မေ ၁၂ ရက်၊ ၂၀၁၇ ခုနှစ်။ စောသိန်းမြင့်
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး နယ်မြေအတွင်း သတ်မှတ်စံနှုန်း မပြည့်မီသည့် ကရင်ပညာရေး ဌာန-KED လက်အောက်ရှိ စာသင်ကျောင်းများကို ဖျက်သိမ်းနိုင်မည့် ပေါ်လစီတစ်ရပ် ရေးဆွဲချမှတ် သွားရန် မေ ၈ ရက်မှ ၁၁ ရက်နေ့အထိ ဖားအံခရိုင်တွင် သေဘေ့ထာစခန်း၌ ပြုလုပ်သည့် KED ၏ ၁၈ ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။
ကရင်ပညာရေးဌာန (KED) အနေဖြင့် စာသင်ကျောင်းများ တည်ထောင်ခွင့် ပေါ်လစီသာရှိပြီး သတ်မှတ် ထားသော စံချိန်စံညွှန်းနှင့် မကိုက်ညီသည့် စာသင်ကျောင်းများကို ပြန်လည် ဖျက်သိမ်းနိုင်မည့် ပေါ်လစီ ချမှတ်ထားခြင်းမရှိသေးသည့်အပေါ် ယခုလုို ပေါ်လစီတစ်ရပ် ရေးဆွဲသွားရန် အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ ခြင်းဖြစ်သည်ဟု (KED) ၏ အတွင်းရေးမှူး စောလောအယ်မူးက ကေအိုင်စီသို့ ပြောသည်။
၎င်းက “အရင်က ရွာပုန်းရွာရှောင်မှာရှိတဲ့ ကလေးတွေကို သင်ကြားနိုင်ဖို့အတွက် အိမ်မှာပဲ ကျောင်းဖွင့်ပြီး စာသင်ကြားတဲ့ကျောင်းတွေကို ကျနော်တို့ဘက်က သွားပြီး အသိအမှတ်ပြုပေးရတာတွေရှိတယ်။ သတ်မှတ် ထားတဲ့ ကျောင်းစံနှုန်းနဲ့ မကိုက်ညီတာရှိတယ်။ အဲလိုကျောင်းမျိုးတွေကို ဖျက်သိမ်းမလား၊ ရွှေ့ပြောင်းမလား၊ အဆင့်လျှော့ချမလားဆိုတာက ကျနော်တို့မှာ ပေါ်လစီမရှိသေးဘူး။ အဲဒါကြောင့် ကျနော်တို့ ပေါ်လစီချမှတ် ဖို့ ဆုံးဖြတ်ခဲ့တယ်။”ဟု ပြောသည်။
အဆိုပါ ပေါ်လစီကို မကြာင်ခင် ပြုလုပ်သွားမည့် ကရင်ပညာရေးဌာန ဗဟိုကော်မတီဝင်များ အစည်းအဝေး တွင် ရေးဆွဲသွားမည်ဖြစ်ပြီး ပေါ်လစီ ရေးဆွဲပြီးလျှင် ကရင်ပညာရေးဌာနမှ သွားရောက် ကွင်းဆင်းလေ့ လာပြီး စံချိန်သတ်မှတ်ချက် မပြည့်မီသည့် မည်သည့် စာသင်ကျောင်းမဆို ပေါ်လစီအရ ကိုင်တွယ်သွား မည်ဟုလည်း စောလောအယ်မူးက ဆက်ပြောသည်။
၎င်းအပြင် ကရင်ပညာရေးဌာန၏ ဌာနဆိုင်ရာ လုပ်ငန်းများ၏ အရည်အသွေးများ၊ အပေါ်လစီများကို မြှင့်တင်သွားရန်၊ ကရင့်ရိုးရာယဉ်ကျေးမှုထိန်းသိမ်းမှုကို ပိုမိုလုပ်ဆောင်သွားရန်၊ ကရင်နယ်မြေရှိ အစိုးရ စာသင်ကျောင်းများအား KEDမှ အကူအညီပေးမှုများကို ပြန်လည်သုံးသပ်သွားရန်၊ လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်အတိုင်း ပညာရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားရန် စသည့် အချက်များအပါအဝင် ဆုံးဖြတ်ချက် စုစုပေါင်း ၃၁ချက်ကို ယင်းအစည်းအဝေးတွင် ဆုံးဖြတ်နိုင်ခဲ့သည်ဟု KEDက ပြောသည်။
၄ ရက်တာ ပြုလုပ်သည့် အစည်းအဝေးသို့ KED ဗဟိုကော်မတီဝင်များ၊ ခရိုင် ၇ခုနှစ်မှ ပညာရေး တာဝန်ခံ များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း -NGOs အဖွဲ့မှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်များ စုစုပေါင်း အယောက် ၅ဝခန့် တက်ရောက်ပြီး KED ပညာရေးဆိုင်ရာ လုပ်ဆောင်ချက်များကို ပြန်လည် သုံးသပ်ခြင်း၊ NGOs အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်မှု၊ ကျောင်းဆရာ၊ ကျောင်းသုံးပစ္စည်း အခက်အခဲနှင့် KED နယ်မြေအတွင်း အစိုးရ ပညာရေးဌာနမှ ဝင်ရောက် လာမှု အခြေအနေများကို အကျယ်တဝင့် ဆွေးနွေးခဲ့သည်ဟု ဆိုသည်။
ညောင်လေးပင်ခရိုင်၊ ကရင်ပညာရေးဌာန တာဝန်ခံ စောခဲလ်ဘိန်းက “ဒီလိုပေါ်လစီတစ်ခု ရှိရင်တော့ ကောင်း တာ ပေါ့။ အရင်က ကျနော်တို့ နားလည်မှုနဲ့ပဲ သွားကြတယ်။ အခု အခြေအနေနဲ့ဆို ပြောင်းလဲ သင့်ပြီ လို့ ယူဆ တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ KED ရဲ့ ပညာရေး အရည်အသွေးကို မြှင့်တင်သင့်ပါပြီ။ ဒီလိုလုပ် ခြင်းအားဖြင့် ကျောင်းသားတွေရဲ့ အရည်အသွေးနဲ့ သတ်မှတ်စံနှုန်းတွေလည်း ပြည့်မီလာမှာဖြစ်ပါ တယ်။”ဟု ပြောသည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနှင့် ယခင် ဦးသိန်းစိန် အစိုးရတို့ကြား လွန်ခဲ့သည့် ၂၀၁၂ ခုနှစ်က ပြည်နယ်အဆင့် ပဏာမ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့ပြီးသည့်နောက်ပိုင်း ကရင်ပညာရေးဌာန ထိန်းချုပ်မှု အောက်ရှိ စာသင်ကျောင်းအချို့ မှာ ထောက်ပံ့မှု အခက်အခဲနှင့် အသိအမှတ်ပြုခံရမှု အပေါ်မှာ အစိုးရပညာရေးဌာနနှင့် သွားရောက်ပူးပေါင်းမှုနှင့် ကြုံတွေ့ရမှုများရှိသည်ဟု ကရင်အမျိုးသား ပညာရေး ဆိုင်ရာ လှုပ်ရှားမှုအဖွဲ့များက ပြောသည်။
ကေအဲန်ယူ၏ လက်အောက်ခံ ဌာန ၁၄ ခု အနက် တစ်ခုဖြစ်သည့် ကရင်ပညာရေးဌာန KEDသည် လက်ရှိတွင် မြန်မာပြည် အရှေ့ဘက်ခြမ်း မြို့နယ် ၂၄ ခုနှင့် ထိုင်း-မြန်မာနယ်စပ် တစ်လျှောက်ရှိ ဒုက္ခသည်စခန်း ၇ခုမှ ကျောင်းသား၊ ကျောင်းသူပေါင်း ၃၅ဝ,ဝဝဝကျော်ကို ပညာရေးဆိုင်ရာ အထောက်အပံ့များ ပေးအပ်လုပ် ဆောင်လျှက်ရှိသည်ဟု KED၏ ဝက်ဘ်ဆိုက် စာမျက်နှာတွင် ဖော်ပြထားသည်။



















