ဇွန် ၂၆ ရက်၊ ၂၀၁၇ ခုနှစ်။ စောညွန့်သောင်း
အစိုးရကျောင်းတွင် တိုင်းရင်းသားစာပေသင်ကြားပေးသည့် ဆရာ၊ ဆရာမများအား ခွဲခြားဆက်ဆံမှုများရှိနေဆဲဟု ဇွန်လ ၂၄ ရက်နေ့တွင် လှိုင်းဘွဲမြို့ရှိ အောင်မြေသာယာကျောင်းတိုက်၌ ကျင်းပသည့် တိုင်းရင်းသားစာပေသင်ကြားရေး ဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲတွင် ကရင်ပြည်နယ် မွန်တိုင်းရင်းသားရေးရာဝန်ကြီး ဦးမင်းတင်ဝင်းနှင့် ပြည်နယ် ကရင် စာပေနှင့်ယဉ် ကျေးမှုအသင်းဥက္ကဌ စောအေးမြတို့က ပြောကြားလိုက်သည်။
မွန်ရေးရာ ဝန်ကြီး ဦးမင်းတင်ဝင်းက “ကျောင်းတွေမှာရှိကြတဲ့ အစိုးရကျောင်းဆရာ၊ ဆရာမတွေကို ပြောချင်တာက တိုင်း ရင်းသားစာပေ လာသင်ကြားပေးတဲ့ သူ့တို့ကို ဆရာတစ်ဦးသဖွယ် ဆက်ဆံပေးပါ။ သတ်မှတ်ပေးထားတဲ့ အချိန်အတွင်း သင်ကြားခွင့်ပေးပါ။ ဆရာတစ်ဦးရဲ့ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေကို ပေးပါ”ဟု ပြောသည်။
အဆိုပါ တိုင်းရင်းသား စာပေသင်ကြားပေးသည့် ဆရာ၊ ဆရာမများ၏ လစာမှာ ၃ သောင်းကျပ်သာရရှိပြီး အလွန်နည်းပါး လွန်းသဖြင့် တစ်လကို ၈ သောင်းကျပ်အထိ ထပ်မံတိုးပေးရန်နှင့် တိုင်းရင်းသားစာပေ ပုံနှိပ်စာ အုပ်များကို ကျောင်းဖွင့်ချိန် အပြီး အစိုးရမှ အချိန်မီထုတ်ပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြပေးထားပြီး ဖြစ်သည်ဟု မွန်ရေးရာဝန်ကြီး ဦးမင်း တင်ဝင်းက ဆက်သည်။
ကရင်ပြည်နယ် စာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဌ စောအေးမြကလည်း “တိုင်းရင်းသား စာပေ ဆရာ၊ ဆရာမတွေပြန် ပြောပြချက်တွေအရ သူတို့တွေအတွက် စာသင်ဖို့ မြေဖြူလည်းမရှိ၊ လိုအပ်တဲ့ အသုံးအဆောင်တွေလည်း ဘာတစ်ခုမှမ တွေ့။ အစိုးရကျောင်းဆရာ၊ ဆရာမတွေက သူတို့တွေကို ခွဲခြားသလိုဖြစ်နေတယ်။ အဲဒီလို ကိစ္စမျိုးတွေကို နည်းနည်းလေး ဂရုစိုက်ပေးပါလို့ သက်ဆိုင်ရာ ကျောင်းအုပ်တွေကို အကြံပြု ပြောကြားပါရစေ”ဟု ပြောသည်။
အစိုးရကျောင်းတွင် တိုင်းရင်းသားစာပေကို လာရောက်သင်ကြားပေးသူ ကျောင်းဆရာ၊ ဆရာမအချို့သည် နှစ်ဆုံး အထိ လာရောက်သင်ကြားပေးခြင်းမရှိသည့်အတွက် အချို့စာသင်ကျောင်းများမှာ အခက်အခဲကြုံတွေ့နေကြောင်း လှိုင်းဘွဲမြို့ နယ်ပညာရေးမှူး နော်မိုးပုလဲစိုးက ဆွေးနွေးပွဲ အခမ်းအနားတွင် ပြောသည်။
“အချို့ကျောင်းတွေမှာဆိုရင် သူတို့တွေက တစ်လနှစ်လပြီးရင် အဲဒီသူက ဆက်မသင်ချင်တော့ဘူး။ ထွက်သွားကြတယ်။ ကျောင်းသား၊ ကျောင်းသူတွေအတွက် ဆက်လက်သင်ကြားပေးနိုင်မယ့် သူတွေကို ထပ်ရှာရပြန်တယ်။ ဖြစ်စေချင်တာက သင်ပေးမယ်ဆိုရင် နှစ်ဆုံးအထိ သင်ပေးသွားစေချင်တယ်” ဟု ပြောသည်။
အစိုးရကျောင်းချိန်အတွင်း တိုင်းရင်းသားစာပေသင်ကြားရာတွင် ၃ နှစ်တာရှိလာပြီဖြစ်၍ တစ်နှစ်ထက်တစ်နှစ် ပိုမိုကောင်း မွန်လာကြောင်း၊ တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့အသီးသီးများလည်း ထောက်ပံ့ကူညီ ပေးနေလျှက်ရှိကြောင်း၊ အထူး သဖြင့် ဆရာ၊ ဆရာမများအကြား အပြန်အလှန်အားဖြင့် လေးစားကြပြီးတန်းတူညီတူ ဆက်ဆံစေလိုကြောင်း ပိုင်ကျုံ မြို့နယ်၊ နူးခွီကျေးနယ်တွင် ပိုးကရင်စာ သင်ကြားပေးသူ ဆရာစောသိန်းညွန့်က ကေအိုင်စီသို့ ပြောသည်။
၎င်းတိုင်းရင်းသားစာပေသင်ကြားရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲတွင် သံဃာတော်များ၊ သက်ဆိုင်ရာ အစိုးရဌာန၊ တိုင်းရင်း သာရေးရာ ဝန်ကြီးများ၊ ကရင်နှင့် ပအိုဝ်းစာပေယဉ်ကျေးမှုအသင်းအဖွဲ့များ၊ မြို့နယ်ပညာရေးမှူး၊ ကျေးရွာအုပ် ချုပ်ရေးမှူး များ၊ တိုင်းရင်းသားလူမျိုးများ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဌာန၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဌာနနှင့် ဆရာ၊ ဆရာမများစသည်တို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
တိုင်းရင်းသားစာပေကို အစိုးရ ကျောင်းချိန်အတွင်း သင်ကြားရာတွင် ၃နှစ်ရှိလာပြီဖြစ်ပြီး ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့ နယ်တွင် ပိုးကရင်စာပေသင်ကြားသည့် စာသင်ကျောင်း စုစုပေါင်း ၁၂၄ ကျောင်း၊ စကော ကရင်စာပေ ၆၇ ကျောင်း၊ ပအိုဝ်းစာပေ ၂ဝ ကျောင်းနှင့် မွန်စာပေ ၂ ကျောင်းရှိသည်ဟု သိရသည်။
၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် တိုင်းရင်းသား စာပေသင်ကြားသည့် စာသင်ကျောင်း ပိုမိုတိုးလာဖွယ်ရှိသည်ဟု လှိုင်းဘွဲမြို့နယ် ပညာရေးမှူး နော်ပုလဲစိုးက ညှိနှိုင်းရေး ဆွေးနွေးပွဲတွင် ပြောကြားသွားခဲ့သည်။



















