မေလ ၂၅ ရက်၊ ၂၀၁၇ ခုနှစ်။ စောညွန့်သောင်း
တိုင်းရင်းသားများတောင်းဆိုနေသည့် အစိုးရစစ်တပ်မှ တပ်စခန်းများ ရုပ်သိမ်းပေးရေးသည် နိုင်ငံရေးအရ ခိုင်မာမှုရှိမှသာ ဖြစ်လာလိမ့်မည်ဟု ပြည်ထောင်စု ငြိမ်းချမ်းညီလာခံ ၂၁ ရာစု ပင်လုံဒုတိယအစည်းအဝေးသို့ တက်ရောက်လာသည့် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တွင် ဦးဆောင်ပါဝင်နေသူများက ပြောကြားလိုက်သည်။
ကရင်အမျိုးသားအစည်းအရုံး(KNU)ထိန်းချုပ်ရာ နယ်မြေတွင်ပါဝင်သည့် ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်း စခန်းချ ထားသည့်အတွက် မြန်မာ့တပ်မတော်၏ တပ်စခန်းများ ပြန်လည်ရုပ်သိမ်းပေးရန်အတွက် ဒေသခံတစ်ထောင်ခန့်နှင့် IDP ပြည်တွင်းပုန်းရှောင် ဒုက္ခသည် သုံးထောင်ခန့်က ပြီးခဲ့သည့် မေလ ၁၅ ရက်နှင့် ၂၄ရက်နေ့တို့တွင် ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြသည်။
တစ်နိုင်ငံလုံးပစ်ခိုက်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင်တပ်နှင့် တပ်မတော်တို့ကြားတွင် လက်ရှိအချိန်ကာလသည် အပစ်ရပ်စဲထားသည့် အဆင့် သာရှိနေသေးသဖြင့် ယုံကြည်မှုတည်ဆောက်သည့် ကာလဖြစ်ခြင်းကြောင့် နိုုင်ငံရေးအရ ခိုင်မာမှုရှိမှသာ တပ်စခန်း များဆုတ်ခွာသည့် အဆင့်သို့ရောက်ရှိမည်ဖြစ်သည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူး တွဲကော်မတီ(UPDJC) အတွင်းမှူးအဖွဲ့ဝင် ဒေါက်တာမင်းဇော်ဦးက ကေအိုင်စီသို့ ပြောသည်။
“တပ်ဆုတ်တယ်တို့ တပ်ခွာတယ်တို့ တစ်ဘက်ကလည်း ကျနော်တို့စစ်တိုက်စရာမလိုတော့ဘူး ။ သေနတ် ဖြုတ် တယ်ဆိုတဲ့ကိစ္စတွေက နိုင်ငံရေးအရခိုင်မာတဲ့ သဘောတူညီချက်တွေရပြီးမှ ဒါတွေက ဖြစ်လာနိုင်မယ်”ဟု ၎င်းက ပြောသည်။

တပ်စခန်းများပြန်လည်ရုပ်သိမ်းရေးကိစ္စနှင့်ပတ်သက်၍ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘော တူစာချုပ် (NCA)အရ ဖွဲ့စည်းထားသည့် ပြည်ထောင်စုအဆင့်ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ(JMC-U)တွင် အစိုးရစစ်တပ်ကိုယ်စားလှယ်နှင့် တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်များ လည်းပါဝင် သည့်အတွက် တပ်နေရာချထားရေးကိစ္စရပ်များကို ကျေလည်မှုရရှိသည့်အထိ ဆွေးနွေးဆောင်ရွက်ရန်လိုအပ်သည်ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဌ ခွန်မြင့်ထွန်းက ကေအိုင်စီသို့ ပြောသည်။
၎င်းက“ဒီကိစ္စကတော့ ထိလွယ်ရှလွယ်တဲ့ကိစ္စပေါ့လေ။ လုံခြုံရေးကဏ္ဍကိစ္စရပ်တွေက လက်ဆက်ပြီးတော့ ညှိနှိုင်း ဆွေးနွေးဖော်ဆောင်ရမှာဖြစ်ပါတယ်။ သူတို့ (နှစ်ဘက်လက်နက်ကိုင်အဖွဲ့တွေ)ဒီညီလာခံမှာ လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်တွေမှာ အားလုံးကို ဆွေးနွေးညှိနှိုင်းပြီးတော့ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ် ”ဟု ပြောသည်။
မေလ ၂၄ ရက်က တပ်များပြန်လည်ရုပ်သိမ်းပေးရေး ဆန္ဒထုတ်ဖော်မှုတွင် ၎င်းတို့နယ်မြေများ အ တွင်း တပ်စခန်းများအားလုံး ပြန်လည်ရုပ်သိမ်းပေးရေးအပြင် လွတ်လပ်စွာလုပ်ကိုင်စားသောက်ခွင့်ရရှိရေး နှင့် မိမိနယ်မြေကို မိမိတို့ ကရင်ခေါင်းဆောင်များသာ စီမံအုပ်ချုပ်ခွင့်ရရှိရေးစသည့်တို့ကိုပါ ကြွေးကြော်တောင်း ဆို ဆန္ဒထုတ် ဖော်ခဲ့ကြခြင်းဖြစ်သည်။
အပစ်ရပ်သဘောတူစာချုပ် လက်မှတ်ရေးထိုးပြီးနောက်တွင် ကရင်ပြည်နယ်အတွင်း စစ်တပ်ဗျူဟာတစ်ခုကို လည်း ကောင်း၊ ကယားပြည်နယ်ဘက်တွင်းရှိ တပ်မတစ်ခုကိုလည်းကောင်း ရုပ်သိမ်းပေးခဲ့သည်ဟုလည်း ဒေါက်တာ မင်းဇော်ဦး က ပြောသည်။



















