူနာတွေ ဘယ်သွားမလဲ။ နောက်ဆုံး ပိုက်ဆံမရှိတာတို့၊ ဘာတို့ပေါ့နော်။ လက်လုပ်လက်စားတွေအ တွက် ဆေးရုံကြီးကို သွားမလား။ ကတ်(လက်မှတ်)မရှိသူတွေကော ဘယ်လိုလုပ်ရမလဲ။ ဒီမှာက ကတ်မရှိလည်း တက်လို့ရပါ တယ်။ ကိုယ့်လူမျိုးအချင်းချင်းပဲပေါ့နော်။ ဆေးခန်းက ဘာတစ်ခုကောင်းလဲဆိုတော့ လူမျိုးမရွေး၊ ဘာသာမရွေး တက်ပိုင်ခွင့် ရှိ ပါတယ်။”ဟု ပြောသည်။
ဤဆေးခန်းမှာ ငွေကြေးမတတ်နိုင်သည့် အနယ်နယ်အရပ်ရပ်မှ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအတွက် မှီခိုစရာနေရာတစ်ခုဖြစ် သည်ဟု ဆေးကုသသူ လူနာအများစုက ပြောဆိုနေကြသလို လက်ရှိအချိန်ထိလည်း မယ်တော်ဆေးခန်းတွင် လာရောက်ဆေး ကုသကြသူ လူနာဦးရေမှာ လျော့နည်းလာခြင်းမရှိသေးဘဲ နေ့စဉ် လူနာများနှင့် စည်ကားနေဆဲဖြစ်သည်။
၂၀၁ဝခုနှစ်၊ ပါတီစုံအထွေထွေ ရွေးကောက်ပွဲအပြီး ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအဖွဲ့ တာဝန်ယူလာသည့်နောက်ပိုင်း ၂၀၁၂ခုနှစ်တွင် ယခင် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် အစိုးရတာဝန်ရှိသူများက မယ်တော်ဆေးခန်းသို့ နှစ်ကြိမ်ထက်မနည်း လာရောက်ကာ ဒေါက်တာစင်သီယာ မောင်နှင့်တွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံမှုမှာ နိုင်ငံတကာအဖွဲ့အစည်းများ၏ ထောက်ပံ့မှု လျော့နည်းလာရေးအတွက် ဖိအားပေးမှု တစ်ရပ်ဖြစ်စေသည်ဟု နိုင်ငံရေးလေ့လာနေသူများ၏ သုံးသပ်ပြောဆိုမှုများလည်း ရှိသည်။
မယ်တော်ဆေးခန်း၏ လူနာမှတ်တမ်းစာရင်းအရ ဆေးခန်းတွင် လာရောက်ဆေးကုသမှု ခံယူနေကြသည့် နယ်စပ်ဒေသရှိ လူနာ အရေအတွက်နှင့် နယ်စပ်ဖြတ်ကျော်ပြီး မြန်မာပြည်ဘက်ခြမ်းမှ လာရောက်ဆေးကုသမှုခံရသည့် အရေအတွက်မှာ အချိုးတူရှိ သည်ဟု ဖော်ပြထားသည်။
နယ်စပ်ဖြတ်ကျော်ပြီး ဆေးခန်းလာရောက်ကာ ဆေးကုသမှုခံယူသည့် မြန်မာပြည်တွင်းမှ လူနာများ လျော့နည်းလာခြင်းမရှိ သည်မှာ အစိုးရ၏ ဆေးရုံ၊ ဆေးခန်းများတွင် ကျန်းမာရေးဝန်ထမ်း မလုံလောက်မှု၊ ဘာသာစကား အခက်အခဲနှင့် ပစ္စည်းကိရိ ယာ မပြည့်စုံမှုများကြောင့်ဖြစ်နိုင်ကြောင်းနှင့် မယ်တော်ဆေးခန်း ရေရှည် ရပ်တည်ရေးအပေါ် ဒေါက်တာစင်သီယာက ယခုလို မှတ်ချက်ပြု ပြောဆိုသည်။
“လုပ်ငန်းစဉ်အများကြီးကို ပြန်ကြည့်တဲ့အခါကျတော့ ဘယ်လုပ်ငန်းစဉ်ကိုတော့ ရေရှည်ဆောင်ရွက်နိုင်မလဲ။ ဘယ်လုပ်ငန်းစဉ် တွေက အရေးကြီးဆုံး မဟုတ်ရင်တော့ ပထမ ဦးစားပေး၊ ဒုတိယ ဦးစားပေး၊ တတိယ ဦးစားပေး စဉ်းစားပြီး တဖြည်းဖြည်း လုပ် ငန်းစဉ်တွေကိုတော့ တချို့ လျှော့ချသွားရမှာပေါ့နော်။”ဟု ဆိုသည်။
၎င်းအပြင် “အခု ထိုင်းနိုင်ငံထဲမှာ အခြေပြုတာဖြစ်တဲ့အတွက်ကြောင့် ထိုင်းနိုင်ငံမှာရှိတဲ့ ကျမတို့မိတ်ဆွေတွေနဲ့လည်း ပစ္စည်း ကိရိယာ အလှူရအောင်ပေါ့နော်။ ဆေးဝါး၊ ဆန်၊ ဆီ၊ ဆား စသဖြင့်ပေါ့နော်။ အရင်တုန်းက လက်ရှိ ရှိနေတဲ့ ရန်ပုံငွေနဲ့ပဲ လည် ပတ်နေတာ မဟုတ်တော့ဘဲနဲ့ ပစ္စည်းအကူအညီရဖို့၊ ပစ္စည်းအလှူရဖို့ ကိစ္စမျိုးတွေလည်း ကျမတို့ပြန်ပြီးတော့ ကြိုးစားပြီး မဖြစ် မနေ ဆက်လက်ဆောင်ရွက်ရမယ့် လုပ်ငန်းတွေကိုတော့ ဆက်လက် ထိန်းသိမ်းပြီး အကောင်းဆုံး ဆက်လက် ဆောင်ရွက်သွား မယ်”ဟု ဒေါက်တာစင်သီယာမောင်က ထပ်မံပြောဆိုသည်။
အကယ်၍ မြန်မာနိုင်ငံ၏ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ အားလုံးကို လွှမ်းခြုံနိုင်ပြီဆိုပါက မယ်တော်ဆေးခန်းအနေဖြင့် ရောဂါကာကွယ်ရေး မြှင့်တင်သည့် ဝန်ဆောင်မှုလုပ်ငန်း၊ မိခင်နှင့်ကလေး ကူညီစောင့်ရှောက်ရေးအပိုင်းများတွင် ပိုမို တိုးချဲ့ ဆောင်ရွက်သွားရန် ကြိုးစားသွားမည်ဖြစ်သလို တိုင်းရင်းသားဒေသအတွင်း ကျန်းမာရေးလုပ်သားများ မွေးထုတ်ပေးရေး အစီ အစဉ်ကို ဦးစားပေး လုပ်ဆောင်သွားမည်ဟုလည်း မယ်တော်ဆေးခန်းတည်ထောင်ခဲ့သူ ဒေါက်တာစင်သီယာမောင်က ဆက် ပြောသည်။
မယ်တော်ဆေးခန်းသည် လူနာများအတွက် အခမဲ့ ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းအပြင် ကျောင်းမတက်နိုင်သည့် မြန်မာ ကလေးငယ်နှင့် ဒုက္ခသည်ကလေးငယ်များ၏ ပညာရေး၊ နယ်စပ်ဒေသအတွင်း အထောက်အထားမရှိဘဲ မွေးဖွားလာသည့် မြန်မာရွှေ့ပြောင်းကလေးငယ်များအတွက် မွေးစာရင်းထုတ်ပေးခြင်း၊ အစိုးရ လက်လှမ်းမမီသည့် ဝေးလံခေါင်သီသော အခြား တိုင်းရင်းသားလူမျိုးစုဒေသများအတွက် တိုင်းရင်းသားဆေးဝန်ထမ်းများ မွေးထုတ်ပေးခြင်းတို့ကို နှစ်စဉ် ပုံမှန် ဆောင်ရွက်ပေး လျှက်ရှိသည်။
ထိုင်းကျန်းမာရေးအဖွဲ့အစည်းနှင့် ထိုင်းအုပ်ချုပ်ရေးဌာနတို့၏ မှတ်တမ်းများအရ တာ့ခ်ခရိုင်ရှိ မြို့နယ်ပေါင်း ၉မြို့နယ်တွင် တရား ဝင်၊ တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၄သိန်းကျော်ရှိပြီး ထိုအထဲတွင် အမျိုးသမီးနှင့် ကလေးငယ်များလည်း ပါဝင် သည်ဟု သိရသည်။ အဆိုပါအရေအတွက်ကို ကြည့်ခြင်းအားဖြင့် လွန်ခဲ့သည့် ၄-၅နှစ်နှင့် နှိုင်းယှဉ်လျှင် ရွှေ့ပြောင်းလုပ်သမား ဦးရေမှာ ပို၍ များလာသည်ဟု အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးသူများက ပြောသည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေ ပြောင်းလဲနေသော်လည်း နိုင်ငံတွင်း အလုပ်အကိုင် အခွင့်အလမ်းနည်းပါးမှုမှာ ရှိနေသေး သည့်အတွက်ကြောင့် ထိုင်း-မြန်မာနယ်စပ်တွင် နယ်စပ်ဖြတ်ကျော်ပြီး အလုပ်အကိုင် အခွင့်အလမ်း ရှာဖွေကြသည့် မြန်မာပြည် သားများ နေ့စဉ်နှင့်အမျှ ရှိနေပေရာ မယ်တော်ဆေးခန်းမှာ ၎င်းတို့အတွက် ကျန်းမာရေးဝန်ဆောင်မှုပေးရန် လိုအပ်နေဆဲဖြစ် သည်။ ထို့ကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကိစ္စများ၊ မိခင်နှင့် ကလေးကာကွယ်စောင့် ရှောက်ရေးလုပ်ငန်းများအတွက် မယ်တော်ဆေးခန်းကိုသာ လာရောက်မှီခိုကြရဦးမည်မှာ ရှောင်လွဲ၍မရနိုင်ပေ။
၎င်းအပြင် လူဦးရေ သိန်းနှင့်ချီရှိသည့် ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းအလုပ်သမားနှင့် နယ်စပ်ရှိဒုက္ခသည်များအပြင် ဝေးလံခေါင် ဖျားဒေသများတွင် နေထိုင်နေကြရသည့် တိုင်းရင်းသားလူမျိုးစုများအတွက် မှီခိုအားထားစရာ မယ်တော်ဆေးခန်းကြီးမှာ ငှက်တစ်သောင်းနားနေရသည့် သစ်ပင်ကောင်းတစ်ပင်ဖြစ်ပေရာ ထိုသစ်ပင်ကြီး ရေရှည် ရှင်သန်တည်တံ့သွားနိုင်ပါစေကြောင်း ဆန္ဒပြုလိုက်ပါသည်။