မေ ၂၅ ရက်၊ ၂၀၁၇ ခုနှစ် ၊ စောမြတ်ဦးသာ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ယခုနှစ်ရာသီအတွင်း ရှောက်၊ သံပုရာ အသီးအထွက်နှုန်းတိုးပြီး ဈေးနှုန်းမရှိသည့်အတွက် တောင်သူများ စားဝတ်နေရေး အခက်ကြုံနေရဟု ရှောက်၊ သံပုရာ စိုက် တောင်သူများက ပြောသည်။
မိုးဦးကာလတွင် ရှောက်၊ သံပုရာ အသီးထွက်ချိန်ဖြစ်သော်လည်း ဈေးနှုန်းမရှိသည့်အတွက် စားဝတ်နေရေးနှင့် ကလေးပညာရေးစရိတ် ထောက်ပံ့ပေးရန် အခက်အခဲရှိသည်ဟု ကြာအင်းကြီးရွာမှ တောင်သူ စောအတီးက ယ နေ့ (မေလ ၂၅ ရက်နေ့)တွင် ကေအိုင်စီသို့ ပြောသည်။
“မိုးဦးကျတော့ ရှောက်၊ သံပုရာ အသီးပေါတယ်။ အနုသီးတွေများတယ်။ အရည်သိပ်မထွက်သေးဘူးပေါ့နော်။ ရှောက်သီးအလုံးကောင်းရင် ၅ဝ ကျပ်၊ သံပုရာသီး အလုံးကြီးမှ ၁ဝ ကျပ်ပဲ ဈေးရတယ်။ ကလေးတွေ ကျောင်း ဖွင့်ရာသီလည်း ဖြစ်နေတော့ စရိတ်ထောက်ပံ့ပေးဖို့ရော ဆန်၊ ဆီ၊ ဆားတွေ ဝယ်စုထားရမှာနဲ့ အခက်အခဲရှိ တာပေါ့”ဟု တောင်သူ စောအတီးက ပြောသည်။
ပြီးခဲ့သည့် နွေရာသီအချိန်က ရှောက်၊ သံပုရာ အသီးတစ်လုံး တစ်ရာကျပ်နှင့်အထက် ဈေးနှုန်းရှိသည့်အတွက် စားဝတ်နေရေး အဆင်ပြေကြောင်း၊ လာမည့် အောက်တိုဘာလတွင် အသီးအရည်ထွက်များလာမည့်အတွက် ဈေးနှုန်းပြန်တက်လာနိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ဆက်ပြောသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကြာအင်းကြီး၊ မီးလောင်ချောင်း၊ ကြခတ်ချောင်း၊ တဂေး၊ သမခ၊ တံတားဦး၊ အလယ်ရွာ၊ အုန်းတစ်ပင်၊ ဂုန်ဘီ၊ နတ်ချောင်းဖျား၊ တမလဲနှင့် ကဆတ်ကျေးရွာများတွင် သဘာဝနည်းဖြင့် ရှောက်၊ သံပုရာ အများဆုံးစိုက်ပျိုးကြပြီး သဘာဝသီးဖြစ်တဲ့အတွက် အနံ့၊ အရည် ထွက်မှုများမှာ အခြားဒေသ ထွက်ကုန်ထက် လူကြိုက်များသည်ဟု အဝယ်ဒိုင်ထံမှ သိရသည်။
ကြာအင်းဆိပ်ကြီးမြို့ ရှိ ရှောက်၊ သံပုရာအဝယ်ဒိုင် ဒေါ်ရွှေစင်ခိုင်က “အခုရာသီက အသီးအရမ်းပေါတဲ့ချိန် ဖြစ် တယ်။ တစ်ရက်ကို အိတ် ၅ဝ လောက်ဝင်တယ်။ ရှောက်သီးအလုံးကောင်းမှ ၅ဝကျပ် သံပုရာသီးဆိုရင် ၁ဝ ကျပ်ပဲ ဈေးရှိတယ်။ ဒိုင်ကြီးတွေမှာလည်း သူတို့လိုသလောက်ပဲ ပို့ရတယ်ဆိုတော့ အရောင်းအဝယ်အေးပြီး အမြတ်အစွန်းနည်းတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ယခင်လက တစ်ရက်လျှင် ၁ဝ အိတ် ဝန်းကျင်သာ ရောင်းဝယ်မှုရှိခဲ့ပြီး အထက်မြန်မာပြည် မင်းလှ၊ တိုက်ထီး၊ မန္တလေးဘက်မှ သံပုယို အသီးထွက်ချိန်ဖြစ်ပြီး ကုန်ထုတ်လုပ်သည့် အနေထားပေါ်မှာသာ ဈေးကွက် တင်ပို့ ပေးရသည့်အတွက် ရောင်းဝယ်မှုနည်းပြီး ဈေးနှုန်းမရှိခြင်းဖြစ်သည်ဟု ဒေါ်ရွှေစင်ခိုင်က ပြောသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်မှ ထွက်ရှိသည့် ရှောက်၊ သံပုရာသီးအများစုမှာ မော်လမြိုင်၊ ရန်ကုန်သို့ အဓိက တင်ပို့ကြပြီး ဆေးဝါးဖော်စပ်ရာတွင်လည်းကောင်း၊ စားသုံးကုန်ထုတ်လုပ်ရာတွင် လည်းကောင်း၊ အဓိက အသုံးပြုနေကြသည်။ ကြာအင်းဆိပ်ကြီးမြို့နယ်အနေဖြင့် ရှောက်၊ သံပုရာ စိုက်ဧကပေါင်း သောင်းနီးပါး ရှိမည်ဟု သိရှိရသည်။