မေ ၃၁ ရက်၊ ၂၀၁၇ ခုနှစ်။ ကေအိုင်စီ
ယခင်နှစ်က ဖြစ်ပွားခဲ့သည့် မဲ့သဝေါဒေသ တိုက်ပွဲများကြောင့် ထိုင်း-မြန်မာနယ်စပ် လှိုင်းဘွဲမြို့နယ်၊ ထီးသေ့ခီးနှင့် နော်တ ကျေးရွာတိုု့တွင် လအတန်ကြာ ထွက်ပြေးခိုလှုံနေသည့် စစ်ဘေးရှောင်များမှာ ယခုအချိန်ထိ နေရပ်မပြန်နိုင်သေးဘဲ လတ် တလောတွင် စားနပ်ရိက္ခာအရေးပေါ် အကူအညီများလိုအပ်လျှက်ရှိသည်ဟု ၎င်းဒေသရှိ စစ်ဘေးရှောင်များက ပြော သည်။
၂၀၁၆ ခုနှစ်၊ စက်တင်ဘာလက မဲ့သေဝါဒေသ၌ အစိုးရတပ်မတော်၊ နယ်ခြားစောင့်တပ် (BGF)နှင့် တိုးတက်သော ဗုဒ္ဓဘာ ကရင်အမျိုးသားတပ်မတော် (DKBA)တို့အကြား စစ်ရေးပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ၎င်းစစ်ဘေးရှောင် များမှာ မြေမြုပ်မိုင်းအန္တရာယ်ကြောင့် ယခုအချိန်ထိ နေရပ်ကိုမပြန်နိုင်သေးဘဲ စစ်ရှောင်စခန်းတွင် အဆင်ပြေသလို ခိုလှုံနေရသည်ဟု စစ်ဘေး ရှောင်တစ်ဦးဖြစ်သူ စောဘလာထူးက ပြောသည်။
သူက “ကျနော်တို့ ပြန်လို့ရရင် ပြန်ချင်ပါတယ်။ ကြားရတာ ပြန်လို့လည်းမရဲဘူး။ သူတို့တွေ (လက်နက်ကိုင်အဖွဲ့) မြေမြုပ် မိုင်းတွေနဲ့လုပ်ကြတော့ အခြေအနေအသေအချာမသိပဲ ကျနော်တို့ ဘယ်ပြန်ရဲမလဲ။ အခုအချိန်မှာတော့ တစ်ရက် တစ် ရက် လက်လုပ်လက်စားကူလုပ်နေရင်းစားနေရတာပဲ။ ကိုယ်တိုင်ဝယ်စားဖို့ကတော့ မလွယ်ဘူး”ဟု ကေအိုင်စီသို့ ပြော သည်။
အဆိုပါ စစ်ဘေးရှောင်များသည် မဲ့သဝေါဒေသ ဖိုးဆီလယ်၊ စေးဘောကလိုး၊ လယ်ပန်ဒဲနှင့် သေ့ခေါ့ စသည့် ကျေးရွာများ မှဒေသခံရွာသားများဖြစ်ပြီး ယခင်က ထီးသေ့ခီးကျေးရွာ၌ စစ်ဘေးရှောင် အိမ်ထောင်စု (၇၀)ကျော်ရှိသည့်အနက် လက်ရှိ တွင် အိမ်ထောင်စု(၁၇)စုတွင် လူဦးရေ ၉၂ ဦးနှင့် နော်တကျေးရွာ၌ စစ်ဘေးရှောင် ၁၀ဝ ကျော်ခန့်ရှိနေပြီး အများစုမှာ ကလေးသူငယ်များဖြစ်ကာ ပညာရေးအတွက်လည်း အခက်အခဲ များရှိနေသည်ဟု သွာရောက်ကူညီပေးသူများက ဆို သည်။
မေလ ၂၂ ရက်နေ့က ၎င်းစစ်ဘေးရှောင်များအတွက် အစားအသောက်များ၊ ကျောင်းသင်ထောက်ကူ ပစ္စည်းများနှင့် အဝတ်အစားအချို့ကို ပြည်ပရောက် ကရင်လူငယ်များနှင့် သွားရောက်ကူညီလှူဒါန်းပေးရာတွင်ပါဝင်ခဲ့သူ စောမိုရှေးက “သူတို့အခု စားဝတ်နေရေးအတွက် အခက်အခဲရှိနေတုန်းပဲ။ ဘာကြောင့်လဲဆိုတော့ အဲ့မှာလုပ်စားကိုင်စားလို့မရဘူး။ အ လှူရှင်တွေအပေါ်မှာပဲမျှော်လင့်နေရတယ်။ အခုက သူတို့ပြန်ချင်ပေမယ့် မြေမြုပ်မိုင်းကို ကြောက်လို့မပြန်ရဲကြဘူး” ဟု ကေအိုင်စီသို့ ပြောသည်။
ယင်း စစ်ပြေးရှောင်များအတွက် ယခင်က နယ်စပ်အခြေစိုက် လူမှုအဖွဲ့အစည်းများနှင့် ပြည်တွင်း၊ ပြည်ပအလှူှရှင်များ၏ စုပေါင်း အရေးပေါ် ကူညီမှုဖြင့်ရပ်တည်ခဲ့ကြပြီး လက်ရှိတွင် လူမှုအဖွဲ့အစည်းများ၏ အကူအညီများ မရှိတော့ဘဲ ဒေသခံရွာသားများနှင့် အတူလုပ်ကိုင်စားသောက်ရင်း ရပ်တည်နေရသည်ဟု သိရသည်။

အမည်မဖော်လိုသူ ထီးသေ့ခီး ရွာသားတစ်ဦးက“တစ်ဦးဒုက္ခကိုတစ်ဦးက ဒီလိုပဲကူညီပေးရတာပေါ့။ တစ်အိုး စာ လောက်ရှိရင် တစ်အိုးစာလောက်ချက်ကျွေးလိုက်တာပေါ့။ အခုဆိုလည်း ဟိုတစ်နေရာသွားမယ်ဆိုလည်း မိုင်းရှိတယ်၊ ဒီနေရာသွားမယ်ဆိုလည်း မိုင်းရှိတယ်နဲ့ သောင်ရင်းမြစ်တစ်ချောင်းပဲရှိတော့ ဘာလုပ်စားတတ်မလဲ။ အဲ့ဒီမိုင်း တွေမရှိတော့ဘူးဆိုရင်တော့ လွယ်လွယ်ကူကူလုပ်ကိုင်စားသောက် လို့ရတာပေါ့ ” ဟု ပြောသည်။
ကရင်ပြည်နယ်အတွင်း၌ မိုင်းရှင်းလင်းရေးနှင့်ပတ်သက်၍ ကျုံထော်ရေတံခွန်တစ်ဝိုက်နှင့် မြိုင်ကြီးငူဒေသတို့တွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဦးစားပေးနေရာအဖြစ် ရှင်းလင်းရန် ပြည်နယ်အစိုးရက ဆောင်ရွက်လျှက်ရှိသည်ဟု ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနက ယခု မေလဆန်းပိုင်းကပြောဆိုထားခဲ့သည်။
အလားတူ စစ်ရှောင်လူဦးရေ ၅ဝဝဝ ကျော်နှင့် အိမ်ထောင်စု ၁ဝဝဝ ကျော်ခိုလှုံနေကြဆဲဖြစ်သည့် မြိုင်ကြီးငူ စစ်ဘေးရှောင်စခန်း၌လည်း မြေမြုပ်မိုင်းကြောင့် နေရပ်ပြန်မရဲကြဘဲ ယခု မိုးတွင်းကာလဖြစ်၍ အခြေခံအ ဆောက်အအုံများနှင့် စားနပ်ရိက္ခာများ လိုအပ်လျှက်ရှိသည်ဟု စခန်းတာဝန်ရှိ သူများက ပြောသည်။
ယခင်နှစ်၂၀၁၆ ခုနှစ်၊ စက်တင်ဘာလကတည်းက မဲ့သဝေါဒေသ တိုက်ပွဲများကြောင့် ထောင်နှင့်ချီသော စစ်ဘေး ရှောင်များသည် ထီးသေ့ခီး၊ နော်တကျေးရွာအပြင် မြိုင်ကြီးငူ၊ ကလော်ဒဲထာ့ စသည့် စစ်ရှောင်စခန်းများတွင် ထွက်ပြေးခိုလှုံခဲ့ရခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ နေရပ် မပြန်နိုင်သေးသည့် စစ်ရှောင်ဦးရေ (၆ဝဝဝ)ခန့် ခိုလှုံနေရဆဲဖြစ်သည်ဟု ၎င်းတို့ကို အကူအညီပေးနေသည့် အဖွဲ့များထံမှ သိရသည်။



















