Home သတင်း ဒုတိယနှစ် လူထုဗဟိုပြုစီမံကိန်း ကြာအင်းဆိပ်ကြီးမြို့နယ် ကျပ်သန်း ၂၀၀၀‌ကျော် ‌ထောက်ပံ့‌ငွေရရှိ

ဒုတိယနှစ် လူထုဗဟိုပြုစီမံကိန်း ကြာအင်းဆိပ်ကြီးမြို့နယ် ကျပ်သန်း ၂၀၀၀‌ကျော် ‌ထောက်ပံ့‌ငွေရရှိ

2322

ဇွန် ၂၁ရက်၊ ၂၀၁၇ခုနှစ်။ ‌စောမြတ်ဦးသာ

ကမာ္ဘ့ဘဏ်‌ထောက်ပံ့‌ငွေဖြင့် ‌ကျေးလက်‌ဒေသ ဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာနတို့‌ပေါင်းပြီး ဒုတိယနှစ် လူထုဗဟိုပြုစီမံကိန်း Natio-nal Community Driven Development Project (NCDDP) လုပ်ငန်း အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်နိုင်ရန် ကြာအင်း ဆိပ်ကြီးမြို့နယ်အ‌နေဖြင့် ကျပ်‌ငွေ ၂,၂၇၂သန်း ‌ထောက်ပံ့‌ငွေ ရရှိသည်ဟု စီမံကိန်းတာဝန်ရှိသူမှ ‌ပြောသည်။

လမ်း၊ တံတား၊ လျှပ်စစ်မီး၊ ‌သောက်သုံး‌ရေ ရရှိ‌ရေး၊ ပညာ‌ရေးနှင့် ကျန်းမာ‌ရေး လိုအပ်ချက်များကို ကမ္ဘာ့ဘဏ်၏ ‌ထောက်ပံ့‌ငွေမှ လူထုဗဟိုပြုစနစ်ဖြင့် ‌ဆောင်ရွက်‌နေခြင်းဖြစ်ပြီး ယခုနှစ် ‌ကျေးရွာ ၄၇ အုပ်စုအတွက် ‌ထောက်ပံ့‌ငွေ ကျပ် ၂,၂၇၂သန်း ရရှိသည် ဟု ကြာအင်းဆိပ်ကြီးမြို့နယ်၊ လူထုဗဟိုပြုစီမံကိန်းမှ သတင်းပြန်ကြား‌ရေးနှင့် ဆက်သွယ်‌ရေးတာဝန်ခံ ‌ဒေါ်ဇင်မာထွန်းက ဇွန် လ ၂၁ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ဒေါ်ဇင်မာထွန်းက “‌ကျေးရွာ ၅၁အုပ်စုမှာ ၄၇အုပ်စုက လုပ်ငန်း ၄၅% အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်ပြီးသွားပြီ။ အခြား သုံး အုပ်စုက သက်ဆိုင်ရာအဖွဲ့‌တွေ ခွင့်ပြုချက်မရ‌တော့ လုပ်ငန်းစလို့မရ‌သေးဘူ။ ကျန်‌နေတဲ့ရွာ‌တွေအားလုံး စီမံကိန်းစနစ်အရ ‌ထောက်ပံ့‌ငွေ ၄နှစ်ရရှိမယ်”ဟု ‌ပြောသည်။

အဆိုပါစီမံကိန်းအစီအစဉ်ကို လူဦး‌ရေ‌ပေါ်အ‌ခြေခံ၍ ‌ကျေးရွာအုပ်စုတစ်စုလျှင် လူဦး‌ရေ ၃,ဝဝဝ‌အောက်ကို ကျပ်သိန်း ၂ဝဝ ‌ကျော်၊ လူဦး‌ရေ ၃,ဝဝဝအထက်ကို ကျပ်သိန်း ၅ဝဝ၊ လူဦး‌ရေ ၉,ဝဝဝ‌အောက်ကို သိန်း ၇ဝဝ၊ လူဦး‌ရေ ၉,ဝဝဝအထက်ကို ကျပ် သိန်း ၁,၂ဝဝ၊ ကမ္ဘာ့ဘဏ်မှ ‌ထောက်ပံ့‌ပေးခြင်းဖြစ်သည်ဟု သိရသည်။

ခလယ်‌ကျေးရွာအုပ်စု အုပ်ချုပ်‌ရေးမှူး မန်းဆန်းညွန့်‌မောင်က “လူဦး‌ရေ ၉,ဝဝဝ‌ကျော်ရှိတယ်ဆို‌တော့ တစ်နှစ် သိန်း ၁,၂ဝဝ ရ တယ်။ လမ်း၊ တံတား၊ စာသင်‌ကျောင်း၊ ၂နှစ်အတွင်း အများကြီးလုပ်နိုင်ခဲ့တယ်။ ဒီပိုက်ဆံက ပြန်‌ပေးဆပ်စရာလည်း မလိုဘူး။ ပြီး‌တော့ ‌ကျေးရွာလူထု‌တွေကိုယ်တိုင် ဦး‌ဆောင်ပြီး လုပ်ငန်း‌ဆောင်ရွက်‌နေ‌တော့ အလုပ်အ‌တွေ့အကြုံလည်း ရတယ်။ အရင်က လမ်း‌ဖောက်မယ်။ တံတား‌ဆောက်‌တော့မယ်ဆိုရင် ရွာကပိုက်ဆံ‌တွေ ‌ကောက်‌နေရ‌တော့ ရွာသား‌တွေ အခက်အခဲဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်‌မြေအတွင်းရှိ ‌ကျေးရွာအုပ်စုအချို့တွင် နိုင်ငံ‌ရေးအ‌ခြေအ‌နေအရ ယင်းလူထုဗဟိုပြုစီမံကိန်းလုပ် ငန်းကို ရပ်ဆိုင်းထားရန် မွန်ပြည်သစ်ပါတီမှ ညွှန်ကြားမှုရှိခဲ့သည့်အတွက် လုပ်ငန်း‌ဆောင်ရွက်မှု ၂နှစ်တာကာလအထိ ‌ထောက် ပံ့‌ကြေးမရ‌သေးသည့် ‌ကျေးရွာအုပ်စုအချို့ကို ‌ထောက်ပံ့‌ပေးနိုင်ရန် ၎င်းတို့အဖွဲ့အစည်းနှင့် ညှိနှိုင်း‌ဆောင်ရွက်‌နေသည်ဟု စီမံ ကိန်းတာဝန်ရှိသူထံမှ သိရသည်။

လှာခဒါ‌ကျေးရွာ အတွင်း‌ရေးမှူး ‌စော‌ထွေသိန်းက “၂နှစ်ရှိသွားပြီ။ ‌ထောက်ပံ့‌ငွေမရ‌သေးဘူး။ ပြီးခဲ့တဲ့အပတ်က မွန်ပြည်သစ်ပါတီ ခရိုင်အဖွဲ့‌တွေနဲ့သွား‌တွေ့‌တော့ စီမံကိန်း‌ဆောင်ရွက်ဖို့ ခွင့်ပြုတယ်။ ဒါ‌ပေမဲ့ ဗဟိုက‌နေ အတည်ပြုယူဖို့ ညွှန်ကြားတယ်။ ရွာအ‌နေ နဲ့ အုပ်စုက‌နေ ခွဲထွက်ဖို့ ‌ပေးမခွဲပြန်ဘူး။ ‌ထောက်ပံ့‌ငွေရရင် ရွာလမ်း ပြင်ချင်တယ်။ အခုရွာက သူများရွာထက် ‌နောက်ကျကျန်ခဲ့ ပြီ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းကိစ္စအ‌ပေါ် မွန်ပြည်သစ်ပါတီ၏ သ‌ဘောထားသိရှိရန် ၎င်းတို့အဖွဲ့၏ ဗဟိုတာဝန်ရှိသူများကို ‌ကေအိုင်စီမှ ဆက်သွယ်၍ မရ ရှိခဲ့‌ပေ။

လူထုဗဟိုပြုစီမံကိန်းကို ၂၀၁၃-၂၀၁၄ခုနှစ်၌ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သုံးမြို့နယ် စတင် ‌ဆောင်ရွက်ရာမှ ယခု ၂၀၁၆ခု နှစ်အတွင်း ၂၇မြို့နယ်၊ ၂ဝ၁၇ခုနှစ်တွင် ၄၇မြို့နယ် ထပ်တိုးလာပြီး မြန်မာတစ်နိုင်ငံလုံးအ‌နေဖြင့် ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး ‌သော မြို့နယ်ကို ‌ရွေးချယ်‌ထောက်ပံ့‌ပေးခြင်းဖြစ်သည်။ ၂၀၁၆ခုနှစ်တွင် ကြာအင်းဆိပ်ကြီးတစ်မြို့နယ်ကို ‌ရွေးချယ်ခြင်းဖြစ်ကာ (၄)နှစ်တာ ‌ငွေ‌ကြေး‌ထောက်ပံ့‌ပေးသွားမည်ဖြစ်ပြီး ပြန်လည်‌ပေးဆပ်ရန်မလိုသည့် စီမံကိန်းဖြစ်သည်ဟု သိရသည်။