မေ ၂၅ ရက်၊ ၂၀၁၇ ခုနှစ်။ စောရှား
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်းရော်ဒေသ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီများ စုပေါင်း ဖွင့်လှစ်သည့် ၇ ကြိမ်မြောက် ကရင်အခြေခံပညာ အလယ်တန်းဖတ်စာ မိတ်ဆက်သင်တန်းဆင်းပွဲကို မေ ၂၃ ရက်တွင် ထွိမောင်ထိုရွာရှိ သင်တန်းခန်းမဆောင်၌ ကျင်းပပြီးစီးသွားပြီးဖြစ်သည်။
အဆိုပါ သင်တန်းကို အစိုးရ အခြေခံပညာကျောင်းများတွင် ကရင်ဘာသာစကား အလယ်တန်းအဆင့် သင်ကြားမည့် အချိန်တွင် ဖတ်စာအုပ်နှင့် သင်ကြားမည့် ဆရာများ အဆင်သင့် ဖြစ်နေစေရေး အတွက် ရည်ရွယ် ဖွင့်လှစ်ခြင်းဖြစ်သည်ဟု သင်တန်းမှူး စောယောင့်သာအဲဆန်က ကေအိုင်စီသို့ ယခုလိုပြောသည်။
သူက “ပြောင်းလဲလာတဲ့နိုင်ငံရေးစနစ်အရ တိုင်းရင်းသားအရေးတွေလုပ်ဖို့ တိုင်းရင်းသားရေးရာ ဌာနတွေ လည်းရှိလာပြီး။ တစ်နေ့ တိုင်းရင်းသားစာပေ သင်ရတော့မယ်ဟေ့ဆိုရင် ကရင်မှာက မူလတန်းအဆင့်ပဲရှိပြီး အလယ်တန်းနဲ့ အထက်တန်းက ဘာမှမပြုစုထားတာမျိုးမဖြစ်အောင်၊ လူထုတွေကို ဒီစာနဲ့ထိတွေ့ ယဉ်ပါး သိရှိ လာအောင်၊ ဘာမှ မိတ်ဆက်သင်ကြားထားခြင်းမရှိဘူးဆိုရင် ချက်ချင်း ကျနော်တို့ဘာမှမလုပ်နိုင်ဘူး။ အဲဒီအတွက် လုပ်လို့ ရနိုင်အောင် ဒီသင်တန်းကို ရည်ရွယ်ဖွင့်ရခြင်းဖြစ်တယ်” ဟု ပြောသည်။
ထို့အပြင် ကရင်ဖတ်စာ အထက်တန်းအဆင့်အား ပြုစုထားပြီး အတည်ပြုပြီးသည့်အခါ နောင်လာမည့် ၈ ကြိမ် မြောက် သင်တန်းတွင် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း ဖတ်စာ မိတ်ဆက်သင်တန်းဟု ပြောင်းလဲ တိုးချဲ့ ဖွင့်လှစ်ရန် ရှိကြောင်း စောယောင့်သာအဲဆန်က ဆက်ပြောသည်။

မေ ၁၃မှ ၂၂ ရက်နေ့အထိ ဆယ်ရက်ကြာ ဖွင့်လှစ်သည့် သင်တန်းသို့ သင်တန်းသူ၊ သင်တန်းသား ၂၀ဝ ကျော်နှင့် သင်တန်းဖြစ်မြောက်ရေး ကော်မတီဝင်များ ဆရာ၊ ဆရာမများ စုစုပေါင်း ၅ဝ ဦးခန့်က ဦးဆောင်သင်ကြားပေးခဲ့ပြီး သင် တန်းတွင် ၅ တန်းနှင့် ၆ တန်းအား တန်းခွဲတစ်ခုအဖြစ်လည်းကောင်း၊ ၇ နှင့် ၈တန်းကို တန်းခွဲ တစ်ခုဖြစ်လည်းကောင်း သီးခြားဖွင့်လှစ်ခဲ့သလို ယဉ်ကျေးမှုရေးရာအတွက် တန်းခွဲတစ်ခုလည်း သီးခြား ဖွင့်လှစ်ပေးခဲ့ကြောင်း သင်တန်းတာဝန်ခံများက ပြောသည်။
ယင်းသင်တန်းကို သုံးကြိမ်မြောက်တက်ရောက်လာသူ သင်တန်းသား စောရှားလမောင်က “ ခါတိုင်းနှစ်က ယဉ်ကျေးမှု အပိုင်းသင်ရင် ယဉ်ကျေးမှုအကြောင်းနဲ့ဒုံးပဲ ကရတယ်။ ဒီနှစ်က ဒုံးဘာသာရပ်နဲ့ အလယ်တန်း စာနည်းနည်းလေ့လာရပြီး စာမေးပွဲပါ ဖြေရတယ်။ နောက်နှစ်တက်ဖြစ်ရင် မတက်ခင် စာတွေပါလေ့လာထားရ တော့မယ်” ဟု ကေအိုင်စီသို့ ပြောသည်။
သင်တန်းဆင်းပွဲ အခမ်းအနားသို့ ကရင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ သင်တန်းကော်မတီနှင့် သင်တန်းသူ၊ သင်တန်းသားများ ဒေသခံများ အပါအဝင် စုစုပေါင်း ၄၀ဝ ဦးကျော် တက် ရောက်ကာ စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာဆုများ အသီးသီး ချီးမြှင့်ခဲ့သည်။ အဆိုပါ ကရင်ဖတ်စာအုပ် မွမ်းမံသင်တန်းကို ၂၀၁၁ ခုနှစ်မှစတင်ကာ နှစ်စဉ်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သင်တန်းကော်မတီဝင်များထံမှ သိရသည်။



















