ဇူလိုင် ၂၅ ရက်၊ ၂၀၁၇ ခုနှစ်။ စောရှား
ထိုင်း-မြန်မာ နယ်စပ် မယ်ဟောင်ဆောင်ခရိုင်ရှိ ကရင်နီ အမှတ်(၁) ဒုက္ခသည်စခန်းတွင် ပြီးခဲ့သည့် ဇူလိုင် ၅ ရက်နေ့က မီး လောင်ပျက်စီးသွားသည့် ဒုက္ခသည်နေအိမ်များကို ဇူလိုင် ၁၉ ရက်နေ့မှစ၍ ပြန်လည်တည်ဆောက်ရာတွင် သစ်၊ ဝါးများ မလုံလောက်မှုနှင့် ကြုံတွေ့နေရသည်ဟု စခန်းကော်မတီ ဒုဥက္ကဌ နော်ခူဖောက ယနေ့ (ဇူလိုင် ၂၅) ရက်တွင် ပြောသည်။
သူမက “အိမ်ပြန်ဆောက်မယ့် သစ်၊ ဝါးတွေက အခုချိန်မှာ စခန်းထဲကို အလုံအလောက် မရောက်ရှိသေးလို့ အိမ် ၅ လုံးပဲ ဆောက်ပြီးသေးတယ်။ သစ်ဝါးတွေ မရောက်သေးတော့ ကြန့်ကြာနေတာ ပေါ့နော်။ သစ်၊ ဝါးတွေခုတ်နေတုန်းပဲလို့ သိရ တယ်။ မီးဘေးသင့် ပြည်သူတွေကတော့ မြန်မြန်လေးပြန်ဆောက်ပြီး ပြန်နေချင်ကြပြီ။ ကျန်တဲ့ အိမ်တွေကိုလည်း ဩဂုတ် လအတွင်းမှာ အပြီး ဆောက်လုပ်သွားနိုင်ဖို့တော့ လုပ်ဆောင်နေပါတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
ပျက်စီးခဲ့သည့် နေအိမ်ပေါင်း ၇၁ လုံးအနက် အချို့အိမ်များမှာ တစ်အိမ်လုံး ပျက်စီးသွားခြင်းမဟုတ်သောကြောင့် ပြန် လည်ပြင်ဆင်ကာ နေထိုင်သည့် အိမ်ထောင်စုများရှိသကဲ့သို့ လုံးဝပျက်စီးသွားသည့် အိမ်ထောင်စုဝင် အချို့သည် အခြားရပ်ကွက်သို့ ပြောင်းရွှေ့နေထိုင်မည်ဖြစ်ပြီး အသစ်ပြန်ဆောက်၍ နေမည့်သူများမှာ စုစုပေါင်း ၂၃ အိမ်မျှသာရှိကြောင်း ၎င်းက ဆက်ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်၍ ကရင်နီဒုက္ခသည်ကော်မတီ (KnRC) ဥက္ကဌ စောမန်းစောက “မိုးတွင်းမှာ လမ်းနည်းနည်း အခက်အခဲဖြစ်တယ်။ အိမ်ဆောက်ဖို့ သစ်၊ ဝါးတွေတင်ပြီး သွားရမည့် ကားကြီးတွေဆိုလမ်းက ကြမ်းတော့ ပိုခက်ခဲတယ်။ ဒါကြောင့် လိုသလောက် မရောက်သေးတာပါ။”ဟု ကေအိုင်စီသို့ ပြောသည်။
ကရင်နီ အမှတ်(၁) ဒုက္ခသည်စခန်း၊ အမှတ် (၅)ရပ်ကွက်၌် ယခုလ ဇူလိုင် ၅ ရက်နေ့၊ ည ၁ဝ နာရီအချိန်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာတွင် မီးလောင်ပျက်စီးခဲ့သည့် လူနေအိမ် ၃၃ လုံးနှင့် ကြိုဖျက်လိုက်ရသည့် လူနေအိမ် ၃၈လုံး စုစုပေါင်း အိမ် ၇၁ လုံးပျက်စီးခဲ့ပြီး ဒုက္ခသည် ၃၂၁ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ခြင်းဖြစ်သည်။
နေအိမ်ဆောက် လုပ်မပြီးသေးသည့် ဒုက္ခသည်များသည် လက်ရှိတွင် ၎င်းတို့ အသိမိတ်ဆွေနှင့် ဆွေမျိုးတို့ နေအိမ်များတွင် ခိုလှုံနေကြပြီး အစိုးရ မဟုတ်သောအဖွဲ့အစည်း (NGOs)များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ မီးလောင် ပျက်စီးသွားသည့် နေအိမ်များကို ပြန်ဆောက်ရန် သစ်၊ ဝါးများနှင့် အခြားလိုအပ်သည့် ပစ္စည်းများကို အကူအညီများ ပေးနေသော်လည်း မီးဖိုချောင်သုံး အိုးခွက်၊ ပန်းကန်များနှင့် အဝတ်အစားများလိုအပ်ချက် ရှိနေဆဲဖြစ် ကြောင်း သိရသည်။
ကရင်နီ အမှတ်(၁) ဒုက္ခသည်စခန်း၌ စုစုပေါင်းရပ်ကွက် (၁၇)ခုရှိပြီး လက်ရှိ လူဦးရေ ၁၇,ဝ၄၅ ဦး ခိုလှုံလျက်ရှိသည်ဟု စခန်းကော်မတီ၏ စာရင်းအရ သိရသည်။ ယင်းစခန်း၌ပင် ၂ဝ၁၅ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့ကလည်း ပေါ့ဆမီးကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူနေအိမ် ၁၀ဝ ကျော် မီးလောင်ကျွမ်းပြီး ဒုက္ခသည် ၇၀ဝ ကျော် အိမ်ရာမဲ့ဖြစ်ခဲ့ရသည်။