ဩဂုတ် ၂၁ ရက်၊ ၂၀၁၇ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်ပြည်နယ် ဖားအံမြို့နယ်တွင်ရှိသည့် မိဇံတောင်တွင် ကျောက်ထုတ်လုပ်ခြင်းမပြုရန် ဒေသခံရွာသားများက ဩဂုတ်လ ၁၉ ရက်နေ့တွင် မိဇံကျေးရွာ မိဇံတိုက်ကျောင်း၌ ပြုလုပ်သည့် ECA (Explosives Consultation and Application) မြန်မာ ကုမ္ပဏီနှင့် ဒေသခံများတွေ့ဆုံပွဲတွင် ကန့်ကွက်လိုက်ကြောင်း သိရသည်။
ECA မြန်မာကုမ္ပဏီလီမိတက်မှ မိဇံကျေးရွာတွင် ကျောက်ခွဲစက်တည်ဆောက်ပြီး ကျောက်ထုတ်လုပ်ယူနိုင်ရေး ဒေသခံရွာ သားများ၏ ခွင့်ပြုချက် သဘောထားများရယူရန် ပြီးခဲ့သည့်ရက်က တွေ့ဆုံပွဲပြုလုပ်ရာတွင် ဒေသခံဘက်က ယခုလို ကန့် ကွက်လိုက်ခြင်းဖြစ်သည်။
ဒေသခံ ရပ်မိရပ်ဖ တစ်ဦးဖြစ်သည့် စောရှားဖော့ထွန့်က “ကျနော်တို့ ပြည်သူတွေက ကုမ္ပဏီဒဏ်ကြောင့် ခံထားဖူးပြီ။ ဘယ်ကုမ္ပဏီမှ မယုံကြည်တော့ဘူး ။ အခုလည်း ကျနော်တို့ ဒေသခံ လိုချင်တာ လုပ်ပေးမယ်လို့ ပြောတယ် ။ ဒါပေမယ့် ဘာအာမခံချက်မှမရှိဘူး ။ ဒါကို ကျနော်တို့ လုပ်ခွင့်ပေးလိုက်ရင် ဒီတောင်တစ်ဝိုက်မှာ ဒေသခံ သွားလာခွင့်တောင် ရတော့ မှာ မဟုတ်ဘူး။ ကျနော်တို့တွေက ဒီတောင်ကိုမှီခိုတယ်။ အဲဒီတော့ ဒီတောင်ကိုကာကွယ်ရမယ်။ လုပ်ခွင့်မပေးပါ ဘူး”ဟု ကေအိုင်စီသို့ ပြောသည်။
ကျောက်ထုတ်လုပ်နိုင်ရေး ဒေသခံသဘောထားများကို သိရှိရန်အတွက် ECA ကုမ္ပဏီဘက်မှ ပထမဆုံး အကြိမ် လာရောက်တွေ့ဆုံခြင်းဖြစ်ပြီး ယင်းတွေ့ဆုံမှုတွင် ကုမ္ပဏီ မန်းနေဂျင်းဒါရိုက်တာနှင့် တာဝန်ရှိသူများပါဝင်ကာ ဒေသခံဘက်မှ မိဇံကျေးရွာအုပ်စု၊ ကော့ကူးကျေးရွာအုပ်စုနှင့် ပေါ့ထော်ကျေးရွာအုပ်စု ၃ အုပ်စုမှ ဒေသခံ ၃၀ဝ ဦး တက်ရောက်ခဲ့သည်။

မိဇံတောင်တွင် တရုတ် ဝမ်ပေါင်ကျောက်ထုတ်လုပ်သည့် ကုမ္ပဏီမှ ၂၀၁၁ခုနှစ်ကတည်းက ကျောက်ထုတ်လုပ်သည့် စီမံကိန်းတစ်ခုရှိခဲ့ပြီး ထုတ်လုပ်သည့် ကာလတွင် ဒေသခံများ အကျိုးခံစားခွင့်တစုံတရာ ရရှိခြင်းမရှိသည့်အတွက် ဒေသခံများ၏ ကန့်ကွက်မှုကြောင့် ၂၀၁၃ ခုနှစ်တွင် စီမံကိန်းကို ရပ်တန့်လိုက်ရသည်ဟု သိရသည်။
ယခု ECA ကုမ္ပဏီမှ ပြုလုပ်မည့်စီမကိန်းနှင့်ပတ်သက်၍ ဒေသခံများသဘောမတူညီဘဲ ကန့်ကွက်ပါက ရှေ့ ဆက်တိုးပြီးလုပ်မည်မဟုတ်သလို အကယ်၍လုပ်ခွင့်ပေးလျှင် ဒေသခံလိုအပ်ချက်ဖြစ်သည့် ပညာရေး၊ ကျန်းမာရေးနှင့် အလုပ်အကိုင်ရရှိရေးကို လုပ်ပေးမည်ဖြစ်ကြောင်း ECA မြန်မာကုမ္ပဏီတာဝန်ခံတစ်ဦးဖြစ်သည့် ဦးဝင်းမြင့်က ဒေသခံများ ကို ယခုလိုပြောသည်။
“မိဘပြည်သူတို့တောင်းဆိုမယ့်ဟာတွေ ကျနော်တို့ စာချုပ် စာတမ်းနဲ့ လုပ်မယ်။ ဒီစီမံကိန်းကို မိဘပြည်သူတို့ သဘော တူညီချက်ရပြီးတာနဲ့ ကျနော်တို့လိုင်စင် အမှန်ကန်လုပ်မယ်။ နားလည်မှုနဲ့မလုပ်ဘူး၊ သဘောတူညီချက်ရပြီးရင် တစ်ခါထဲ နေပြည်တော်ကိုသွားပြီး လိုင်စင်ရအောင်ယူမယ် ။ လိုင်စင်ရပြီးမှ ကျနော်တို့ လုပ်ငန်းစမယ်။ တောင်ကိုလည်း ကျနော်တို့ အကုန်မယူဘူး၊ စီမံကိန်းပြီးရင် ကျနော်တို့ ကောင်းကောင်းမွန်မွန်ပြန်လုပ်ပေးမယ်။ ပန်းခြံတွေ ပြန်လုပ်ပေးမယ်”ဟု ဦးဝင်းမြင့်က ဒေသခံများကို ပြောသည်။
ECA မြန်မာကုမ္ပဏီလီမိတက်သည် လမ်းခင်းကျောက်ထုတ်လုပ်သည့် စီမံကိန်းနှင့်ပတ်သက်၍ ကရင်ပြည်နယ် မြဝတီမြို့နယ်ရှိ ဘီလူးတွင် တစ်နေရာ၊ ရှမ်းပြည်နယ် တာချီလိတ်တွင် တစ်နေရာ ကျောက်ထုတ်လုပ်နေ သည့်ကုမ္ပဏီဖြစ်သည်ဟု သိရသည်။



















