Home သတင်း ကရင်အမျိုးသား‌ခေါင်း‌ဆောင် ‌စောဘဦးကြီး၏ မူကို စွဲကိုင်ထားဆဲဟု နယ်ခြား‌စောင့်တပ် ‌ခေါင်း‌ဆောင်‌ပြော

ကရင်အမျိုးသား‌ခေါင်း‌ဆောင် ‌စောဘဦးကြီး၏ မူကို စွဲကိုင်ထားဆဲဟု နယ်ခြား‌စောင့်တပ် ‌ခေါင်း‌ဆောင်‌ပြော

3525

ဩဂုတ် ၂၁ ရက်၊ ၂ဝ၁၇ ခုနှစ် ။ ‌ကေအိုင်စီ

နယ်ခြား‌စောင့်တပ်(BGF) သည် တပ်မ‌တော်ကာကွယ်‌ရေး ဦးစီးဌာန၏ ဦး‌ဆောင်မှု‌အောက်တွင် တည်ရှိ‌နေ ‌သော်လည်း ကရင်အမျိုးသား‌ခေါင်း‌ဆောင် ‌စောဘဦးကြီး၏ မူ ၄ ချက်အနက် ၂ ချက်ကို ယခုအချိန်ထိ စွဲကိုင် ထားဆဲဟု မဲကနယ်‌ကျေးရွာရှိ အမှတ် ၁၀၂၂ တပ်ရင်းဌာနချုပ်တွင် ယ‌နေ့ ကျင်းပသည့် အမှတ် ၁ဝ၂၂ တပ်ရင်း၊ နယ်ခြား‌စောင့်တပ် ၇ နှစ်‌မြောက် နှစ်ပတ်လည်‌နေ့ အခမ်းအနားတွင် ကရင်ပြည်နယ်၊ နယ်ခြား ‌စောင့်တပ် ဗဟိုအကြံ‌ပေးနှင့် ကွပ်ကဲ‌ရေးအဖွဲ့ အတွင်း‌ရေးမှူး ဗိုလ်မှူးကြီး ‌စောချစ်သူက ‌ပြောဆိုလုိုက်သည်။

၎င်းက “ကျ‌နော်တို့ ‌ကေအဲန်ယူမှာ ‌နေစဉ်တုန်းက ဥက္ကဌကြီး ‌စောဘဦးကြီးရဲ့ မူ ၄ချက်‌အောက်မှာ ရပ်တည်ခဲ့ တယ်။ ဒါ‌ပေမယ့် ကျ‌နော်တို့ ဒီမှာ‌ရောက်‌တော့ ဥက္ကဌကြီး‌စောဘဦးကြီးရဲ့ မူ ၂ ချက်‌အောက်မှာ က‌နေ့အထိ ကျ‌နော်တို့ လက်မလွတ်ဘူး။ မြဲမြဲစွဲကိုင်ထားတယ်။ နံပါတ် ၁ တစ်ချက်က ဘာလဲဆို‌တော့ ကရင့်လက်နက် ကရင့်လက်ထဲမှာ ရှိရမယ်။ ပြီး‌တော့ လက်နက်ချစကား အလျင်းမ‌ပြောရ ဆိုတာ အဲဒီနှစ်ချက်ကို ကျ‌နော်တို့ စွဲစွဲမြဲမြဲစွဲကိုင်ထားတယ်။”ဟု ‌ကေအိုင်စီသို့ ကရင်ဘာသာဖြင့် ‌ပြောသည်။

၁၉၅ဝ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်မှ ၁၉ ရက်‌နေ့အထိ ဖာပွန်မြို့တွင် ကျင်းပသည့် ကရင်အမျိုးသား ညီလာခံတွင် ကရင်အမျိုးသား‌ခေါင်း‌ဆောင် ‌စောဘဦးကြီးက လက်နက်ချ စကား အလျင်းမ‌ပြောရ၊ ကရင့်လက်နက် ကရင့်လက်ထဲမှာရှိရမည်၊ ကရင့်ကံကြမ္မာ ကရင်ဖန်တီးရမည်၊ ကရင်ပြည် အသိ အမှတ်ပြုခြင်း ပြီးပြည့်စုံ‌စေရမည်စသည့် ၎င်း၏မူ ၄ ချက်ကို ‌ပြောကြားချမှတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကရင်အမျိုးသား‌ခေါင်း‌ဆောင် ‌စောဘဦးကြီး၏ မူ ၄ ချက်ကို ‌ကေအဲန်ယူ-ကရင်အမျိုး သားအစည်း အရုံးအပါအဝင် အခြား‌သော ကရင်လက်နက်ကိုင်အဖွဲ့များကလည်း စွဲကိုင်ထားပြီး အမျိုးသားတန်း တူအခွင့် အ‌ရေးအတွက် ‌တောင်းဆိုမှုများကို ကြိုးပမ်းလုပ်‌ဆောင်‌နေသည်ဟု ထုတ်ပြန်‌ပြောဆိုထားသည်။

အမှတ် ၁ဝ၂၂ တပ်ရင်း၊ နယ်ခြား‌စောင့်တပ်၊ အမှတ် ၄ တပ်နယ်မှူး ဗိုလ်မှူးမုတ်သုန်က “ ကရင့် လက်နက် ကရင်လက်ထဲမှာ ရှိရမယ်။ ငါတို့လက်နက် ငါတို့လက်ထဲမှာရှိတာပဲ၊ ငါတို့ နိုင်ငံကို ကာကွယ်ဖို့ နိုင်ငံ‌တော်က ‌ပေးထားတာပဲ ၊ လက်နက်ချစကား အလျင်းမ‌ပြောရ ဟုတ်၊ အခုလည်း ကျ‌နော်တို့ လက်နက်ချ တာမှမဟုတ်တာ၊ ကျ‌နော်တို့ လက်နက်ကို ကျ‌နော်တို့ ကိုင်ထားတာပဲ၊ ကျ‌နော်တို့ ‌နေရာမှာပဲ‌နေတယ်။ ကျ‌နော်တို့ ပြည်သူ‌တွေနဲ့ပဲ ‌နေတယ်။ ကျ‌နော်က‌တော့ အဲဒီ ၄ ချက်စလုံးကိုပဲ စွဲကိုင်ထားတယ်။ ဘာ‌ကြောင့်လဲဆို‌တော့ ကျ‌နော်တို့ အလုပ်ကို ကျ‌နော်တို့ လုပ်တာပဲ‌လေ။”ဟု ‌ပြောသည်။

ထို့အပြင် နယ်ခြား‌စောင့်တပ်ကို စတင်ဖွဲ့စည်းခဲ့စဉ် အခက်အခဲမျိုးစုံကြုံ‌တွေ့ခဲ့ရ‌သော်လည်း ယခုလို ၇ နှစ် ပြည့်‌မြောက်သည့်အထိ ရပ်တည်‌နေနိုင်သည်မှာ ကရင်ပြည်သူလူထုများ၏ ‌ထောက်ခံအား‌ပေးမှု‌ကြောင့် ဖြစ်ပြီး ၇ နှစ် တာကာလအတွင်း နိုင်ငံ‌တော်အတွက်၊ အမျိုးသား‌ရေးအတွက်အပြင် ‌ဒေသဖွံ့ဖြိုး‌ရေး လုပ်ငန်းများကိုလည်းများစွာ လုပ်‌ဆောင်နိုင်ခဲ့သည်ဟု နယ်ခြား‌စောင့်တပ် ‌ခေါင်း‌ဆောင်များက ‌ပြောသည်။

ယ‌နေ့ ကျင်းပသည့် နယ်ခြား‌စောင့်တပ် ၇ နှစ်‌မြောက် နှစ်ပတ်လည်‌နေ့ အခမ်းအနားသို့ ပြည်သူ့စစ်နှင့် နယ်ခြား‌စောင့်တပ် ညွှန်ကြား ‌ရေးမှူးချုပ် ဗိုလ်ချူပ်ထင်‌မော်ထွန်း၊ စစ်ကွပ်ကဲ‌ရေးဌာနချုပ်-စကခ (၈) မှူး ဗိုလ်မှူး ချူပ်သန်းထိုက်၊ သကင်္န်းညီ‌နောင်ဗျူဟာမှူး ဗိုလ်မှူးကြီးနိုင်‌အောင်၊ နယ်ခြား‌စောင့်အတွင်း‌ရေးမှူး ဗိုလ်မှူးကြီး ‌စောချစ်သူ၊ KNU မှ ဗဟို ‌ကော်မတီဝင် ပဒို‌စောသမိန်ထွန်း၊ ဒီမိုက‌ရေစီအကျိုးပြုတပ်မ‌တော် -DKBA မှ ဒုဗိုလ်ချူပ်ကြီး ‌စောစတီးနှင့် တပ်ဖွဲ့ဝင်များ၊ ‌ကေအဲန်ယူ တပ်မဟာ ၆ အထူးစစ်‌ကြောင်းမှ တပ်ဖွဲ့ ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်များ၊ တိုင်းရင်းသား ရိုးရာအကအဖွဲ့များနှင့် ‌ဒေသခံ ရွာသားများ အပါအဝင် စု စု‌ပေါင်း ပရိဿတ် ၁ဝဝဝ ‌ကျော် တက်‌ရောက်ခဲ့ကြသည်။

နံနက် ၇ နာရီမှ ၁ဝ နာရီအထိ ကျင်းပသည့် ယင်းအခမ်းအနားတွင် တပ်မှူးများအား စစ်‌ရေးပြအစီအစဉ်ဖြင့် အ‌လေ့ပြုခြင်း၊ တပ်မှူးမှ တပ်ခွဲများသို့ လိုက်လံကြည့်ရှုခြင်း၊ နိုင်ငံ‌တော်အလံအား အ‌လေးပြုခြင်း၊ ကျဆုံး ‌လေပြီး‌သော BGF တပ်မ‌တော်သားများအား အ‌လေးပြုခြင်း၊ ပြည်သူ့စစ်နှင့် နယ်ခြား‌စောင့်တပ် ညွှန်ကြား ‌ရေးမှူးချုပ်၊ နယ်ခြား‌စောင့်တပ် ဗဟိုအကြံ‌ပေးနှင့် ကွပ်ကဲ‌ရေးအဖွဲ့ အတွင်း‌ရေးမှူးတို့မှ မိန့်ခွန်း‌ပြောကြားခြင်း၊ ဆုရ စစ်‌ရေးပြ တပ်ခွဲများအား ဆုချီးမြှင့်ခြင်းနှင့် တက်‌ရောက်လာ‌သော ဧည့်သည်များကို တိုင်းရင်းသားရိုးရာ အကများဖြင့် ကပြ‌ဖျော်‌ဖြေခဲ့ကြသည်။

ကရင်ပြည်နယ်၊ နယ်ခြား‌စောင့်တပ်ကို ပြီးခဲ့သည့် ၂၀၁ဝ ခုနှစ်၊ ဩဂုတ်လတွင် တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် -DKBA မှ တပ်ရင်း ၁၂ရင်း ၊ ကရင်ငြိမ်းချမ်း‌ရေးတပ်ဖွဲ့(KPF)အဖွဲ့မှ တပ်ရင်း ၁ ရင်းဖြင့် နယ်ခြား‌စောင့်တပ် (BGF) အဖြစ်သို့ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး လတ်တ‌လောတွင် တပ်ဖွဲ့ဝင်အင်အား စုစု‌ပေါင်း ၃,ဝဝဝ ‌ကျော်ရှိသည်ဟု သိရသည်။

ကရင်ပြည်နယ်၊ နယ်ခြား‌စောင့်တပ် နှစ်ပတ်လည်‌နေ့ အခမ်းအနားကို ယခင်နှစ်များက ၎င်းတို့ ဌာနချုပ်တည်ရှိရာ ‌ရွှေကုက္ကိုလ်မြိုင်‌ကျေးရွာတွင် နှစ်စဉ် စု‌ပေါင်းကျင်းပခဲ့‌သော်လည်း ယခုနှစ်တွင်မူ အမှတ် ၁ဝ၂၂ တပ်ရင်း ဌာနချုပ်တည်ရှိရာတစ်ခုထဲတွင်သာ ကျင်းပခဲ့ကြသည်။