ဇွန် ၂ဝ ရက်၊ ၂၀၁၇ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်အတွင်း တပ်မတော်က သိမ်းယူထားသည့် လယ်မြေများကို ပြည်နယ်လယ်ယာ မြေ စီမံခန့်ခွဲမှုကော်မတီက မူလပိုင်ရှင်များထံ၂၀၁၆ ခုနှစ်၊ ဇွန်လကတည်းက ပြန်ပေးလိုက်ပြီးဖြစ်သော်လည်း လက်ရှိ တစ်နှစ်ကျော်ကြာချိန်ထိ တစ်ချို့လယ်မြေများ ပြန်လည်လုပ်ပိုင်ခွင့် မရရှိသေးကြောင်း လယ်သမားခေါင်းဆောင် တစ်ဦးဖြစ်သူ နန်းခင်စန်းဝေက ကေအိုင်စီသို့ ဇွန် ၁၉ ရက်နေ့တွင် ပြောသည်။
အဆိုပါ လယ်မြေများမှာ လှိုင်ဘွဲ့မြို့ပြင်ကွင်းရှိ စစ်တပ် သိမ်းဆည်းထားသည့် လယ်မြေများဖြစ်ပြီး အစိုးရက တရားဝင် ယာယီလုပ်ကိုင်ခွင့်လက်မှတ် ပြန်လည်ထုတ်ပေးထားပြီးဖြစ်သော်လည်း လယ်သမား ၃ ဦးမှာ ယင်း လယ်မြေများ ပြန်လည် လုပ်ကိုင်ခွင့်မရသေးသလို ပုံစံ (၇) ထုတ်ပေးခြင်းလည်း မရှိသေးကြောင်း လယ်သမား ခေါင်းဆောင် နန်းခင်စန်းဝေက ယခုလိုပြောသည်။
၎င်းက “အစိုးရက ပြန်ပေးလည်း စစ်တပ်က မပေးလုပ်ဘူး။ စစ်တပ်ပိုင်မြေပဲပြောတယ်။ ပြန်ပေးပြီး ဆိုတော့ လယ် သမားတွေသွားလုပ်တော့ လယ်သမားတွေကို ခြိမ်းခြောက်တာရှိတယ်။ ဒါကို ရှင်းအောင် ပြန်လုပ်ပေးပါပြောတော့ ဖြေး ရှင်းပေးမယ်ဆိုပြီးပြောတယ်။ အခုထိ လာမဖြေရှင်းပေးသေးဘူး။ လယ်မရတဲ့ ၃ ယောက်မှာ တယောက်က သူတို့ဘာပြော လိုက်လည်းတော့မသိဘူး။ ကျေအေးသွားတယ်။ အခု အဲဒီနေရာမှာ ဘယ်သူမှ လုပ်ခွင့် မပေးဘူး။” ဟု ကေအိုင်စီသို့ ပြောသည်။
ထိုသို့ ပြန်လုပ်ခွင့်မရခြင်းအပေါ် ဖြေရှင်းပေးရန် ၂၀၁၆ ခုနှစ် ဇူလှှိုင်၂၅ ရက်နေ့တွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် အပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူများထံ စာရေးသားတင်ပြထားသော်လည်း လက်ရှိအချိန်ထိ တစုံတရာ ပြန် လည်အကြောင်းပြန်ခြင်းမရှိသေးကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ကရင်ပြည်နယ် စိုက်/မွေးနှင့်ဆည်မြောင်းဝန်ကြီး စောမြင့်ဦးက “ ဒီကိစ္စကို ကျနော် မသိပါလား။ စာတင်ထားတယ်ဆိုတော့ ကျနော်ဆီတော့ မရောက်ဘူး။ ဒါဆိုရင် အဲဒီကျန်တဲ့ ၃ဦးကို ရုံးကို လာခိုင်းလိုက်ပါ။ ကျနော်တို့ ပြန်လည်စစ်ပေးမယ်။ လုပ်ခွင့်မရသေးဘူးဆိုရင် ပြန်ညှိနှှိုင်း ပေးမယ်” ဟု ကေအိုင်စီသို့ ဇွန် ၁၉ ရက်နေ့တွင် ပြောသည်။
၂၀၁၆ ခုနှစ်၊ ဇွန် ၁၇ ရက်နေ့တွင် ကရင်ပြည်နယ် အစိုးရ၊ လယ်ယာစီမံခန့်ခွဲမှုကော်မတီက ပြည်နယ်အတွင်း တပ်မတော်၊ အမှတ်(၃၃၈) နှင့် (၃၃၉) ခြေမြန်တပ်ရင်း၊ ပြည်နယ်အကျဉ်းဦးစီးဌာနနှင့် ယခင် အမှတ်-၂ စက်မှု ဝန်ကြီး ဌာနတို့ သိမ်းယူထားသည့် မြေများမှ မြေ ၂၃၂ ဒသမ ၄ ဧကကို လယ်သမားများထံ ယာယီလုပ်ပိုင်ခွင့် ပြန်ပေးပြီး လယ်မြေပြန် ရသူများ အနေဖြင့် တရားဝင်အမည်ပေါက်ပုံစံ (၇)ပြန်လည်ပြုလုပ်ရသည်ဟု လယ်သမားများထံမှ သိရသည်။